..............................

Sunday, March 7, 2010

စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ

ရဲဘော်ဖိုးသံချောင်း
၅/ မတ် ၂၀၁၀

အခုတလော မြန်မာပြည်မှာ လူအများ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကိစ္စ တခုကတော့ နအဖ ဗိုလ်ချုပ်တွေဟာ ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင် ကြေညာ အသိပေးခြင်း မရှိဘဲ နိုင်ငံပိုင် ဓနများကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက် အပ်လိုက်ပြီ၊ အဲဒီ သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့ နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ် ကိုယ်စား လုပ်နေတာ စတဲ့ သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က ကြားရတာ မဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက် ကြားနေ ကြရပါတယ်။

ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ ဦးစီးမှုနဲ့ လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မပြောသလို၊ ဘယ်သူကမှလည်း မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါ ပစ္စည်း ခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုး လုပ်နေကြတာဟာ ဗမာပြည် သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင် သိမ်းတယ် ဆိုတာရဲ့နောက်မှာ အကြီးမားဆုံး ပိုင်ဆိုင်မှု လက်ပြောင်း လက်လွှဲ လုပ်မှုကြီးပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလ စစ်အစိုးရဟာ ဆိုရှယ်လစ် စကားလုံးတွေ လေကြီးဟစ်ကျယ် ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင် ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်အုပ်စုပိုင် လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာ ၀ိသမလောဘ သမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ် အရင်းအနှီး စုဆောင်းတာ ဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကို ဆက်ခံတဲ့ နအဖ စစ်အုပ်စုကတော့ ဈေးကွက် စီးပွားရေး တည်ဆောက်တယ် ဆိုပြီး အရင်းအနှီး ခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့ အပေါင်းပါတွေသာ ချမ်းသာသထက် ချမ်းသာလာတာကို မျက်မြင် တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။

ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခု ဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့ အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကို မဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ ပြန်ပြောရရင် သူတို့တတွေ ဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့ အိတ်ထဲ ထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေ အဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေ ပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက် မပြောရုံ တမယ်ပါပဲ။

မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်း ကတော့ တရုတ် ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင် အားလုံးဟာ ၀ိသမ လောဘသမား အရင်းရှင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာ ခွေးမချီနိုင် ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီး ပေါ်ခဲ့ပါတယ်။

အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလ ဗိုလ်ချုပ်တွေ အတွေ့အကြုံ နည်းလို့ ဒုက္ခရောက်ခဲ့ တာတွေကို သင်ခန်းစာ ထုတ်ယူ ထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင် သိမ်းလိုက်လို့ အလုပ် ရှုပ်ရတာမျိုး သူတို့က အဖြစ် မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ ပြော၊ နယ်ချဲ့ ဆန့်ကျင်ရေး မီးရှူး မီးပန်းတွေ ဖောက်လွှတ်နေလို့ ပြည်ပ အရင်းအနှီးနဲ့ ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှားပါတယ်။ ကောင်းတဲ့ အလားအလာ ရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲ ထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာ အကျိုးရှိမယ်၊ စားကွက်ရှိမယ် ဆိုရင် န၀တ၊ နအဖ စစ်ဗိုလ်တွေဟာ အရှေ့ကဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီး မှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ ထိပ်သီးတွေ အတွက် ခံစားခွင့် ပါဖို့ပါပဲ။

ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေက လာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်က ချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်က စလို့ အစဉ်အလာ တခုလို ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုလို ဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့် ဖြစ်ခဲ့တယ် မဟုတ်ပါလား။ နောက်ပြီး အဲဒီ စားကွက်တွေ အတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စု ဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေး ဗိုလ်မှူးကိုင်နိုကို သတ်ပစ်ခဲ့တာ၊ ၁၉၇၀ စု နှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင် တရားစွဲတာ စတာတွေဟာ အဲဒီလို ဂိုဏ်းအုပ်စုနဲ့ စားခွက် ပြဿနာတွေ ကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသ ထိပ်သီးတွေဟာ နယ်ခံ အာဏာရှိသူတွေနဲ့ လုံးမိ ကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသား လူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်က စလို့ စစ်အုပ်စု ထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက် ဆုံခဲ့ကြတာပါပဲ။

ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေ ပျောက်ကုန် ကြပါတယ်။ သူတို့ရဲ့ ရောင်းရင်း အပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန် ကြပါတယ်။ ဒီ့နောက် ၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေ ပေါ်တော့မှ စစ်အုပ်စု ထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း နိုင်ခဲ့ပါတယ်။ မဆလ ထိပ်သီးတွေ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေ ရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့ ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံး သိပြီးမို့ အထူးရေးဖို့ မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ် အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် လုပ်ရေး ကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင် ဖြစ်နေကြတာမှာ ဒီစားကျက်ကြီး ပြန်ပျောက်သွားမှာ စိုးနေတဲ့ အကြောင်းရင်းလည်း ပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ ၀င်းဝင်းပါ။

ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်း တို့ဟာ အထက်မှာပြောခဲ့သလို ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခ ပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့ ကတော့ အဲဒီလိုလူတွေ အထဲက သူတို့ အသုံးချမယ့် လူတွေကို ရှာဖွေ မွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေး ဆိုတာမျိုးတွေလည်း ဖြတ်သန်း ခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေ ကိုယ်စား နာမည်ခံ စီးပွားရေး လုပ်ငန်း ထောင်ပေးမယ့် လူတွေကိုလည်း စိစစ် မွေးမြူတာ လုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံ လူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊ တူမပေးလို့တောင် မွေးယူ ကြပါတယ်။

အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စု က စခဲ့တဲ့ မြန်မာပြည် စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ် လုပ်ကိုင်နည်းရဲ့ အဆက်တွေသာ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ ဘီအီးဒီစီပိုင် ကြယ်ငါးပွင့် လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ ငါဘုရားလက်ထက်မှာ ဒေ၀ဒတ် ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရ သလိုပါပဲ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့