..............................

Thursday, May 27, 2010

မြန်မာနိုင်ငံမှ လျှပ်စစ် မီဂါဝပ် ၇၀၀ ဘင်္ဂလာဒေခ်ျ့ ၀ယ်ယူမည်

မောင်အေး
5/26/2010

ဘင်္ဂလာဒေ့ခ်ျနိုင်ငံသည် သူ့နိုင်ငံ အတွက် အထူးလိုအပ်နေသည့် လျှပ်စစ်မီးကို မြန်မာနိုင်ငံမှ မီဂါဝပ် ၇၀၀ ၀ယ်ယူကာ ဖြည့်ဆည်း သွားမည် ဖြစ်ကြောင်း နာမည်ကြီး ဘင်္ဂလီ သတင်းစာ The Daily Ittefaq ယနေ့တွင် ရေးသားဖော်ပြသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူရေး ကိစ္စကို ဘင်္ဂလာဒေခ်ျ့ အရာရှိကြီးများက မြန်မာနိုင်ငံမှ လာရောက်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ သဘောတူညီမူ ရရှိခဲ့သည်ဟု သတင်းစာက ရေးသား ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ်အကြံပေးအရာရှိ Dr. Tawfiq-e-Elahi Chowdhury အပါအ၀င် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ ဒါတင် Darton Ltd ကုမ္ပဏီ ဒုတိယ အုပ်ချုပ်ရေးမှူး ဟန်ထန်းလီ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၆ ဦးတို့ တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ မြန်မာအဖွဲ့သည် တနင်္လာနေ့ကလည်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ Power Development Board (PDB)မှ အုပ်ချုပ်ရေးမှုးနှင့် Power Grid Company of Bangladesh (PGCB) ကုမ္ပဏီမှ ညွန်ကြားရေးမှူး နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံမှ လျှပ်စစ်ကို ဖလောင်းချိတ်ခရိုင် မြောက်ဘက် တက်ကနက်မြို့မှ မြန်မာဘက်သို့ ကီလိုမီတာ ၁၀၀ အတွင်း ဓါတ်အားပေး စက်ရုံတခု ထားရှိပြီး ယင်းစက်ရုံမှတဆင့် ဘင်္ဂလာသို့ရောင်းချရန် မြန်မာဘက်မှ ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။

ရခိုင်ပြည်နယ်ရှိ လေးမြို့ချောင်း၊ မအီချောင်းနှင့် စိုင်းတင်ချောင်းမှ ရေအား လျှပ်စစ် မီကာဝပ် ၈၀၀ ထုပ်လုပ်နိုင် မည်ဖြစ်ပြီး အဆိုပါ ၈၀၀ ထဲမှ ၇၀၀ ကို ဘင်္ဂလာဒေခ်ျ့မှ ၀ယ်ယူမည်ဟု အဆိုပါ သတင်းစာမှ ဖော်ပြသည်။

ယခု အစီအစဉ်မှာ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန် ဘင်္ဂလာဒျေ့် အစိုးရမှ စီစဉ်ခဲ့ပြီး နောက်ပိုင်း ပေါ်ထွက်လာသော သဘောတူညီမူ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ယခုအခါ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ရုရှား အကူအညီဖြင့် နျူးကလီယားသုံး ဓါတ်ပေါင်းဖိုများ နိုင်ငံအတွင်းတွင် တည်ဆောက်ရန် စီစဉ်နေပြီး လွန်ခဲ့သော အပတ်ကလည်း အိန္ဒိယ ထရိပူရပြည်နယ်မှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန်လည်း အိန္ဒိယနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့