..............................

Monday, December 6, 2010

ဦးခင်ညွန့် ဗီဒီယိုဖိုင် အသံနှင့် ထပ်မံထွက်ပေါ်

ရန်ပိုင်
Saturday, 04 December 2010

နေအိမ် အကျယ်ချုပ် ကျနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ လာရောက် ခေါ်ယူသွားသည့် ဗီဒီယို အသံဖိုင်သည် ယနေ့ Facebook လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် အသံနှင့် တကွ ထပ်မံ ထွက်ပေါ်လာသည်။

ယင်း ဗီဒီယိုဖိုင်တွင် ရဲချုပ် ခင်ရီက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား လာရောက် ခေါ်ယူရခြင်းကို ရှင်းပြသည့် အသံမှာ ကြားရခြင်း မရှိသော်လည်း ဦးခင်ညွန့်က “ရတယ်လေ မင်းတို့ ခေါ်ရင် လိုက်ရမှာပေါ့။ ပစ္စည်း ပစ္စယတွေ ထည့်ဦးမယ်” ဟု ဆိုကာ အားမတန်၍ မာန်လျှော့သည့် အမူအရာကို တွေ့ရသည်။

ထို့နောက် ရဲချုပ် ခင်ရီက ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေပါ လိုက်ပါရန် ထပ်မံ ပြောဆိုသော အခါတွင်မူ စိတ်တိုသွားပြီး ကျယ်လောင်သော အသံဖြင့် “အိမ်မှာ ဘယ်သူမှ မကျန်ဘူး၊ သားနှစ်ယောက် စလုံးလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်ထားပြီ၊ အခု ကိုယ်ရော ကိုယ့်မိန်းမရော နှစ်ယောက်စလုံး ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး” ဟု ပြောဆို သည်ကို တွေ့ရသည်။

ရဲချုပ် ခင်ရီ၏ အသံနှင့် အမူအရာမှာ မိမိ၏ ဆရာဖြစ်ခဲ့သူ တဦးကို တိုးလျှိုး တောင်းပန်ရသည့် အသွင်သဏ္ဍန် ရှိပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမူအယာတွင်မူ အာဏာရှိစဉ် အပြုအမူများ ခဏပြန်ပေါ် လာသည်ကို မြင်ရသည်။

စိတ်ဆိုးပြီး ထိုင်ခုံအား ရှေ့သို့ ရုတ်တရက် ဆွဲယူလိုက်ပုံ၊ ပြီးမှ စိတ်လျှော့ကာ ၎င်း၏ မြေးများ ကျောင်းမတက်ရသည့် အကြောင်း၊ ပြင်ပနှင့်လည်း အဆက်အသွယ် မလုပ်ပါကြောင်းလည်း ပြောဆို နေသည်ကိုလည်း ကြားရသည်။

“အခုကတော့ကွာ ကလေးတွေလည်း ကျောင်းမတက်ရဘူး၊ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး၊ အဆက်အသွယ် ဘာမှမရှိဘူး၊ လုံခြုံရေးအရ သတ်မှတ်ချက်အတိုင်း ငါနေသားပဲ” ဟု ပြောဆိုသည်ကို တွေ့ရသည်။

ထို့အပြင် ဦးခင်ညွန့်က ယခုအခါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မရှိသဖြင့် ၀င်ငွေ မရှိကြောင်း ပြောဆိုသည့် အပြင်၊ ၎င်း၏ အိမ်ဧည့်ခန်း အတွင်းရှိ မီးမှာ ပျက်နေကြောင်းလည်း ပြောဆို သွားသည်။

ရဲချုပ် ခင်ရီက ဒေါ်ခင်ဝင်းရွှေကို ဦးခင်ညွန့်အား ပြုစုစောင့်ရှောက်ရန် အတူ ခေါ်ယူမည်ဖြစ်ကြောင်း ပြောသည့် အခါ ဦးခင်ညွန့်က “နှစ်ယောက်စလုံး အတူထားမှာလား” ဟု မေးမြန်းရာ ရဲချုပ်ခင်ရီက အတူ ထားမည်ဖြစ်ကြောင်း ခေါင်းညိတ် ဦးညွတ်ပြီး တရိုတသေ ပြောဆိုသည်ကိုလည်း မြင်ရသည်။

