..............................

Saturday, March 27, 2010

မမေ့နိုင်သော ပုံရိပ်များ - ၁

မောင်မိုး
March 27, 2010

၂၀၀၅ ခုနှစ်လောက်ကပေါ့ဗျာ။ ကျွန်တော် အဲဒီတုန်းက တပ်မမှူး တစ်ယောက်ရဲ့ ယာယီကိုယ်ရေး အရာရှိ လုပ်နေတဲ့ အချိန်ပေါ့။ ယာယီလို့ ပြောရခြင်း အကြောင်းအရင်းက ဒီလိုပါ။ အဲဒီမတိုင်ခင်က ကျွန်တော်က တပ်ရေးဗိုလ်ကြီး တာဝန် ထမ်းဆောင်နေတာဗျ။ တပ်ရေးဗိုလ်ကြီးဆိုတော့ တော်တော်ကို စိတ်ပျက်ငြီးငွေ့ဖွယ်ရာ ကိစ္စတွေကို မနက် မိုးလင်းကနေ မိုးချူပ် စိတ်ဆင်းရဲခြင်း များစွာနဲ့ လုပ်နေရတာ။ မင်္ဂလာ မရှိတဲ့ နေ့ရက်များ လို့တောင် ပြောချင်ပါတယ်။ မနက်မိုးလင်းလို့ တပ်ရင်းမှူးဆီကို သွားရင် "ငါ ... -ီး ဆိုတာနဲ့ နိဒါန်း ဖွင့်ပြီးအဆဲခံ၊ ညဘက် တစ်နေ့တာ ပြီးစီးမှုနဲ့ နောက်တစ်နေ့အတွက် တပ်ရင်းမှူးရဲ့ သြ၀ါဒနာခံရပြီး "ငါ.... -ီး "ဆိုတဲ့ အဆဲ စကားတွေနဲ့ တစ်နေ့တာ ကုန်ဆုံးရပါတယ်။ အဆဲမခံရတဲ့နေ့က လက်ချိုးရေလို့တောင် ရပါတယ်။ ဒီတပ်ရေးဗိုလ်ကြီး ဘ၀မှာ ကျွန်တော်က တော်တော်စိတ်ကုန်ပြီး တပ်မတော်ကနေ နှုတ်ထွင်ခွင့် တင်လိုက်မိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နှုတ်ထွက်စာက အပေါ်ထိမရောက်ဘဲ တပ်မမှူးဆီမှာ သွားပြီး သောင်တင်နေတယ်။ တင်ရခြင်း အကြောင်းအရင်း က...။

တပ်မမှူးက ကျွန်တော့်ကို တော်တော်လေး ချစ်တယ်။ ချစ်ရတဲ့ အကြောင်းအရင်းက သူ့တပ်မမှာ တပ်သစ်တွေကို ကျွန်တော်က တပ်ရင်းမှူးတွေ မရှိဘဲ ပေးတဲ့တာဝန် အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ပါပဲ။ တင်းမာ ခက်ထန်ပြီး စကားကြော မရှည်တဲ့ တပ်မမှူးကို ကျွန်တော်တို့ အားလုံး ဖြုံပြီး ထုံသွားလောက်အောင် ကြောက်ရပါတယ်။ သူ့မှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ သူ့သားက ကျွန်တော့်ထက် ငယ်ပေမယ့် အရွယ်ချင်း သိပ်မကွာလို့ သူငယ်ချင်းတွေလို ဖြစ်နေကြတယ်။ ဒါပေမဲ့ "ငါ..တပ်မမှူးသား" ဆိုတဲ့ မာန်မာနလုံးဝ မရှိဘူး။ ပေါင်းလို့သင်းလို့ အဆင်ပြေတယ် ဆိုပါတော့ဗျာ။ ကျွန်တော်က အဲဒီတုန်းက ၂၄ နှစ်လောက်ပဲ ရှိဦးမယ်။ အသက်ငယ်သေးတော့ တစ်ခါတစ်လေ လူငယ်ဘာဝ ဘီယာဆိုင်သွားတာ၊ ကာရာအိုကေ သွားတာတို့ ရှိပါတယ်။ ဒါပေမဲ့ ယူထားရတဲ့ တာဝန်က တပ်ရေးဗိုလ်ကြီး ဆိုတော့ မကြီးချင်လည်း မောင်ကြီးဖြစ်နေတဲ့ အချိန်ပါပဲ။ မနက် ၄း၃၀ လောက်ကတည်းက လုပ်လိုက်ရတဲ့ တပ်ပိုင်းဆိုင်ရာ ဦး၊ ရေး၊ ထောက် လုပ်ငန်းတွေ ည ၁၁း၀၀ နာရီ လောက်မှ ပြီးစီးတယ်။ နောက်ပြီး တပ်ရင်းမှူးကလည်း ခပ်ဆိုးဆိုး အရာရှိဆိုတော့ ကျွန်တော်နဲ့က သိပ်ပြီး အဆင် မပြေဘူး။ ကျွန်တော်က ပြောစရာရှိရင် တဲ့ထိုး ပြောတတ်တာကို သူက မကြိုက်ဘူး။ ဒါမှားနေတယ် ဆိုရင်မှားတယ်ပဲ။ မှန်တယ်ဆိုရင် မှန်တယ်ပဲ။ တပ်ရင်း ရံပုံငွေရှာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်ရင်းမှူးရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေကို တပ်ရေးဗိုလ်ကြီး ပီသစွာနဲ့ ငြိမ်မနေဘဲ ထောက်ပြဝေဖန်လို့ ကျွန်တော့်ကို သိပ်ပြီး အမြင်မကြည်ပါဘူး။ တပ်ရင်းမှာရှိတဲ့ ရဲဘော်၊ ဆရာတွေကတော့ ကျွန်တော့်ကို ချစ်ကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အကျိုး စီးပွားအတွက် ကျွန်တော်က အမြဲတန်း ရှေးရှုလို့ပါပဲ။ အခြားအဆင့် စစ်သည်ဆိုတာမျိုးက သူတို့အပေါ် ၁ ကျပ်ဖိုးလောက် ကောင်းပြရင် သူတို့က ၁၀၀ ဖိုးလောက် ပြန်ကောင်းပြတယ်။ ဒါဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံမှုအဖြစ် ကျွန်တော် တာဝန်ကျရာ တပ်တွေတိုင်းမှာ ကြုံခဲ့ရတယ်။

