..............................

Thursday, February 11, 2010

လက်နက်ချ/တပ်အသွင်ပြောင်းမှုသည် ညံ့ဖျင်းသူအလုပ်ဟု SSA ခေါင်းဆောင်ပြော

ဗုဒ္ဓဟူးနေ့၊ 10 ဖေဖော်ဝါရီလ 2010

အပစ်ရပ်သျှမ်းပြည်တပ်မတော်အား နယ်မြေစောင့်တပ်/ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖ ဆက်တိုက် ဖိအား ပေးနေချိန်တွင် SSA ခေါင်းဆောင်တဦးက ‘လက်နက်ချ/တပ်အသွင် ပြောင်းမှုသည် ညံ့ဖျင်း သူတို့၏ လုပ်ရပ်’ ဟု တုန့်ပြန် ပြောဆိုခဲ့ကြောင်း နီးစပ်သူတဦးက ပြောပါသည်။

“၂၀၀၉ နှစ် ကတည်းက လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်းသန်းထွဋ် က ဗိုလ်ချုပ်ကိုင်ဖကို အင်အား ရာနဲ့ချီ ကိုယ်တိုင် ဦးစီးပြီးတော့ လက်နက်ချဖို့အထိ ဖြောင်းဖြ စည်းရုံးတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ အများကြီး ရစေရမယ်လို့လဲ မက်လုံး ပေးဘူးတယ်။ ဗိုလ်ချုပ်ကိုင်ဖ က လက်နက်ချတယ် ဆိုတာ ယောင်္ကျား တယောက် / တော်လှန်ရေး သမား တယောက် အတွက် အနိမ့်ကျ အသိမ်ဖျင်းဆုံး အလုပ်ဘဲလို့ တုန့်ပြန် ပြောဆိုခဲ့တယ်”-ဟု ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူ တဦးက ပြောပါသည်။

တပ်အသွင်ပြောင်းရေးအတွက် ၂၀၁၀ ဖေဖေါ်ဝါရီ ၆ ရက် တွေ့ဆုံရာတွင် နအဖ ကိုယ်စားလှယ် ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်မှ အပစ်ရပ် SSA ခေါင်းဆောင် ဗိုလ်ချုပ် လွယ်မောဝ်းအား ယခုလကုန် နောက်ဆုံးထား၍ အသွင်ပြောင်းမည့် လူအင်အား စာရင်းများ ပေးပို့ရန် နောက်ဆုံးဒက်လိုင်း ထပ်မံ ပေးလိုက်သည်ဟု ဆိုပါသည်။

နအဖ ဆန္ဒသဘောထားကိုဆန့်ကျင်သူ ခေါင်းဆောင်ပိုင်း တဦးက - “အသက်ရှင် ရုန်းကန် နေနိုင်သမျှ ကာလ ပတ်လုံး ဆီးအိုးနဲ့ ကျင်ငယ်စွန့်ရတဲ့ (ချုပ်နှောင်ခံရတဲ့သူ) ဘ၀မျိုး အဖြစ် မခံနိုင်ဘူး။ ၀ှစ်သောက်ဘ၀ (လိုင်စင်မဲ့လူ) နဲ့ နေတာ ပိုကောင်းတယ်” - ဟု ပြောကြောင်း ၎င်းနှင့် နီးစပ်သူတဦးက ပြောပါသည်။

“အခုအခြေအနေက အပစ်ရပ် SSA ခေါင်းဆောင်တွေ ခိုင်မာပြတ်သားရမယ့် အချိန်၊ အစည်းအဝေးလဲ အရင်ကလို ဆိုင်ကျောဝ့် (စိန်ဂျော့) မှာ မလုပ်တော့ဘူး၊ စစ်ဦးစီးချုပ်ရှိတဲ့ တပ်မဟာ ၁ ဘက် လာလုပ်တယ်။ အခု ဒု ဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖ ကိုယ်တိုင် အဲဒီမှာ ရောက်နေတယ်၊ စစ်ဦးစီးချုပ်နဲ့ ဆွေးနွေးနေတယ် ပြောတယ်”- ဟု တပ်မဟာ ၁ ဌာနချုပ် အခြေစိုက် ၀မ့်ဟိုင်း နယ်သားတဦးက ပြောပါသည်။

တပ်အသွင်ပြောင်းရန် နအဖ ဖိအားပေးနေချိန်၊ နအဖအလိုရှိသည့် လူအင်အား ၈၈၈ ယောက် စာရင်းရရေး အတွက် အပစ်ရပ် သျှမ်းပြည် တပ်မတော် အခက်အခဲ ဖြစ်နေချိန်တွင် လားရှိုး - တန့်ယန်း လမ်းပေါ် တနေရာ၌ နအဖ အရပ်ဝတ် စစ်ဗိုလ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း၊ အဆိုပါ ကားလမ်းကိုလည်း အသွားအလာ ခေတ္တ ပိတ်ထားကြောင်း - သီးခြား အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်က ပြောပါသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေသည် အခြားအင်အားကြီး အပစ်ရပ်တပ်ဖွဲ့များ ကဲ့သို့ နယ်စပ် နယ်နမိတ် ထိစပ်ခြင်း မရှိ၊ ထိန်းချုပ် နယ်မြေအတွင်း၌ နအဖ တပ်များ သွားလာလှုပ်ရှားလေ့ ရှိခြင်းကြောင့် တခြား အပစ်ရပ် တပ်များထက် ပိုမို ဖိအားပေးခံနေရခြင်း ဖြစ်သည်ဟု သုံးသပ်သူများက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့