..............................

Monday, May 31, 2010

SNDP အဖို့အခြားတိုင်းရင်းသားများအားစည်းရုံးရန်အဓိက စိန်ခေါ်မှုဖြစ်

Saturday, 29 May 2010 10:32 မွေခေါဝ်
E-mail Print

ဦးစိုင်းအိုက်ပေါင်းဦးဆောင်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအဖို့ သျှမ်းပြည်တောင်ပိုင်း၌ သျှမ်းလူမျိုး မဟုတ်သော အခြား တိုင်းရင်းသားများအား မဲဆွယ် စည်းရုံးရန်မှာ အဓိက စိန်ခေါ်မှုကြီးတခု ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

“ကျားဖြူပါတီ အနိုင်ရခဲ့ရင် အခြားတိုင်းရင်းသားတွေအတွက် ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတဲ့ အာမခံချက် ပေးနိုင်ဖို့ အတွက် အဓိကထား ကြိုးစား စည်းရုံးရမယ်။ တစညပါတီနဲ့ ကြံ့ဖွံ့ပါတီတို့ကျတော့ ဘာသာစာပေ အကြောင်း မပြောပဲ သူတို့ကို မဲပေးဖို့တစ်ခုတည်း လာပြောနေလို့ ဒေသခံလူ သိပ်နားမ၀င်ဘူး”ဟု ပင်လုံ ဒေသခံတစ်ဦးက ပြောပါသည်။

SNDP ခေါ် ကျားဖြူပါတီအဖို့ သျှမ်းပြည်တောင်ပိုင်းအချို့ဒေသများ၌ အခြားတိုင်းရင်းသားများအား မဲဆွယ် စည်းရုံးရန်မှာ အဓိက စိန်ခေါ်မှုဖြစ်ရကြောင်း၊ သာဓကအားဖြင့် လွယ်လင်မြို့နှင့် ပင်လုံမြို့ဆိုလျှင် သျှမ်းလူမျိုးတစ်စုတည်း နေထိုင်သည် မဟုတ်ဘဲ ပအိုဝ်း၊ ယင်းနက်၊ ပလောင်၊ ဗမာနှင့် တရုတ်တို့လည်း နေထိုင်ကြကြောင်း၊ ပအိုဝ်းလူမျိုး လူဦးရေသည် သျှမ်းပြည်တောင်ပိုင်းတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်တွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် SNDP တို့ စတင် လှုပ်ရှား မဲဆွယ် စည်းရုံလာပြီ ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

“လွယ်လင်ခရိုင်နဲ့ ပင်လုံမြို့နယ်ခွဲတွေမှာ ကျားဖြူပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်နဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်တယ်” ဟု မြို့ခံတစ်ဦးကလည်း ပြောကြားပါသည်။

ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် တောင်ကြီး၊ လွယ်လင်နှင့် ပင်လုံမြို့များတွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် လွယ်လင်မြို့နှင့် ပင်လုံမြို့တို့တွင် ပြည်သူလူထုသည် ယနေ့အထိ ရွေးကောက်ပွဲ အကြောင်း စိတ်ဝင်စားခြင်း မရှိဘဲ အချို့ ပါတီများ လိုက်လံ စည်းရုံး မဲဆွယ်နေသည်ကိုပင် သတိ မထားမိကြကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီသည် နအဖအာဏာပိုင်များကိုအားထား၍ တပြည်လုံးတွင်လှုပ်ရှား စည်းရုံးလာသည် သာမက သျှမ်းပြည်နေရာ တော်တော်များများတွင်လည်း စည်းရုံး မဲဆွယ်နေပြီး မြို့ရွာ အကြီးအကဲများအား ပါတီဝင် စုဆောင်းပေးရန်အတင်းခိုင်းစေ နေသည်ဟု ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့