..............................

Monday, December 6, 2010

ဒေါ်စုကို ဝေဖန်သော ဆောင်းပါး ဂျာနယ်များကို ဖော်ပြခိုင်း

ဆလိုင်း ဟံသာစန်း
သောကြာနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက် မနည်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနက ထည့်ခိုင်းသည်။

ကလောင်ရှင် ငါးမင်းဆွေ ရေးသားသော ဒေါ်အောင်ဆန်းစုကြည်သို့ (၂) အမည်ရှိ ဆောင်းပါးတွင် စီးပွားရေး ပိတ်ဆို့ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင် ဝေဖန်ထားကာ ဆောင်းပါးကို 7 Days ၊ ပြည်မြန်မာနှင့် News Week ဂျာနယ်များတွင် စာပေ စိစစ်ရေးနှင့် မုတ်ပုံတင် ဌာနကတဆင့် ဖော်ပြစေခြင်း ဖြစ်သည်။

“စာပေစိစစ်ရေးက မထည့်မနေရ ထည့်ခိုင်းတာ။ စာမူကို စာပေစိစစ်ရေးက လာယူခိုင်းပြီးတော့ အဲဒါကို ဂျာနယ်ထဲကို ထည့်ပေးဆိုပြီး ခိုင်းတာလို့ သိရတယ်” ဟု ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

ဂျာနယ်များတွင် စစ်အစိုးရအာဘော် ပေါ်လစီဆောင်းပါးများကို စိစစ်ရေးက မထည့်ခိုင်းဘဲ နေခဲ့သည်မှာ ၃ လ ကျော်ခဲ့ပြီ ဖြစ်ရာမှ ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“အီရတ်နိုင်ငံကို အမေရိကန်နဲ့ အနောက်အုပ်စုတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခဲ့တဲ့ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သွားပြီး အီရတ် ကလေးငယ် အများအပြား သေဆုံး ခဲ့ကြရပါတယ်။ ဒါကြောင့် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိ ဖြစ်ပေါ်စေတဲ့ အကြမ်းဖက် တိုက်ခိုက်ခြင်း ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး” ဟု ဆောင်းပါးတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မိမိတို့အနေဖြင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေး အတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပြီး၊ ဒဏ်ခတ် ပိတ်ဆို့မှုများကို အလုံးစုံ ပြန်လည် သုံးသပ်မည်ဟု ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ပါတီရုံးချုပ်၌ မဇ္ဈိမနှင့် လူချင်းတွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် ပြောဆိုထားသည်။

“ကျမတို့ပြောပြီးပါပြီ၊ ပိတ်ဆို့ဒဏ်ခတ်မှု ကိစ္စရပ်ကြီး တခုလုံးကို ကျမတို့ ပြန်သုံးသပ်မှာပါ။ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ပြည်သူ လူထုကို တကယ်တမ်း ထိခိုက်မှု ရှိမရှိ၊ ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ အကျိုးတွေက ဘာတွေလဲ၊ ဒဏ်ခတ် ပိတ်ဆို့မှုပေါ် စီးပွားရေး အမြင်နဲ့ နိုင်ငံရေးအမြင် ဒါတွေ ရှိပါတယ်။ ပြန်သုံးသပ် သွားမှာပါ” ဟု သူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်နှစ် စက်တင်ဘာ လကုန်ပိုင်းတွင် ကမ်းလှမ်း ခဲ့သေးသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးထံမှ တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် အမျိုးသား အရေးပေါ်အခြေအနေ ကြေညာချက်ဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပြီး ၂ဝဝ၃ ၊ ၂ဝဝ၇ နှင့် ၂ဝဝ၈ ခုနှစ်တွင် ပိတ်ဆို့မှု သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်တော နေအိမ်တွင်း ဝင်ရောက်မှုဖြင့် စစ်အစိုးရက အင်းစိန် ထောင်တွင် ချုပ်နှောင် ခဲ့ပြီးနောက် ယခုနှစ် မေလ ၁၅ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမားက ပိတ်ဆို့မှု သက်တမ်း တနှစ် တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

ငါးမင်းဆွေသည် ၂ဝဝ၅ ခုနှစ်မှစ၍ အပတ်စဉ်ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် “မျှော်လင့်ချက်တို့ မဝေးစေလိုပါ” ခေါင်းစဉ်ဖြင့် စစ်အစိုးရကို အကာ အကွယ်ပေးကာ အတိုက်အခံများကို ဝေဖန် ပုတ်ခတ်လေ့ရှိသည်ဟု လူပြောများသည့် နိုင်ငံရေး ဆောင်းပါးများ ရေးသားခဲ့သူ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့