..............................

Tuesday, March 9, 2010

ဝ အား နအဖ အင်အားသုံးခြေမှုန်းတော့မည်လော

Monday, 08 March 2010

ဝ ပြည်သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တန့်ယန်း၌ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း အပေါင်း လက္ခဏာ မဆောင်ဘဲ စစ်ရေး အပြိုင် ဖြည့်တင်းလာခဲ့သည်။ “နအဖ ခြိမ်းခြောက် ထားတဲ့ အတိုင်း တကယ် လုပ်မယ် ဆိုရင် ဒီလ 15 ရက် နောက်ပိုင်း တိုက်ပွဲ ဖြစ်နိုင်တယ်” - ဟု ၀ စစ်ဘက် ရေးရာ အရာရှိ တဦးကပြော၏။

ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီးနောက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ယူနန်ပြည်နယ် တရုတ် အာဏာပိုင်များထံ ယခုလ စောစောပိုင်းက စာရေး အကြောင်းကြားခဲ့သည်ဟု ဆို၏။

1. ၀ တပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အကြိမ်ကြိမ် တိုက်တွန်း ခဲ့သော်လည်း တစုံတရာ လိုက်လျောခြင်း မရှိသည့်အပြင် ထိုင်းနယ်စပ် အခြေစိုက် ၀ တပ်ဖွဲ့များ၊ နအဖ ဖွဲ့စည်းပုံအရ မိုင်းယန်းမြို့နယ် မိုင်းဖျဲန် နှင့် မိုင်းပေါက်ဒေသ အခြေစိုက် တပ်များ အားလုံး ရုပ်သိမ်းပေးရန်။

2. မတ်ခ်ျ 10 ထက်မကျော်ဘဲ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ချွင်းချက်မရှိ သဘောတူ လက်ခံရန်။ (ဧရာဝတီသတင်းဌာန ထုတ်ပြန်ချက်တွင်လည်း တရုတ် နိုင်ငံခြားရေးဌာန ၀မ်ကြားရူး မတ်ခ်ျ 4 ရက် နေပြည်တော်ရောက်စဉ် နအဖတို့ ပြောကြားခဲ့သေးသည်ဟု ဆို၏။)

3. နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မတ်ခ်ျ 15 ရက်နေ့အထိ အကြောင်း မပြန်ပါက အင်အားသုံး တိုက်ခိုက်ကောင်း တိုက်ခိုက်ရလိမ့်မည် ဆို၏။

မတ့်ခ်ျ 3 ရက် နေ့တွင် ယူနန်ပြည်နယ် တာဝန်ရှိ တရုတ်ဆက်ဆံရေး အဖွဲ့ကလည်း ၀ ဌာနချုပ် ပန်ဆန်းသို့ ရောက်လာပြီး စစ်မဖြစ်ရေး အတွက် အပေးအယူ အလျှော့အတင်း ပြုပြီး ညှိနှိုင်း ဆွေးနွေး အဖြေ ရှာကြပါရန် ပြောကြား တိုက်တွန်း ခဲ့သေးသည်ဟု စုံစမ်း သိရှိရပါသည်။

“ နအဖ ဖွဲ့စည်းပုံက ကျနော်တို့ ၀ အမျိုးသားတွေ အတွက် ဘာအခွင့်အရေးမှ ပေးမထားဘူး။ လုံးလုံး လက်ခံလိုက် မယ်ဆိုရင် အခွင့်အရေး ဆိုတာဘာမှ ရှိမှာမဟုတ်ဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးအတွက် ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက တိုက်ပွဲ ၀င်ခဲ့ကြတာဘဲ” - ဟု ၀ ထိပ်ပိုင်းခေါင်းဆောင် များက ပြန်လည် ပြောကြားကြောင်း အမည် မဖေါ်လိုသည့် ၀ အရာရှိ တဦးက ပြောပါသည်။