တပ်ရေးဗိုလ်ကြီးတစ်ယောက်အနေနဲ့ အလုပ်ပင်ပန်းတာရယ်၊ တပ်ရင်းမှူးနဲ့ အစေးမကပ်တာရယ်၊ နောက်ထပ် အကြောင်းတွေရယ်ကြောင့် ကျွန်တော် တပ်မတော်ကို စိတ်ကုန်နေတာတွေကို တပ်မမှူးက နားလည်ပေးတယ်။ နားလည်ပေးတယ် ဆိုတာက အထက်မှာ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေက အခြေခံပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော့်ကို သူ့တပ်မကို ခေါ်ပြီး ယာယီကိုယ်ရေး အရာရှိ PSO လုပ်ခိုင်းတယ် ဆိုပါတော့ဗျာ။ ဒီကြားထဲမှာ သူအားရင် အားသလို ကျွန်တော့်ကို ဖျောင်းဖျတယ်။ တပ်မတော်အတွင်းက နမူနာယူစရာ၊ ရှောင်စရာ အချက်လေး တွေကို ပြောပြတယ်။ တပ်မမှာရှိတဲ့ အရာရှိတွေကတော့ တော်တော်ကို အံ့သြနေကြတယ်ဗျ။ တပ်မမှူးက စကားတစ်ခွန်းကို ၃ မိနစ်ပြည့်အောင် ပြောချင်တာမဟုတ်ဘူး။ နောက်ပြီး ကျွန်တော်က တပ်ရင်းမှူးရဲ့ သတင်းပို့ လံကြုတ် ဇာတ်လမ်းတွေအရ ခပ်ဆိုးဆိုး အရာရှိဖြစ်တယ်လို့ နာမည်ကြီးနေတာကြောင့် တပ်မက အရာရှိတွေ မျက်စိ လည်နေကြတယ်ပေါ့ဗျာ။ ဒီကောင် ဘာကောင်လဲပေါ့။ ဒါပေမဲ့ ပြဿနာတော့ မရှိပါဘူး။ ကျွန်တော်ကတော့ ပိုနေမြဲ ကျားနေမြဲပါပဲ။ ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားဆိုတဲ့ ဆုံးမစကားနဲ့အညီ နေပါတယ်။

