..............................

Wednesday, March 24, 2010

စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေကို NLD ဝေဖန်ပြောဆို

ကိုဝိုင်း
အင်္ဂါနေ့၊ မတ်လ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ ကျင့်စဉ်များ၊ လွတ်လပ်မှုများ၊ တရားမျှတမှုများ မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ယနေ့ အထူးကြေညာချက် ထုတ်ပြန်ကာ ဝေဖန် ပြောဆိုလိုက်သည်။

ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့၏ ယမန်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်သည့် အချက် ၇ ပါ အထူး ကြေညာချက် အမှတ် ၂/၀၃/၁၀ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈ (ဋ) တွင် ဖော်ပြထားသည့် “နိုင်ငံရေး ပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း” ဟု ကော်မရှင်အား လုပ်ပိုင်ခွင့် ပေးထားခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လွတ်လပ်စွာ စည်းရုံး ဖွဲ့စည်းခွင့်၊ စုဝေးခွင့်၊ စည်းဝေးခွင့်များကို ကန့်သတ် ချုပ်ချယ်ခြင်း ဖြစ်သည်ဟု သုံးသပ် ပြောဆိုထားသည်။

ထို့ပြင် ပါတီ တည်ထောင်လိုသူများသည် “ထောင်ဒဏ် ကျခံနေရသူ မဟုတ်ခြင်း” ဟု သတ်မှတ်သည်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁၀ မှ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းနှင့် နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်း ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲ နေသည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၇ တွင်လည်း “ကော်မရှင်နှင့် အဖွဲ့ဝင်များ၊ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်နှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ခုံအဖွဲ့နှင့် ခုံအဖွဲ့ဝင်များ၊ မဲရုံမှူးများ အပါအဝင် မဲရုံ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ အတွက် တရားမကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားစွဲဆိုခြင်း မခံထိုက်စေရ” ဟု ပြဋ္ဌာန်းထားသည်မှာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှမှု မရှိစေရန်၊ အာဏာပိုင်တို့ စိတ်ကြိုက် လုပ်ဆောင်နိုင်စေရန် အာဏာပိုင်တို့က ရွေးချယ်ခန့်ထားမည့် ပုဂ္ဂိုလ်များအား အကာအကွယ် ပေးထားသကဲ့သို့ ဖြစ်နေကြောင်းလည်း ထောက်ပြထားသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၁ (က) တွင် နဝတ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၁၄/၈၉ ကို ရုပ်သိမ်းလိုက်ပြီး ပုဒ်မ ၉၁ (ခ) တွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီတော့ သဖြင့် အလိုအလျောက် ပျက်ပြယ်ကြောင်း ဖော်ပြထားချက်သည်လည်း တရားနည်းလမ်း မကျဘဲ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ အရ ပြည်သူ့ လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးခြင်း မရှိသေးသည့်အတွက် ယင်းရွေးကောက်ပွဲ ရလဒ်သည် အလိုအလျောက် ပျက်ပြယ်ခြင်း မရှိကြောင်းလည်း ရေးသားထားသည်။

ယင်းသို့ တရားမျှတမှု မရှိသည်ကို သုံးသပ်တွေ့ရှိရသဖြင့် NLD ဥက္ကဋ္ဌ ဦးအောင်ရွှေက နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ၂၀၀၈ ခုနှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅ (က) (ဇ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နှင့် ၅၄ တို့အရ ရန်ကုန် တရားရုံးချုပ်တွင် ယနေ့ တရား စွဲလိုက်ကြောင်းနှင့် သို့သော် တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “စီရင်ပိုင်ခွင့်” မရှိဟု ဆိုကာ အမှုတွဲကို ပြန်ပေးလိုက်ကြောင်း နိဂုံးချုပ်ပြီး ကြေညာလိုက်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့