..............................

Friday, May 7, 2010

ကန်တော်ကြီး ဗုံးပေါက်ကွဲမှု တရားခံ (၁) ဦး ဖမ်းမိထားကြောင်း ရဲချုပ်ခင်ရီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား

NEJ/ ၆ မေ ၂ဝ၁ဝ

သင်္ကြန်ကာလက ရန်ကုန်တွင် ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုကို စုံစမ်းဖော်ထုတ်လျက် ရှိရာတွင် တရားခံ တဦးအား ဖမ်းဆီး ရရှိထားကြောင်း နအဖက ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

စစ်အစိုးရက ဖမ်းဆီးရမိထားသူမှာ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) က စေခိုင်းသော ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်နေ အသက် (၃၁) နှစ်အရွယ် ကိုဖြိုးဝေအောင် ခေါ် မိုဟာမက်ယှာဗန်ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရဲချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောကြားခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တပတ်အကြာတွင် ကိုဖြိုးဝေအောင်အား ဖမ်းမိခြင်းဖြစ်ကြောင်း၊ ၎င်းသည် AGTI (EP) ဘွဲ့ရဖြစ်ပြီး ၂ဝဝ၆ ခုနှစ်၌ တောင်ဥက္ကလာပမြို့နယ် ဆာကူရာ ဆောက်လုပ်ရေးတွင် အင်ဂျင်နီယာ တဦးဖြစ်ကြောင်း၊ ထိုအချိန်က စွမ်းအားမြှင့်အဖွဲ့မှ ကိုသူရဇော် ခေါ် ကိုသီဟဇော်နှင့် ရင်းနှီးကာ ကန်ထရိုက် လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ခဲ့ကြောင်း မှတ်တမ်းများကို ကိုးကားပြီး ရဲချုပ်ခင်ရီက ရှင်းလင်း ခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်၌ ကန်တော်ကြီးကန်ပတ်လမ်းရှိ X20 သင်္ကြန် ရေကစား မဏ္ဍပ်ရှေ့တွင် လက်ပစ်ဗုံး (၃) လုံးကို VBSW အဖွဲ့ဝင် (၃) ဦးက ဖောက်ခွဲခဲ့သည်ကို ကိုဖြိုးဝေအောင်က ပတ်ဝန်းကျင်အား စောင့်ကြည့်ခဲ့သူဖြစ်ကြောင်း ရဲချုပ်ခင်ရီ က ပြောသည်။

ကိုဖြိုးဝေအောင်သည် ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ VBSW အဖွဲ့ထံသို့ (၂) ကြိမ် သွားရောက်ကာ ဖောက်ခွဲရေး သင်တန်း တက်ခဲ့ကြောင်းလည်း ရဲချုပ်က ပြောကြောင်း သိရသည်။

အဆိုပါ ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း အပါအ၀င် လူ (၁ဝ) ဦးသေဆုံးပြီး လူပေါင်း (၁၇ဝ) ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့