..............................

Thursday, May 6, 2010

ရွေးကောက်ပွဲအတွက် တပြည်လုံးမြို့နယ်တိုင်း ကြံ့ဖွံ့ပါတီဝင် စာရင်း ကောက်ရန် ညွှန်ကြား

Wednesday, 05 May 2010

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ ပါတီဝင်များ၊ မြို့နယ် EC များ စာရင်းပြုစုပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ရာထား သတ်မှတ်ကြရန် ခယက၊ မယကတို့မှ တဆင့် ညွှန်ကြား ထားကြောင်း စုံစမ်း သိရှိရသည်။

ဧပြီလနှောင်းပိုင်းစ၍ မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ မြို့နယ်တစ်မြို့နယ်လျှင် ကြံ့ဖွံ့ ပါတီဝင်(၂၅၀)ယောက်၊ ပါတီဝင်များထဲမှ မြို့နယ် စည်းရုံးရေး ကော်မတီ EC (၅)ယောက်၊ ထို(၅)ယောက်ထဲမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း (၁) ယောက်စီ ရွေးချယ် စာရင်းပြုစု တင်ပြကြရန် နေပြည်တော်မှ ပုံစံဖောင်များပို့ပြီး ညွန်ကြားထားကြောင်း မိုင်းတုံဒေသခံ တစ်ဦးကဆိုသည်။

လွန်ခဲ့သည့်အပတ်နအဖ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့်အဖွဲ့ ဦးဆောင်သည့် နိုင်ငံရေးပါတီ အသွင်ပြောင်း ကြံ့ဖွံ့ပါတီသည် ကုန်သည်ကြီးများ အသင်း အစည်းအဝေးခေါ် ဆွေးနွေးစဉ် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အတွက(နိုင်ငံတော်ပိုင် ငွေများ သုံးစွဲခွင့် မရှိသောကြောင့်) ပါတီ ရန်ပုံငွေရရန် အလှူငွေ ကောက်ခံရေး တောင်းဆိုခြင်း ဖြစ်သည်ဟု သိရှိရသည်။

မြို့နယ်အသီးသီးရှိ ကုန်သည်များ၏ အမည်စာရင်းကိုလည်း ပြုစုပေးပို့ရမည်ဟု ညွှန်ကြားထား ကြောင်းလည်း စုံစမ်းသိရှိရသည်။

“တချို့ကလဲ ဘာအကြောင်းမှ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက် ကမ်းလှမ်းချက်ကို ချက်ချင်း လက်မခံကြဘူး။ ဒီရွေးကောက်ပွဲက NLD နဲ့ SNLD ပါဝင် မယှဉ်ပြိုင်ဘူးဆိုရင် အဓိပ္ပါယ်မရှိဘူး။ အပြေးပြိုင်ပွဲမှာ သူတစ်ယောက်တည်း ပြေးပြီး အနိုင်ရတာနဲ့ တူနေတယ်” ဟု စည်းရုံးခံရသူ ကုန်သည်တစ်ဦးက ပြောပါသည်။

“စစ်အာဏာရှင်တွေ အာဏာတာရှည် ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦးပြောင်းတဲ့နည်း အတိုင်း လုပ်ရတာပဲ” ဟု ဗကပ ရဲဘော်ဖိုးသံချောင်း၏ ကိုယ်ပိုင်အမြင် ဆောင်းပါးကလည်း ဖော်ပြထားသည်။

နအဖ၀န်ကြီးချုပ်သိန်းစိန်က စစ်ဝတ်စုံချွတ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဧပြီ ၂၉ ရက်နေ့တွင် ပါတီမှတ် ပုံတင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့