..............................

Thursday, December 9, 2010

၂၁ ရာစုပင်လုံကို အပေါစား နိုင်ငံရေးစတန့်ဟု သတင်းစာ ရေးသား

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒုတိယပင်လုံသည် အပေါစား နိုင်ငံရေး စတန့်ထွင်မှုသာ ဖြစ်သည်ဟု ရေးသား ထားသော ဆောင်းပါး တပုဒ်အား စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ဖော်ပြ ပါရှိလာသည်။

ဆောင်းပါးရှင် ဗညားအောင် ရေးသည့် “နိုင်ငံ့အရေး အလွယ် မတွေးစေချင်ပါ” ဆောင်းပါးတွင် တပ်မတော်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲနိုင် ပါတီများ မပါဘဲ ပင်လုံညီလာခံ ကျင်းပမည် ဆိုခြင်းသည် အပေါစား နိုင်ငံရေး စတန့် ထွင်ခြင်းသာ ဖြစ်ကြောင်း စစ်အစိုးရ အာဘော် သတင်းစာများတွင် ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

ဤသည်မှာ နေအိမ် အထိန်းသိမ်းခံမှ ပြန်လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ဒုတိယ ပင်လုံ ညီလာခံ ပြုလုပ်ရမည်ဟု ပြောဆိုမှု အပြီး ရက်ပိုင်းအကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသား ကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရည်ရွယ်ကာ ကျင်းပရန် အဆိုပြုခဲ့သည်။

ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမား ကြီးများ၊ ကျောင်းသား ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၅ဝ ကျော်က စုပေါင်း လက်မှတ်ရေးထိုးကာ ထောက်ခံခဲ့သည်။ ပြီးခဲ့သည့်လ ၂ဝ ရက်နေ့တွင် ZNC က ပင်လုံညီလာခံ ဖော်ဆောင်ရေးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရန် တာဝန် လွှဲအပ်ခဲ့သည်။

စစ်အစိုးရ သတင်းစာက ပင်လုံကိစ္စအပေါ် ယနေ့ ဝေဖန်လိုက်သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များကမူ မြန်မာ နိုင်ငံ၌ အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုအပ်နေသဖြင့် ဒုတိယ ပင်လုံညီလာခံ မဖြစ်မနေ လိုအပ်ကြောင်း တုံ့ပြန် ပြောဆိုကြသည်။

“ခေတ်မီနိုင်ငံတော် တည်ဆောက်ဖို့ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုတယ်။ ဒါကြောင့် ဒုတိယ ပင်လုံဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ရမယ့်အလုပ်၊ လုပ်သင့်တဲ့အလုပ်၊ လုပ်ဖို့ လိုအပ်တဲ့ အလုပ်ပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ဒုတိယပင်လုံခေါ်ယူရေး စတင်ဖော်ဆောင်ခဲ့သည့် ZNC ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ပူးကျင့်ရှင်းထန် ကလည်း “ဒုတိယ ပင်လုံ ညီလာခံရဲ့ ရည်ရွယ်ချက်က အမျိုးသား ပြန်လည် ရင်ကြားစေ့ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီလို ရည်ရွယ်ထားတဲ့ အတွက် တဖက်သတ် အစည်းအဝေးတို့၊ ညီလာခံတို့ လုပ်ဖို့ မဟုတ်ဘဲ နအဖ စစ်အစိုးရ အပါအဝင် အားလုံး ပါဝင်နိုင်ဖို့ကို ပြောနေတာပါ” ဟု ပြောသည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပရမည့် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို မဇ္ဈိမ သတင်းထောက်က ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် NLD ရုံးချုပ်၌ လူချင်းတွေ့ဆုံ မေးမြန်းခွင့် ရရှိစဉ် သူက ’’ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေး ဆိုတာ ကျမတို့ ရည်မှန်း လုပ်ဆောင်နေတဲ့ အချက် ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံ အတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု ပြောဆိုခဲ့သည်။

