..............................

Thursday, February 11, 2010

သျှမ်းပြည်ကွန်ဂရက် အီးစီဥက္ကဌရာထူး လားဟူခေါင်းဆောင် ပြန်လည်အရွေးခံရ

ဗုဒ္ဓဟူးနေ့၊ 10 ဖေဖော်ဝါရီလ 2010

ဒုတိယအကြိမ်မြောက် သျှမ်းပြည်ကွန်ကရက်ညီလာခံကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ၃ ရက် ကျင်းပခဲ့သည်ဟုသိရပါသည်။

“ဒီမိုကရေစီနည်းနဲ့ ဗဟိုအမှုဆောင် ၉ ယောက် ပြန်လည်ရွေးချယ်တယ်၊ တာဝန်သက်တမ်း ၁ နှစ်ကနေ ၂ နှစ် တိုးလိုက် တယ်။ (LDU) လားဟူ အမျိုးသားခေါင်းဆောင် ဦးဂျဘိုးလုံကဘဲ လျှို့ဝှက်မဲ အများဆုံးနဲ့ ဒုတိယအကြိမ် အဖြစ် ဥက္ကဌနေရာ ပြန်ရတယ်” - ဟု ညီလာခံ တက်ရောက်သူ တဦးက ပြန်လည်ပြောပြ၏။

၂၀၁၀ ဖေဖေါ်ဝါရီ ၄ - ၆ ရက် လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ကျင်းပခဲ့သည့် သျှမ်းပြည်ကွန်ကရက် Shan State Congress SSC ညီလာခံတွင် - ၁။ EC ၉ ဦး၏ တာဝန်သက်တမ်း ၂။ ရန်ပုံငွေရှာဖွေရေး ၃။ စည်းရုံးရေး (သျှမ်း ပြည်အတွင်း လက်နက်ကိုင် အဖွဲ့အစည်း ကြီးငယ်အားလုံး၊ သျှမ်းပြည်ဆိုင်ရာ နိုင်ငံရေးပါတီ၊ လူထု အခြေပြုလူမှု အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ တတ်သိပညာရှင် သြဇာ တက္ကိမရှိ ပုဂ္ဂိုလ်များအား စည်းရုံးရန်)၊ ၄။ EC ၉ ဦး၏ လုပ်ပိုင်ခွင့်ဆိုင်ရာ တာဝန် ၀တ္တရားများ/ငွေကြေး သုံးစွဲပိုင်ခွင့် -- စသဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

“ EC ၉ ယောက်ကို မဲပေးပိုင်ခွင့်ရှိသူ ၇၈ ဦးက မဲပေး ရွေးကောက်တင်မြှောက်တယ်။ ဦးဂျဘိုးလုံက ၃၆ မဲ ရပြီး စိုင်းလောဝ်ဆိုင်က ၂၁ မဲ၊ စိုင်းပင်ခမ်းက ၂၂ မဲ ကျန်တဲ့သူလဲ အနည်းအကျဉ်းစီ ရကြပါတယ်” - ချင်းမိုင်မှ ညီလာခံ သွားတက်သူ တဦးက ပြောပါသည်။

ပအိုဝ်း၊ လားဟူ၊ ၀ နှင့် သျှမ်းတိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သည့် သျှမ်းပြည် ကွန်ကရက်သည် သျှမ်းပြည်တွင်းနေ တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေး ရရှိရေး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် လက်တွဲ ဖြေရှင်းရေး အတွက် ၂၀၀၈ နှစ်ကုန်ပိုင်းတွင် စတင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က သျှမ်းပြည်တွင်း/ပြည်ပ အသင်းအဖွဲ့ ကြီးငယ် ၁၄ ဖွဲ့သာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် ၂၆ ဖွဲ့ အထိ တိုးချဲ့ ခဲ့သည်ဟု အစည်း အဝေးတက် ရောက်သူများက ပြန်လည် ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့