“ လဆန်းပိုင်း 3-4 ရက်နေ့လောက်မှာ ဗမာတပ် တပ်မ 77 က စစ်အင်အား အချို့နဲ့ စားနပ်ရိက္ခာ အပြည့် ကားအစီး 100 ထက် မနည်း သုံးဖက်သုံးတန် ခွဲပြီး ၀ နယ်ခြားဘက် ဦးတည်သွားတယ်။ ညဘက်ဘဲ ခရီးထွက်တယ်၊ သူတို့အပြောကတော့ တပ်အပြောင်းအလဲတဲ့။ အမှန်တော့ တပ်မ 77 က အသစ်ထပ်တက်လာတဲ့ တပ်တွေ” – ဟု လားရှိုး ဒေသခံ တဦးက ပြောပြပါသည်။

တပ်မ 77 နှင့် 33 စစ်ယာဉ်တန်းသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် လမ်းသုံးသွယ် ခွဲ၍ ၀ နယ်ဘက် အသီးသီး ခရီးဆက်ကြကြောင်း၊
(၁) လားရှိုး - သိန္နီ - ကွန်လုံ - ဟိုပန် (မိုင်းမော၊ နမ့်တစ် ၀ နယ် ၏ အနောက်မြောက်ဘက် တလွှား)၊
(2) လားရှိုး - မုန်းယော် - တာ့ဆိုင်းလျဲန် (သံလွင်ကူးတို့ဆိပ်)၊
(3) လားရှိုး - နမ့်ပေါင့် - တန့်ယန်း (တာ့ကောင်း အက် မြစ်ကူးသံတား) လမ်းဘက်သို့ ဦးတည် နေသည်ဟု ဆို၏။

“ဗမာ့စစ်တပ်က သူခြိမ်းခြောက်တဲ့အတိုင်း တကယ်လုပ်ရဲမယ် ဆိုရင် 80% က တိုက်ဖို့များနေတယ်၊ အလကားသက်သက် ခြိမ်းခြောက်ရင်တော့ မပြောတတ်ဘူး။ အခု အခြေအနေက မပေါက်ကွဲရင် မပြီးဘူး” – ဟု အဆိုပါ အမည်မဖေါ်လိုသည့် ၀ အရာရှိက ပြောပါသည်။

လက်ရှိအခြေအနေအရ နအဖတပ်က စားနပ်ရိက္ခာများလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း တိုက်ပွဲ ဆင်နွှဲမည် ဆိုပါက အမြန်ဆုံး အင်အားဖြည့် တိုက်ခိုက်နိုင်ရန် အတွက် ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။

ထို့အတူ 2009 နှစ်ဦးပိုင်းက စတင်ချဲ့ထွင် ပြင်ဆင်သည့် မိုင် 40 ခန့်ရှည်သော မိုင်းရှူး - တာ့ဝန်းနောင်း ကျောက်ခင်း လမ်းလည်း 80% ကျော် ပြီးစီ်းနေပြီ ဖြစ်ကြောင်း၊ အဆိုပါ လမ်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက ဖေါက်လုပ် ထားသော်လည်း နှစ်ပေါင်း 20 ကျော် လမ်းဟောင်းလမ်းပျက် အဆင့်ထားပြီး ယခုမှ ပြန်လည် ပြုပြင်လာခြင်းသည် စစ်ရေး မဟာဗျူဟာအတွက် အသုံးပြုဖို့သာဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆို နေကြပါသည်။

“အခုကျောက်တွေ သဲတွေ အထပ်ထပ်ခင်းတယ်၊ ပြီးတဲ့အဆင့် ဖြစ်နေပြီ။ မိုင်းရှူးကနေ ကားမောင်းရင် 4 နာရီ လောက်ဘဲ သံလွင်မြစ်ကို ရောက်ပြီ၊ အဲမှာ ကားတွေ တင်နိုင်တဲ့ သံလွင်မြစ်ကူး စက်လှေ အကြီးစားလဲ 3 စင်းလောက်ရှိနေပြီ” - ဟု ဒေသခံများက ပြောပြပါသည်။

အဆိုပါလမ်းပိုင်းတည်ဆောက်မှုတွင် ဒေသခံ လုပ်အားပေးခေါ်ခြင်း မပြုလုပ်ကြောင်း။ နေ့စဉ်လုပ်အားခငွေ ပေးချေပြီး (စစ်တပ်/သား နှင့် မိသားစုများသာ ငှားလုပ်သော) တရက် အလုပ်သမား 200-300 ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်ခ်ျ 3 ရက်ကလဲ အမည်မသိ လူတစုက အဆိုပါလမ်း ပြုပြင်ရေးတွင် အသုံးပြုသည့် လမ်းကြိတ်စက်တစီး မီးရှို့ ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ဆက်ပြောပြပါသည်။

