..............................

Friday, June 4, 2010

နျူကလီးယား အရေးကြောင့် ဂျင်မ် ဝက်ဘ် ခရီးစဉ် ရွှေ့ဆိုင်း

Thursday, June 03, 2010

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်သည် ဇွန်လ ၄ ရက် နေ့တွင် မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်း လိုက်သည်။

ယင်းသို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အရေး ဆက်ဆံမှုများ ရှိနေသောကြောင့် ဖြစ်သည်ဟု မစ္စတာ ဂျင်မ် ဝက်ဘ်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၏ အရှေ့အာရှနှင့် ပဖိစိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် သည် ကိုရီးယားနှင့် ထိုင်းနိုင်ငံ တို့သို့ အလည်အပတ် ရောက်ရှိ ပြီးနောက် မြန်မာပြည် ခရီးစဉ်ကို ဆက်လက် လာရောက်ခြင်း မရှိဘဲ ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

“မြန်မာနှင့် မြောက်ကိုရီးယားသည် သံသယရှိဖွယ် နျူကလီးယား သင်္ဘောနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ ထိုအရေး ကိစ္စများကို မရှင်းလင်းဘဲ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်လျှင် အမျှော်အမြင် ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

၄၇ မျက်နှာရှိ အစီရင်ခံစာတစောင်ကို အေပီသတင်းဌာနက မေလ ၂၇ ရက်နေ့တွင် ကိုးကားဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်” ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်က မြန်မာနှင့် အမေရိကန်အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးရေး အတွက် သမ္မတ အိုဘားမား အစိုးရ ကိုလည်း တိုက်တွန်းထားသည်။

“အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာပြည်အကြား ဆက်ဆံရေးတခုလုံးနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်ရန် အလေးအနက် အကြံပြု တိုက်တွန်းလိုပါတယ်” ဟု ထုတ်ပြန် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ မဟာဗျူဟာ ချိန်ခွင်လျှာ မျှရေးနှင့် အမေရိကန်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဆက်ဆံရေး ပိုမို ပွင့်လင်း လာစေရန် တွေ့ဆုံ ဆွေးနွေးရေး ဆက်လုပ်မှ ဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ကိစ္စပြောဆိုရာတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက် ရမည့် တာဝန်လည်း ရှိသည် ဟု ပြန်လည် ပြောကြားခဲ့ဖူးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့