ထို့အပြင် အင်္ကျီအ၀တ်အစားများ ယူရန်မလိုကြောင်း ရဲချုပ် ခင်ရီက ပြောကြားသည့် အခါတွင် ဦးခင်ညွန့်မှာ ၎င်း၏ အမူအရာ အတိုင်း ရုတ်တရက် ခေါင်းကိုရမ်းလိုက်ပြီး “ယူသွားမယ်၊ ယူသွားမယ်၊ အရင် သားတွေကို ခေါ်တုန်းကလည်း ပစ္စည်းတွေ မလိုပါဘူး ပြောတော့ ဘာမှ ပါမသွားဘူး” ဟု ရဲချုပ် ခင်ရီ၏ စကားကို အကြောက်အကန် ငြင်းဆန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် စိတ်လျော့လိုက်သည့် လက္ခဏာဖြင့် “ငါလိုက်မယ်၊ အေးအေးဆေးဆေး ငါလိုက်မယ်၊ ငါဟာ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်းမဟုတ်ဘူး” ဟု ပြောဆိုပြီး အိမ်တွင် ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို ကျန်းမာရေး ဂရုစိုက်ရန် မှာကြားပြီး ၎င်း၏ မြေးများကို ဖက်ရမ်း နမ်းရှုတ်ပြီး နှုတ်ဆက် လိုက်သည်ကို တွေ့ရသည်။

ထိုအခါ မြေးတဦးက “ဖေဖေကြီး ဘယ်တော့ ပြန်လာမှာလဲ” ဟု လှမ်း၍ မေးမြန်းသည့် နေရာတွင် ဗီဒီယိုအခွေက အဆုံး သတ်ထားသည်။ ယခင် ထွက်ပေါ်လာသည့် အသံမပါသော ဗီဒီယိုဖိုင်တွင်မှု နေရာသစ်သို့ ရောက်ပြီးနောက် ဆက်လက် ဆွေးနွေးကြပုံ၊ ဦးခင်ညွန့်က ဟန်နှင့် မာန်နှင့် ပြောသည့်ပုံများကို တွေ့ရသည်။ ထိုအပိုင်းမှာ အခွေသစ်တွင် မပါရှိသေးချေ။

ယခုအခွေတွင် အသံဖိုင် ပါရှိလာသော်လည်း အချိန်ကာလ အပိုင်းအခြားကိုမူ တိကျစွာ ခန့်မှန်း၍ မရနိုင်သေးချေ။

ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင် တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ရသည်။

ထိုအပြင် သားများဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သရက်မြို့ အခြေစိုက် ခလရ ၄၄ တွင် တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းနေသည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် Bagan Cybertech ကို တည်ထောင်သူ ဒေါက်တာ ရဲနိုင်ဝင်း တို့လည်း ဖမ်းဆီးချုပ် နှောင်ခြင်း ခံခဲ့ရသည်။

၁၉၈၃ ခုနှစ်မှစတင်၍ ၎င်းကိုင်တွယ်ခဲ့သည့် စစ်ဘက်ထောက်လှမ်းရေး အဖွဲ့လည်း ဖျက်သိမ်း ခံခဲ့ရပြီး အမာခံ ထောက်လှမ်းရေး အရာရှိကြီး များလည်း ဖမ်းဆီးထောင်ချ အရေးယူခြင်း ခံခဲ့ရသည်။

မကြာသေးမီက စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံလက်နက် စီမံကိန်းများကို ဖော်ထုတ်ခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက “စိတ်မကောင်းပါဘူး၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဆိုတော့လည်း သူဘယ်လောက် ဆိုးခဲ့ဆိုးခဲ့လေ။ သတ်တာ ထက်တောင် ဆိုးသေးတယ်” ဟု ဆိုသည်။

ထို့အပြင် သံဝေဂတရားလည်း ရမိကြောင်း၊ ကံ၊ ကံ၏ အကျိုးအရ လုပ်ခဲ့သည်များကို ပြန်ပြီး ခံစားဝဋ်လည် နေသည်ဟု ထင်ကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး ကျောင်းသားများနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ထောင်နှင့်ချီ၍ ဖမ်းဆီးပြီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယခုထွက်ပေါ်လာသည့် ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သည့် မန္တလေးမြို့မှ စာနယ်ဇင်း သမား တဦးကလည်း လူသားချင်း စာနာစိတ်ဖြင့် ဂရုဏာ သက်မိပါကြောင်း၊ သို့သော် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အဖွဲ့သည် ဖိနှိပ်မှုအတွက် နိုင်ငံတော် အာဏာကို လိုသည်ထက် ပိုမို သုံးစွဲခဲ့သည်ဟု ထင်ကြောင်း၊ ယနေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားများ ထားရှိသည့်အတွက် မည်သည့် အာဃာတ တရားမျှ မထားပါကြောင်း၊ သို့သော် သမိုင်း မှတ်တမ်းများကိုမူ ဖျောက်ဖျက်၍ မရ၊ ပြည်ဖုံးကားချ၍လည်း မရပါကြောင်း မှတ်ချက်ချ ပြောဆိုသွားသည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှုကြသူများက တန်ခိုးထက်ခဲ့သည့် အာဏာရှင်တဦး၏ ကျဆုံးခန်းကို သံဝေဂ ရကြကြောင်း၊ ဝဋ်လည်သည်ဟု ထင်ကြောင်း ပြောဆိုနေကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့