ဝ တပ်ဘက် ပြန်ကြည့်မည်ဆိုပါက ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီးနောက်ပိုင်း နအဖဘက် စစ်ရေးပြင်ဆင် သကဲ့သို့ ၀ ဘက်က လည်း အဆင်သင့် ပြင်ဆင်မှု ရှိနေကြောင်း ပန်ဆန်း ဒေသခံတဦးက ဤကဲ့သို့ ပြောပြပါသည်။

“အရင်တုန်းက တပ်မဟာမှူးတွေက အလုပ်သိပ်မများရင် ဌာနချုပ်ဘဲ လာနေလေ့ ရှိတယ်လေ၊ အခုတော့ အဲလို မဟုတ်ဘူး။ ဗမာတပ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ နမ့်တစ်ဘက်၊ မန်းဆိုင်၊ မော်ဖှ၊ မိုင်းပေါက်၊ မိုင်းဖျဲန် ဘက်မှာ အသင့်အနေအထား အတွက် ရှေ့တန်း စစ်မျက်နှာစာမှာဘဲ အချိန်ပြည့် သွားကွပ်ကဲ နေကြတယ်”

ဝ နယ်တောင်ဘက်ပိုင်းတွင် စစ်ရေးပြင်ဆင်မှု မထင်ရှားသော်လည်း မြောက်ပိုင်း ဌာနချုပ်နှင့် နအဖ ဆက်ဆံရေး မပြေလည် သောကြောင့် စစ်ရေးအတွက် စိုးရိမ်နေရသည်ဟု မိုင်းတုံ ဒေသခံတဦးကလည်း ပြော၏။

တောင်ပိုင်းဝ တပ်မှူးတဦးက အဆိုပါမိုင်းတုံ ဒေသခံအား နအဖ စစ်ယာဉ်တန်းများ ထူးထူးခြားခြား သံလွင် အရှေ့ဘက်ခြမ်းသို့ ကူးလာသည်ဟု သတင်းရလျှင် ရချင်း မဆိုင်းမတွ သတင်းပို့ပေးရန် အကူအညီတောင်း ထားသည် ဟုလည်းဆို၏။

“တကယ်လို့ ဗမာတပ်တွေ အမြောက်အများ ကူးလာရင် တကယ်တိုက်တော့မယ် ဆိုတဲ့သဘော။ သူတို့ ၀ တပ်မိသားစု အချိန်မှီ အပြောင်းအရွှေ့ လုပ်နိုင်အောင်ပေါ့” - ဟု အဆိုပါ မိုင်းတုံ ဒေသခံက ပြောပြပါသည်။

တောင်ပိုင်း ၀ နယ်မြေ အမှတ် 171 စစ်ဒေသတွင် မိုင်းဆတ် မြို့နယ်ရှိ ၀မ်ဟုံ့၊ မိုင်းယွန်းဒေသ၊ မိုင်းတုံမြို့ နယ်ရှိ ဟွေ့အော့ နှင့် မိုင်းကျွတ် ဒေသများမှ မြောက်ပိုင်း ၀ နယ် တို့ တပ်ရုပ်ပေးရန်။ ထို့အတူ မြောက်ပိုင်း ၀ နယ်ရှိ(မိုင်းယန်း မြို့နယ်) မိုင်းဖျဲန် မိုင်းပေါက် ဒေသအားလည်း နအဖ ဖွဲ့စည်းပုံ အတိုင်း ၀ ဘက်မှ တပ်ရုပ် ပေးရန်။ ထိုတောင်းဆိုချက် အတိုင်း ယခုလ 10 ရက်မှ 15 ရက်အတွင်း ၀ တပ်ဖွဲ့ လိုက်နာခြင်း မရှိက အင်အားသုံး တိုက်ခိုက်နိုင်ခြေ ရှိသောကြောင့် ယခုကဲ့သို့ ရာဇဒဏ် ပေးလာခြင်း ဖြစ်သည်။

