..............................

Saturday, March 13, 2010

နအဖ တပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်း ချဉ်းကပ်

Friday, 12 March 2010

ယခုတပတ်အတွင်း နအဖ တပ်မများ ၀ ထိန်းချုပ်နယ်မြေအနီး ပိုမို ဖြည့်တင်း ချဉ်းကပ်လာသည်ဟု စုံစမ်း သိရှိရပါသည်။ “မြောက်ပိုင်း ၀ နယ်မြေ ပတ်ပတ်လည်မှာ ဗမာတပ်မ ၄ ခုလောက် ရောက်နေတယ်။ ဒီလဆန်းပိုင်းကလဲ တပ်မ ၇၇ က အလုံးအရင်းနဲ့ တက်လာတယ်၊ ရိက္ခာတွေ၊ စစ်လက်နက် ပစ္စည်းတွေ တင်ပို့တယ်။ မနေ့ကလဲ တပ်မ ၇၇ ဘဲ စစ်သားတွေက ၅၀၀ ကျော်တယ်။ လားရှိုးကနေ သိန္နီကို ဖြတ်သွားပြီ၊ ကိုးကန့်နဲ့ ၀ နယ်ခြားဘက်ကို ဦးတည်တယ် ထင်တယ်” - ဟု အမည်မဖေါ်လို သည့် လားရှိုးသား တဦးက ပြောပါသည်။

မတ်ခ်ျ ၁၁ ရက် သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်ဘက်ရောက်နေသည့် တပ်မ ၅၅ ကလည်း အင်အား ၂၀၀ ခန့်ပါ စစ်ကား ၇-၈ စီးဖြင့် မိုင်းရှူးမြို့က တဆင့် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့ ဆင်းသွားကြောင်း၊ ထို့နည်းတူ သံလွင်အရှေ့ခြမ်း မိုင်းပြင်းမြို့ နယ်အတွင်းရှိ နအဖ တပ်များကလည်း မြောက်ဖက်ရှိ နမ့်ခါချောင်းကို ဖြတ်ကျော်၍ ၀ နယ်အနီး လွယ်ပန်လုံသို့ အင်အား ထပ်ဖြည့် ထားသည်ဟု ဒေသခံများက ဆိုသည်။

“တပ်မ ၃၃ အင်အား ၁၅၀၀ ခန့်က ကိုးကန့်နယ်ဘက်မှာ ရှိနေပြီးသား။ မိတ္တိလာ အခြေစိုက် တပ်မ ၉၉ က ရှိပြီးသား အပြင် ထပ်လာဦးမယ်”- ဟု ကိုးကန့် ဒေသခံ တဦးက ပြောပါ၏။

ဧရာဝတီ သတင်းထုတ်ပြန်ချက်အရ အပစ်ရပ်တပ်ဖွဲ့များဖြစ်သည့် ကချင် KIA၊ သျှမ်းတပ်ဖွဲ့ SSA၊ ၀ တပ်ဖွဲ့ UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA-ESS အား တိုက်ခိုက်ရန် နအဖ တပ် အင်အား ၇၀,၀၀၀ ပြင်ထားသည်ဟု ဆိုပါသည်။

တရုတ် နယ်စပ်အခြေစိုက် မြန်မာ့နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက ဗမာ့တပ်မတော်တွင် တပ်မတခုလျှင် ခလရ/ခမရ တပ်ရင်း ၁၀ ရင်းရှိကြောင်း၊ တပ်ရင်း တစ်ရင်းတွင် လက်နက်ကိုင် အင်အား ၁၅၀-၁၆၀ ကြားသာ ရှိကြောင်း၊ ၀ တပ်အား အမှန်တကယ် တိုက်ခိုက်မည် ဆိုပါက နအဖတို့ ကြီးမားသည့် အသက် သွေး၊ ချွေး၊ အရင်းအနှီး သွေးထွက်သံယိုမှု အများအပြား ပေးဆပ်ရမည် ဖြစ်ကြောင်း ပြောဆို သုံးသပ်ပါသည်။

ဝ နယ်အနီး နအဖ တပ်များချဉ်းကပ် လာသကဲ့သို့ ၀ တပ်အဖွဲ့ အကြီးအကဲ များကလည်း ယခုလ ၂ ရက်နေ့က မည်သည့် အဖွဲ့မဆို မိမိ ထိန်းချုပ်နယ်မြေ သတ်မှတ်မျဉ်း အတွင်း ခြေ ၁၀ လှမ်းမျှ ကျွံဝင်လာပါက မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ပစ်မိန့် ထပ်ပေးထားကြောင်း - ၀ အရာရှိ တဦးက ပြောပါသည်။

အဆိုပါ စစ်ရေးတင်းမာမှုအပေါ် အမည်မဖေါ် လိုသည့် NGO ၀န်ထမ်းတဦးက က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပါသည်။ “ပန်ဆန်းမြို့တွင်းမှာ ရော ဈေးထဲမှာရော ပြည်သူတွေက ပုံမှန်ဘဲ။ အရင်ကလိုတော့ ဈေးရောင်း မကောင်းတာက လွဲလို့ပေါ့။ ဗမာ အာဏာပိုင်ရော၊ ၀ အာဏာပိုင်ရော အစစ်အဆေး အရမ်းများတော့ NGO တွေ အလုပ်လုပ်ရတာ ကသိကအောင့် ပိုဖြစ် လာတာပေါ့”

၂၀၀၉ ကိုးကန့် အရေးအခင်းမှ စ၍ အပစ်ရပ် ၀ တပ်ဖွဲ့ နှင့် နအဖ ဆက်ဆံရေး မပြေလည်မှုကြောင့် ပုံမှန်လည် ပတ်နေသည့် NGO လုပ်ငန်းများ၏ ထက်ဝက်ခန့် လျောကျ သွားသကဲ့သို့ ဘဏ္ဍာရေး ဘက်လည်း ဖြတ်တောက် ခံရကြောင်း၊ နှစ်ဘက် အာဏာပိုင်များ အစစ်အဆေးလည်း ပိုမိုတင်းကြပ်လာကြောင်း၊ မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် ထိထိရောက်ရောက် အလုပ် မလုပ်နိုင်ကြကြောင်း၊ ထို့အတူ ၀ ပြည်နယ်အတွင်း ရောက်ရှိ နေသည့် ဗမာစစ်တပ် သူလျှိုအဖြစ် သင်္ကာမကင်းသူ(ဖျာထမ်း၊ စောင်ထမ်း၊ ငါးပိ ငါးခြောက် တံမြက်စည်း ရောင်းသည့် ဗမာလူမျိုးများ၊ ဘုန်းကြီးအတု အယောင်ဟု ထင်ခံရသူများ) အယောက် ၂၀ ခန့် စစ်ဆေး ဖမ်းဆီးခံရကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့