..............................

Friday, March 12, 2010

ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား

စိုးမိုး/ ၁၁ မတ် ၂ဝ၁ဝ

နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ သေဆုံးမှုကို လျစ်လျူရှုကာ စစ်အာဏာသုံး အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်လျှင် နိုင်ငံရေးပါတီ မထောင်၊ ရွေးကောက်ပွဲလည်း မ၀င်ဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ယတိပြတ် ပြောကြားလိုက်သည်။

အခြေခံဥပဒေကို ထိန်းသိမ်းမှ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပြုမည်ဆိုသည့် စစ်အစိုးရ ဥပဒေကို မလိုက်နာနိုင်သည့် အပြင် ယင်းဥပဒေအရ နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသာမက ရွေးကောက်ပွဲ ၀င်ရေးကိုပါ မစဉ်းစားဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။

၎င်းက “ဒီဖွဲ့စည်းပုံကို လက်မခံနိုင်တဲ့အတွက် နောက်ထပ် ပါတီထောင်ဖို့ သော်လည်းကောင်း၊ အခု လက်ရှိ ပါတီကိုပဲ မှတ်ပုံတင်မှု အနေနဲ့ သော်လည်းကောင်း ဖြစ်တော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးနောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသား ကွန်ဂရက်ကဲ့သို့ တိုင်းရင်းသားပါတီများ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများကလည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ပါက နိုင်ငံရေးပါတီ ထူထောင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း မပြုလုပ်ဟု သဘောထား ထုတ်ပြန်ပြီး ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

“ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးများအနေနဲ့က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ပြည်နယ်ရဲ့ အခွင့်အရေး တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘာမှကို မရှိဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့က မစဉ်းစားခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ မျှော်မှန်းသည့် နိုင်ငံရေး တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး စသည့် အခြေခံ အချက်များနှင့် မကိုက်ညီခြင်းကြောင့် အခြေခံဥပဒေ ထွက်ပေါ်လာ ကတည်းက တိုင်းရင်းသား ပါတီများက ပြင်ဆင်ရန် တောင်းဆို ထားကြသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများကို ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်ရန် ဥပဒေ ထုတ်ပြန်လိုက် သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များက အခြေခံဥပဒေကို ပြင်ဆင်မှသာ စဉ်းစားနိုင်မည်ဟု ပြောဆိုသည်။

“ဒီမှာ ကျနော် ပြောချင်တာက ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်သည် ဖြစ်စေ၊ မဖျက်သိမ်းသည် ဖြစ်စေ နိုင်ငံရေးကတော့ ဘယ်ခေတ်မှာမဆို ဘယ်အခါမှာမဆို လုပ်ချင်တဲ့ ဆန္ဒရှိရင် ပြည်သူကလည်း ထောက်ခံတယ်ဆိုရင် နိုင်ငံရေးကတော့ ဆက်လုပ်လို့ ရနိုင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီနိုင်ငံတွင် စစ်မှန်သည့် ပြည်ထောင်စုတရပ် ပေါ်ပေါက် လာရေးအတွက် ပြည်သူ တရပ်လုံးက ဆက်လက် ကြိုးပမ်း ကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

“ဒီမိုကရေစီ အခင်းအကျင်းတွေ နိုင်ငံရေး အခင်းအကျင်းမရှိဘဲနဲ့ ရွေးကောက်ပွဲ သက်သက် တခုတည်းနဲ့ ဒီမိုကရေစီ နိုင်ငံကို ထူထောင်လို့ ရနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခင်းအကျင်းတွေ ကောင်းလာဖို့ ဒီမိုကရေစီ အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့ အတွက် ဆက်လက် ကြိုးပမ်း သွားကြဖို့ ပြည်သူလူထုကို ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဦးအေးသာအောင်က ထပ်လောင်းပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းသားများ လွှတ်ပေးရန်၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန်နှင့် ယင်းသို့ မဟုတ်ပါက ၎င်းတို့ပါတီ အနေဖြင့် ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့