..............................

Tuesday, May 25, 2010

နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံဆွေးနွေးရန် UWSA ကို စစ်အစိုးရ ကမ်းလှမ်း

ရန်ပိုင်
Monday, May 24, 2010

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးမှု ပြုလုပ်ရန် ၀ပြည် သွေးစည်း ညီညွတ်ရေး (UWSA) အဖွဲ့အား ပြီးခဲ့သည့် ကြာသပတေး နေ့က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

UWSA အဖွဲ့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရ၏ ရည်ရွယ်ချက်ကို လွဲမှားစွာ နားလည် နေကြောင်း၊ UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ကိုယ်တိုင် ဦးဆောင်၍ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့သို့ လာရောက် ဆွေးနွေးရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် က ကမ်းလှမ်း ခဲ့သည်ဟု နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အချိန် ၊ နေရာ၊ လာတွေ့မည့် လူအရေအတွက်ကို ဥက္ကဋ္ဌ ဦးပေါက်ယူချန်းကိုယ်တိုင် ဆုံးဖြတ်ပါ ဆိုပြီး တိုင်းမှူးက ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်စား ကမ်းလှမ်းတာ”ဟု ၎င်းကဆိုသည်။

ယခုလဆန်းပိုင်း ၉ ရက်နေ့ကလည်း စစ်ဖက်ရေးရာ လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းကြည်တို့ ပန်ဆန်းသို့ ရောက်လာပြီး UWSA ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

UWSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဖြင့် တိုးတက်ဖွံဖြိုးရေးလမ်းကြောင်းကို ချီတက်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အတွင်းမှ မည်သည့် အခါမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို မူအရ ထောက်ခံကြောင်း၊ နယ်စပ် ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အကျိုးစီးပွား အတွက် ပေးဆပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ UWSA အဖွဲ့ ရပ်တည်ချက်ကို ဦးပေါက်ယူချန်း က စာတစောင် ရေးသား၍ စစ်အစိုးရထံသို့ မေလ ၁၀ရက်နေ့တွင် ပေးပို့ ခဲ့သည်ဟု သိရသည်။

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ခေါင်းဆောင်များနှင့်လည်း မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ပြီးခဲ့သည့် ရက်ပိုင်း က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ကြောင်း KIA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် ယနေ့နေပြည်တော်တွင် ပြုလုပ်နေသည့် အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်း အဝေး (လေးလပတ် အစည်းအဝေး)တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ဒေသဆိုင်ရာ တိုင်းမှူးများ အနေဖြင့် အပစ်ရပ်အဖွဲ့များကို ကမ်းလှမ်းခြင်း ဖြစ်နိုင်ကြောင်း တရုတ်မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က သုံးသပ်သည်။

ပြီးခဲသည့် ကြာသပတေးနေ့က ရှမ်းပြည် အရှေ့ပိုင်း မက်မန်းမြို့တွင် ဒေသအတွင်းရှိ ပြည်သူ့စစ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းသည့် အခမ်းအနား ကျင်းပခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့