အောင်ထက်   /   ၂၇ မေ ၂၀၁၀
သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ပြီးခဲ့သည့် မတ်လ၌ ကျင်းပပြီးစီးခဲ့သည့် ပထမပြန် စာမေးပွဲတွင်  မေးခွန်းများ ပြင်ပ ပေါက်ကြားမှု သံသယဖြင့် ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးရုံး၊ ဒု-ဦးစီးမှူး ဦးအောင်မြင့်ထွန်းအား  စစ်ဆေးလျက် ရှိသည်ဟု သာသနာရေး ၀န်ကြီးဌာနမှ သိရသည်။
ဦးအောင်မြင့်ထွန်းအား နေပြည်တော် သာသနာရေးဝန်ကြီးရုံးနှင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း  သာသနာရေး ၀န်ကြီးဌာန တို့တွင် မေလ ဒုတိယပတ်မှ စတင်ကာ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သာသနာရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
၎င်းက “မေးခွန်း မပေါက်ကြားအောင် ဆရာတော်ကြီးတွေကိုယ်တိုင် ကြပ်မတ်ပြီး ကွန်ပျူတာရိုက် မေးခွန်း ထုတ်ကြတာ။ ဒီ မေးခွန်း ထုပ်တွေကို ဒု-ဦးစီးမှူး ဦးအောင်မြင့်ထွန်းက တာဝန်ခံ ထုတ်ယူရတယ်။ သူကနေ ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးရုံးကို ယူလာတယ်။ အဲဒီကမှ သက်ဆိုင်ရာ မြို့နယ်အေးချမ်းဖြိုး (မယက) ရုံးတွေကို ပို့ပေးရတယ်။ မယက ကနေ မြို့နယ်အတွင်းရှိ စာဖြေဌာန အသီးသီးကို နေ့ရက်၊ ဘာသာရပ်အလိုက် အဆင့်ဆင့် ပို့ရတာ” ဟု ပြောသည်။
ဌာနတွင်း အရေးယူမှုပြုရန် ဖွဲ့စည်းလိုက်သည့် စစ်ဆေးရေး ဘုတ်အဖွဲ့တွင် ညွှန်ကြားရေးမှူး ဗိုလ်မှူး စိုးမင်းထွန်း (ငြိမ်း)၊ ဗိုလ်မှူး ၀င်းထင်အောင် (ငြိမ်း) တို့ ဦးဆောင်သော အဖွဲ့ဝင် (၇) ဦး ပါဝင်သည်ဟု သိရသည်။
အဆိုပါ ပါဠိ ပထမပြန်စာမေးပွဲတွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ အကျုံးဝင် သက်ဆိုင်ပြီး သတ်မှတ်မြို့နယ်များ အတွင်းရှိ အထက်တန်း ကျောင်းများကဲ့သို့ စာဖြေဌာနများတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည်။
နယ်မှ စာဖြေသံဃာတပါးက “ကျုပ်တို့လည်း  မေးခွန်းတွေပေါက်တယ် ဆိုတဲ့ သတင်းကြားတယ်။ ရန်ကုန် စာဖြေဌာနမှာ ဖြေတဲ့ သံဃာတော်တွေတော့ အကျိုးရှိချင် ရှိမှာပေါ့။ ကျုပ်တို့ဇလွန်မြို့ စာဖြေဌာနမှာတော့ အကြီးတန်း (၆) ပါးဖြေတာ (၁) ပါးပဲ အောင်ပါတယ်” ဟု မိန့်သည်။
လုပ်သက်ရင့် သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းတဦးကလည်း “ပြီးခဲ့တဲ့ (၁၀) နှစ်လောက်ကလည်း  ခုလို မေးခွန်း ပေါက်ကြားမှုမျိုး ဖြစ်ဖူးတယ်။ ၀န်ထမ်း (၃) ဦး အပြစ်ပေး အရေးယူခံခဲ့ရတယ်” ဟု ပြောသည်။
အဆိုပါပြစ်မှုကို ရန်ကုန်တိုင်း သာသနာရေးဦးစီးမှူးရုံး၊ ဒု-ဦးစီးမှူး ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်တာဝန်မှ ရပ်စဲခြင်း သို့မဟုတ် ထောင်ဒဏ်အထိ အပြစ်ပေးအရေးယူခံရဖွယ်ရှိကြောင်း ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။
၂၀၁၀ မတ် (၂၂) ရက် မှ (၃၁) ရက်အထိ ကျင်းပခဲ့သော အဆိုပါ ပထမပြန်စာမေးပွဲ အောင်စာရင်းကို သာသနာရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာပြီးဖြစ်သည်။
စာဖြေ အောင်မြင် သံဃာတော်တို့၏ အမည်စာရင်းများကို စာအုပ်အဖြစ် ရိုက်နှိပ်၍ သက်ဆိုင်ရာမြို့နယ် သံဃမဟာနာယက အဖွဲ့သို့ ပေးပို့ပြီးလည်းဖြစ်သည်။ 
Ref:   ခေတ်ပြိုင်
Friday, May 28, 2010
ပထမပြန် စာမေးပွဲမေးခွန်း ပေါက်ကြားမှု ဒု-ဦးစီးမှူးတဦးအား စစ်ဆေး
Subscribe to:
Post Comments (Atom)









































0 comments:
Post a Comment