..............................

Thursday, February 11, 2010

နအဖကမ်းလှမ်းမှုကို ဝခေါင်းဆောင် ထပ်မံပယ်ချ

ပေါက်ပေါက်
၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ တွေ့ဆုံဆွေးနွေးလိုမှု ကမ်းလှမ်းချက်ကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းက ပယ်ချခဲ့သည်။

ယခုလ (၆) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရောက်ရှိနေသည့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြောကြားချက်ကို ပေါက်ယူချန်းက ကျန်းမာရေး မကောင်းသဖြင့် လားရှိုးသို့ မလာရောက်နိုင်ကြောင်း၊ ဆွေးနွေးလိုပါက ပန်ဆန်းမြို့သို့ ကိုယ်တိုင်လာ ရောက်ရန် အကြောင်း ပြန်ခဲ့သည်ဟု ဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ပေါက်ယူချန်း ကျန်းမာရေး မကောင်းလို့ ပထမ တခေါက်တုန်းကလည်း လာမတွေ့နိုင်ဘူးလို့ ပြောထားပြီးပြီ။ အခု ထပ်ခေါ်ပြန်တယ်။ တကယ် တွေ့ဆုံ ဆွေးနွေးချင်တယ် ဆိုရင် ပန်ဆန်းကို ကိုယ်တိုင် သွားတွေ့ပေါ့။ ဟိုက ကျန်းမာရေးအရ မလာနိုင်ဘူးဆိုရင် သွားတွေ့နိုင်တဲ့သူက သွားတွေ့လို့ ရနေတာပဲ” ဟု ပြောသည်။

ဇန်နဝါရီ (၅) ရက်နေ့၌ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တွေ့ဆုံ ဆွေးနွေးလိုကြောင်း အကြောင်းကြား ခဲ့သည်ကိုလည်း ဝ ခေါင်းဆောင် ပေါက်ယူချန်းက ငြင်းဆိုခဲ့ပြီး ယခုအကြိမ်သည် တလအတွင်း ဒုတိယအကြိမ် ငြင်းဆိုခြင်း ဖြစ်သည်။

ဝ ခေါင်းဆောင် ပေါက်ယူချန်းသည် သူ့အသက်အန္တရာယ် အတွက် တစုံတရာ စိုးရိမ်မှုအရ သွားရောက်တွေ့ဆုံရန် ငြင်းဆိုသည်ဟု မထင်မြင်ကြောင်းနှင့် ကျန်းမာရေးကြောင့်သာ ယခုကဲ့သို့ ငြင်းဆိုပုံ ရပြီး ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကသာ စိုးရိမ်နေခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဝတွေက မကြောက်လို့လည်း သူတို့ကိုယ်စားလှယ်တွေ လွှတ်နေတာပဲ။ ပန်ဆန်းမှာ အစိုးရ ဝန်ထမ်းတွေ ရှိတယ်။ ဝ နယ်ထဲမှာလည်း သူ့တပ်ရင်းတွေ ရှိနေတာပဲ။ ဗိုလ်ရဲမြင့် ကိုယ်တိုင် စိုးရိမ် ကြောက်လန့်လို့ မသွားတွေ့တာဘဲ ဖြစ်နိုင်တယ်။ ဝ ခေါင်းဆောင်တွေ ဆီက ပြန်ကြားရတာက ဝ ကိုယ်စားလှယ်တွေကို ဗိုလ်ရဲမြင့်က မချေမငံ ဆက်ဆံတယ်၊ ဆွေးနွေးတဲ့ အခါလည်း အပေးအယူ ညှိညှိနှိုင်းနှိုင်း ပြောလို့ ဆိုလို့ မရဘူး။ ပြီးခဲ့တဲ့ (၄) လပိုင်းက ပြောခဲ့တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေးပဲ ပြောနေတယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် အောက်ခြေတပ်ရင်းများ၌ မိမိတို့ တပ်ဖွဲ့ဝင်များ ဖြင့်သာ ဖွဲ့စည်းလိုပြီး မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ်တခုအဖြစ် သတ်မှတ်ကာ ဝ တိုင်းဒေသကြီး အတွင်း ထည့်သွင်းရေး၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ဝ တပ်ဖွဲ့ ထိန်းချုပ်ထားရာ ဝမ်ဟုန် စစ်ဒေသအား ဝ အုပ်ချုပ်ရေး ဒေသအတွင်း ဆက်လက် ထားရှိရေး စသည့် ဝ တပ်ဖွဲ့၏ တောင်းဆိုချက် များကို နအဖဘက်က လက်မခံဘဲ နအဖစစ်တပ်မှ အရာရှိနှင့် အခြားအဆင့် လူအင်အား (၃ဝ) ခန့် ပါဝင်မည့် နယ်ခြားစောင့် တပ်ရင်း ဖွဲ့ရေးကိုသာ နအဖဘက်က ဖိအားပေး ပြောဆိုနေသည်ဟု သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့