ဒုတိယ ပင်လုံညီလာခံ ကျင်းပပြီး ညီညွတ်ရေးရရန် ပြုလုပ်သည့်အခါ စစ်တပ်က ပါဝင်ဆောင်ရွက်မည်လား ဟု အမေးကို သူက ’’ညီညွတ်ရေး အတွက် ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။ မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း နေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့ သူတွေအနေနဲ့ သူတို့ အသံတွေကို နားထောင်ဖို့ လိုတယ်။ ဒီလိုနားထောင်မှ သူတို့ ဘာလိုချင်တယ်၊ သူတို့ မျှော်မှန်းချက်တွေက ဘာ၊ သူတို့ မျှော်လင့်ချက်တွေက ဘာ၊ သူတို့ ဘာကို စိုးရိမ်ကြတယ် ဆိုတာတွေ သိလာမှာ ဖြစ်ပါတယ်။ ဒီလိုနားလည်လာမှ မတူ ကွဲပြားခြင်းတွေရဲ့ ညီညွတ်ရေး ဆိုတာအတွက် အခြေခံ အုတ်မြစ်ကို ချနိုင်မှာ ဖြစ်ပါတယ်’’ ဟု ဖြေကြားခဲ့သည်။

စစ်အစိုးရအနေဖြင့် အမျိုးသားညီလာခံကျင်းပကာ နိုင်ငံရေးအင်အားစုတွေကြား အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက် နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး နည်းဖြင့် ပြန်လည် ညီညွတ်ရေး တည်ဆောက်ခဲ့ကြောင်း သတင်းစာပါ ဆောင်းပါးက ရေးထားသေးသည်။

လက်ရှိတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် တိုက်ပွဲဖြစ်နေပြီး ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နှင့် စစ်ရေး တင်းမာနေသဖြင့် ယင်းသို့ ပြောဆိုမှုမှာ ဟန်ဆောင် ဖုံးကွယ်ခြင်းဟု ပူးကျင့်ရှင်းထန်က ချေပ ပြောဆိုသည်။

“သူတို့က ပြီးသွားပြီ၊ ကောင်းပြီလို့ ပြောနေပေမယ့် မကောင်းလို့မှ ကျနော်တို့တိုင်းပြည်မှာ အခု တိုက်ပွဲတွေ ဖြစ်နေတာ မျက်မြင် ကိုယ်တွေ့ပဲလေ” ဟု သူက ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း ပါတီများ၊ တိုင်းရင်းသားများနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးနိုင်ပြီ ဖြစ်သဖြင့် ဒုတိယပင်လုံ ညီလာခံ မလိုအပ်ကြောင်း သတင်းစာက ဆိုထားပြန်သည်။

’’တိုင်းပြည်မှာ ပြန်လည်ထူထောင်ဖို့ဆိုရင် အပြောင်းအလဲဖြစ်ဖို့ လိုတယ်။ အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် ဒီမိုကရေစီ အခြေခံ၊ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်၊ ဒီအချက်တွေအပေါ်မှာ အခြေခံယူပြီး လျှောက်ဖို့ လိုတယ်။ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေးကြမယ် ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်က အကောင်းဆုံး ဖြစ်မှာပါ” ဟု ဦးအေးသာအောင်က ပြောသည်။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို လွှတ်တော်အတွင်း ဆောင်ရွက်ခြင်း၊ မိမိတို့နယ်မှ ကိုယ်စားလှယ် များကို အကြံပြုခြင်း၊ နောက်တကြိမ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း နိုင်ငံရေးကို လုပ်ဆောင်ရန် နည်းလမ်းရှိကြောင်းနှင့် ထိုနည်းကို မလုပ်ဘဲ စိတ်ကူးယာဉ်သက်သက်ဖြင့် ဆောင်ရွက်ပါက အကျိုးထက် အပြစ်က ပိုများလိမ့်မည်ဖြစ်ကြောင်း သတိပြုရန် ဆောင်းပါးရှင်က ဆိုထားသည်။

ဦးအေးသာအောင်ကမူ ဒုတိယပင်လုံ ခေါ်ယူရေးဆိုသည်မှာ အစိုးရကို ထိပ်တိုက် ရင်ဆိုင်ခြင်းနှင့် တင်းမာအောင် ပြုလုပ်ခြင်း မဟုတ်ဘဲ တိုင်းပြည်၏ လိုအပ်ချက်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆို လိုက်သည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ အပြီး သဘောတူညီမှု ပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ရပြီဟု ပြောလေ့ ရှိသော်လည်း တိုင်းရင်းသား အဖွဲ့များက နိုင်ငံရေး သဘောတူညီချက် မပါကြောင်း ငြင်းဆိုခဲ့ကြသည်။

ခန့်မှန်းခြေ စုစုပေါင်း ၄ သောင်းဝန်းကျင်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အင်အားကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ် အဖြစ် မပြောင်းလဲ သေးနိုင်သလို၊ အပစ်ခတ်မရပ်ဘဲ ဆက်လက် တိုက်ခိုက်နေသော တိုင်းရင်းသား အဖွဲ့များလည်း ရှိနေသေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့