..............................

Tuesday, May 4, 2010

ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်

ရဲရင့်/ ၃ မေ ၂ဝ၁ဝ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီ အချိန်အတွင်း နအဖတပ်များ ထပ်မံ ထိုးစစ်ဆင်ရန် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင် တပ်မှူးတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ တပ်ရင်းအရာခံဗိုလ် ဗိုလ်ကြီးစောထိခုက “မနေ့တနေ့က ကျနော်တို့ တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅) တပ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျား လှုပ်ရှားတဲ့ ကျနော်တို့ တပ်ရင်းကို ထပ်တိုက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်၊ မကြာခင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ခမရ (၄၀၅) အပါအ၀င် နအဖတပ်များ၏ ထိုးစစ်ကို ပြန်လည် ထိုးစစ်ဆင်နိုင်ရန် အတွက် မိမိတို့ တပ်များကိုလည်း တပ်လှန့် ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် နအဖတပ် ခမရ (၄၀၅) တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ အရာရှိတဦးက “နအဖက တပ်တွေ တိုးချထားတယ်။ ဒီခွင်မှာက ကေအန်အယ်လ်အေ တပ်တွေ အပြင် နအဖရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကို လက်မခံတဲ့ ဒီကေဘီအေက တပ်တချို့ ရှိတယ်။ အဲဒီ တပ်တွေကလည်း နအဖကို ရင်ဆိုင်ဖို့ စစ်ရေး ပြင်တာတွေရှိတယ်။ ဒီခွင်မှာက အချိန်မရွေး စစ်ဖြစ်မယ့် အနေအထားရှိတယ်” ဟု ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီ ရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင် လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံး ဒုက္ခသည် (၁) သောင်းခန့် ထိုင်းဘက်သို့ ရောက်လာနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူသားချင်း စာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။

အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေး ဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချ လှုပ်ရှားကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့