..............................

Tuesday, March 23, 2010

မွန်တိုင်းရင်းသားအဖွဲ့ ရွေးကောက်ပွဲ ဝင်ရန်ပြင်ဆင်

သန်းထိုက်ဦး Monday, March 22, 2010

၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် ဟောင်းများ အပါအ၀င် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့နှင့် တခြား မွန်လူမှုရေးအဖွဲ့ ခေါင်းဆောင် ၁၅ ဦးခန့်တို့ ပါတီ ထောင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

ယခု ဖွဲ့စည်းမည့် မွန်နိုင်ငံရေး ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မင်းစိုးလင်းက “အမှုဆောင် အဖွဲ့ဝင်ပေါင်း ၁၅ ဦးရှိမယ်၊ ဒီလ ၃၁ ရက်နေ့ ကျနော်တို့ ကြေညာချက် ထုတ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း ပါတီ၏ အကြံပေး ပုဂ္ဂိုလ်များထဲတွင် မွန်ခေါင်းဆောင် ၂ ဦးနှင့် မွန်သံဃာ ၃ ပါးတို့ ပါဝင်ကြောင်း သိရသည်။

ယခုလ ၁၅ ရက်နေ့က ရွေးကောက်ပွဲ ဥပဒေကို လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ၂၉ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် မူတည်ကာ ယခုလ ၃၁ ရက်နေ့တွင် ပါတီဖွဲ့စည်းကြောင်း တရားဝင် ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

“NLDက ဘယ်လိုရပ်တည်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ပါတီက နာမည်လည်းရှိတယ်၊ ဖွဲ့စည်းပုံလည်း ရှိတယ်၊ ပါတီ မှတ်ပုံတင်ဖို့လည်း အဆင်သင့်ဖြစ်နေပြီ”ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

ဒေါက်တာ မင်းစိုးလင်းသည် ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့အား ကိုယ်စားပြု၍ ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း မဲရာခိုင်နှုန်း ၆၁. ၃၇ ဖြင့် အနိုင်ရသဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။

ထို့အပြင် ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် မွန်ပြည်သစ်ပါတီသို့ ပေးပို့သည့် အကြံပြုစာအား လက်မှတ်ရေးထိုးခဲ့သဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီကြား အထင်အမြင် လွဲမှားစေရန် ပြုမူသည်ဟု စွပ်စွဲ၍ အစိုးရက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မော်လမြိုင် အကျဉ်းထောင်မှ ပြန်လွတ်ခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လ၌ မော်လမြိုင်မြို့ရှိ မွန်ပြည်သစ် ပါတီရုံးတွင် အဆိုပါအဖွဲ့ပါ မွန်ခေါင်းဆောင်များ တွေ့ဆုံဆွေး နွေးခဲ့ပြီး မွန်တိုင်းရင်းသားများ၏ အကျိုးအတွက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်နှင့် ပါတီထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်တွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၁၉ နေရာတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာတွင် အနိုင်ရခဲ့သည်။ သို့သော်လည်း ၁၉၉၂ ခုနှစ် မတ်လတွင် စစ်အစိုးရက တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။

မွန်နိုင်ငံရေးခေါင်းဆောင် အများအပြားက ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်များကို နှစ်သက်ခြင်း မရှိကြပေ။ တချို့က ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည်မဟုတ်ဟု သုံးသပ်နေကြသည်။

မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာကမူ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ အခြေခံ အခွင့် အရေးများ မပါရှိကြောင်း၊ စစ်တပ်အုပ်စိုးမှုကို ဆက်လက်ခွင့်ပြုထားခြင်းသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်ဆင်မှုများကြောင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းတွင် အမြင်မတူ မှုများ ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်သူများက သုံးသပ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့