တန့်ယန်းတွေ့ဆုံပွဲ မတိုင်မီ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် ၀ နယ်ထဲ တပ်မနှစ်ခု စေလွတ်မည်ဟု စစ်အစိုးရ ခြိမ်းခြောက်ချိန်မှ စ၍ ၀ ပြည် သွေးစည်းရေး တပ်မတော်ကလည်း “မည်သည့် တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်း ကျွံဝင်လာပါက မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ ပစ်မိန့်ပေးထားတယ် ” - ဟု ၀ စစ်ဘက် ရေးရာ အရာ ရှိတဦးကလည်း ပြောဖူး၏။

ဝ နယ်ခြားမျဉ်းတလျှောက် ပြီးခဲ့သည့် အပတ်က၀င်လာသည့် တပ်မ 77 အပြင် ပန်လုံ ဟိုပန်ဒေသ (၀ နယ်မြောက်ဘက် ပိုင်း) တပ်မ 99 ၊ တပ်မ 33 နှင့် 55 အချို့ကလည်း အပစ်ရပ် သျှမ်းပြည် တပ်မတော် နယ်မြေ အတွင်းတွင် ၀င်ရောက် နေရာယူထားပြီး ဖြစ်သည်ဟု စစ်ရေး လေ့လာသူများက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

နအဖ ၏ 2008 ဖွဲ့ စည်းပုံတွင် ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ မိုင်းမော နှင့် ပန်ဆန်း 6 မြို့ နယ်အား ၀ ကိုယ်ပိုင် အုပ်ချုပ်ရ ဒေသတိုင်း အဖြစ် သတ်မှတ်ထားသည်။ သို့သော် တဘက်တွင်လည်း ရှိရင်း ၀ တပ် အင် 3 သောင်းခန့်အား တပ်ရင်း 5 ရင်း (တစ်ရင်းအင်အား 320 ယောက်) အထိ လျှော့ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်၊ ထိုတပ်ရင်းတိုင်း တွင်လည်း နအဖ အရာရှိ အယောက် 30 ပါဝင်ရန် နအဖ က ကန့်သတ် ထားသည်။ ထိုဖိအားအတိုင်း လိုက်နာ ဆောက်ရွက်ရန်၊ သို့မဟုတ် အင်အားသုံး တိုက်ခိုက်မည် ဟု ဤကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။

အဆိုပါ ဖိအားပေးမှုအပေါ် ပေါက်ယူချမ်း ခေါင်းဆောင်သည့် ၀ တပ်ဖွဲ့ကလည်း ၀ ပြည်သည် ပြည်ထောင်စု အစိတ် အပိုင်း တခုဖြစ်ကြောင်း၊ ခွဲထွက်ရန်လည်း ဆန္ဒမရှိကြောင်း သို့သော် တန်းတူ အခွင့်အရေးအရ ၀ အမျိုးသားတို့ အတွက် လက်ရှိ ၀ နေထိုင်နေသည့် အတိုင်း ၀ ပြည် သတ်မှတ်ရန်၊ အသွင်ပြောင်း တပ်တွင် ထိပ်ပိုင်း ခေါင်းဆောင်နေရာမှ တပါး အခြားအရာရှိများ အုပ်ချုပ်ရေး ယန္တရားအဖွဲ့များ လက်မခံသည့် အပြင် ၀ ပြည်သူ့ရဲတပ်ဖွဲ့ ပြည်သူ့စစ် တပ်ဖွဲ့ထားရှိရေး နှင့် ပင်စင်ယူမည့် ပုဂ္ဂိုလ် (5 နှစ် လစာ တခါတည်းပေးရန်) စားဝတ်နေရေး အတွက် နအဖ မှ တာဝန်ယူ ဖြေရှင်းပေးရန် -- ဟူသည့် အချက် 9 ချက် တောင်းဆိုထားသည်။

ဝ တို့၏ တောင်းဆိုချက်များ အားလုံး နအဖ က လုံးဝ ပါယ်ချထားပြီး 2008 ဖွဲ့စည်းပုံအတိုင်း ဖြစ်မြောက်ရန် အတွက် တဘက်သက် ဖိအား ပေးနေခြင်းဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့