ကျွန်တော် တပ်မမှူးနဲ့နေရတာ ပျော်တယ်ဆိုပေမယ့် ကျွန်တော့်စိတ်ခံစားချက် တွေကတော့ ပျောက်မသွားပါဘူး။ ဒါကို တပ်မမှူးက သိပါတယ်။ ကျွန်တော့်ရဲ့ အကြံတွေကို နည်းမျိုးစုံနဲ့ လိုက်ဖျက်ပါတယ်။ ဒါကြောင့် သူသွားလေရာ ခေါ်တော့တာပဲ။ အထူးသဖြင့် တပ်စစ်ထွက်တဲ့ အခါမျိုးမှာပါ။ တပ်စစ်သွားတယ် ဆိုတာက တပ်မအတွင်း မှာရှိတဲ့ တပ်ရင်းတွေ၊ ရှေ့တန်း စခန်းတွေကို ( ၆ ) လ တစ်ခါ သွားစစ်ရတာပါ။ အဲဒီမှာရှိတဲ့ တပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေ၊ စစ်ဆင်ရေး ဆိုင်ရာ လုပ်ငန်းတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ သွားပြီး ကြီးကြပ်ရတယ် ဆိုပါတော့ဗျာ။ ခရီးသွားရတာကတော့ တောက်လျှောက်ပါပဲ။ တပ်တွေကများတော့ ဆက်တိုက်ဆိုသလို ခရီးထွက်ရ ပါတယ်။

အဲဒီမှာ တပ်တွေရဲ့ လုပ်ထုံးလုပ်နည်းမမှန်တာတွေ၊ တရားလက်လွတ်ဖြစ်ကြတာတွေ၊ ကိုယ်ကျိုး ရှာနေကြတာ တွေကို ကျွန်တော် သွားတွေ့မိတယ်။ ဒီဖြစ်စဉ်တွေဟာ တပ်တွေ အားလုံးမှာ သွားတူနေကြပါတယ်။ ဒါဟာ ဘာကြောင့်လည်း ဆိုတာ ကျွန်တော် သွားပြီးတွေ့တယ်။ တပ်တွေအနေနဲ့ ဒါကို ဘယ်လိုမှ ပြေလည်အောင် မဖြေရှင်း နိုင်ဘူး။ တပ်မမှူး အနေနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ ဆူဆဲမာန်မဲပြီး ထိုးကြိတ်တာလောက်နဲ့ပဲ အရေးယူခဲ့ပါတယ်။ လုပ်ထုံး လုပ်နည်းအရ အရေးယူလိုက်မယ် ဆိုရင် တပ်မှာ တပ်ရင်းမှူး လုပ်ချင်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ မှန်ပါသလားလို့ တပ်မမှူးကို ထမင်းစားနေတုန်း မေးလိုက်မိတော့ တပ်မမှူး ထမင်းနင်သွားလို့ ရေနဲ့မျောချတာကို စဉ်းစားမိတိုင်း ရယ်ချင်ပါတယ်။ တကယ်လည်း အဲဒီနေ့က ကျွန်တော်တို့ ရယ်ပွဲ ကျသွားကြပါတယ်။ တပ်မမှူးက ပြုံးပြုံးကြီးနဲ့ "ဟေ့ကောင်..မင်းဒီစကားတွေကို ငါနဲ့မှပြောနော်" လို့ ပြန်ပြီး ချေပရှာပါတယ်။

ယနေ့အချိန်မှာတော့ ကျွန်တော် လိုလားတောင့်တအပ်သော ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူဆိုတာက လိုအင် ဆန္ဒတွေ ပြီးပြည့်စုံတယ်လို့မှ မရှိတာဗျာ။ လိုအပ်နေတာတွေ အများကြီးရှိနေဆဲပါ။ ကျွန်တော့် တပ်မမှူးကြီးလည်း ဒီနေ့အချိန်ထိ တပ်မမှူးတာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော့်အပေါ်မှာ သားတစ်ယောက်လို၊ ညီငယ် တစ်ယောက်လို ဆိုဆုံးမပြီး ခွင့်လွှတ်နားလည်ခဲ့တဲ့ တပ်မမှူးကြီး အကြောင်းကို ဒီနေ့အထိ သတိရနေဆဲပါ။ လိုအပ်ချက်တွေကို ဖြည့်ဆည်း သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် ကျွန်တော့်မှာ ၀မ်းစာ ပြည့်ခဲ့ရပါတယ်။ ဒါတွေကတော့ ကျွန်တော့်ရဲ့ အတိတ်ကို နည်းနည်းလေး ဖွင့်ဟပြတာပါ။ ရည်ရွယ်ချက် ကတော့ ဒီနေ့ တပ်မတော်အတွင်းက ညီငယ်များနဲ့ တပ်မတော် အကြောင်းကို ဗဟုသုတ ရလိုသူများအတွက် ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာလည်း တပ်မတော်ထဲက အတွေ့အကြုံ တစ်ချို့ကို ကြုံကြိုက်တိုင်းရေးဖြစ်သွားမှာပါ။

Ref: မောင်မိုး

0 comments:

အပေါ်သို့