..............................

Wednesday, January 27, 2010

တူကြီးလျှင်ပေ … လူကြီးလျှင်တေ

January 27, 2010


ကျနော်အနေ ဖြင့် ဤကဲ့သို့ ပုဂ္ဂိုလ်ရေး အိတ်ဖွင့် ပေးစာမျိုး ကိုရေးလေ့ ရေးထ မရှိပါ။ သို့ ပေသည့် လည်း ………..

10 January 2009 နေ့ က VOA မြန်မာပိုင်း ရဲ့ တိုက်ရိုက်လေလှိုင်းအစီ အစဉ်မှာ “သမိုင်းမှာ တချက် မှားခဲ့လို့ နှောင်လာ နောက်သားတွေ တသက် လိုက်လို့ မမှီခဲ့တဲ့ အကြောင်း” ဆိုတာကို ဆွေးနွေးတင်ပြ သွားတာကို ကြားလိုက်ရပါတယ်။ (စီစဉ်သူ ဦးကျော်ဇံသာကတော့ ဒီအသုံးအနှုန်းဟာ သူရဲ့အာဘော်မဟုတ်၊ ယနေခေတ် သမိုင်းပညာရှင်များ အသုံးပြု နေသော အသုံးအနှုန်းသာ ဖြစ်ကြောင်းကိုလည်း တင်ကြို စကားပလ္လင် ခံသွားပါတယ်)

ယနေ့ အချိန်အခါလို တကယ်စစ်မှန်တဲ့ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ တန်းတူညီမျှရေး စတဲ့ အခွင့်အရေး တွေရဲ့ အရသာကို ကျနော်တို့ မြန်မာပြည်သူများ မခံစား၊ မတည်ဆောက် နိုင်သေးတဲ့ အချိန်အခါမှာ အတိက်က ဖြစ်စဉ်၊ ဖြစ်ရပ်တွေရဲ့ အကြောင်းမှန် သမိုင်း ဖြစ်ရပ်များကို မှန်မှန်ကန်ကန် သိမြင်ဖို့၊ မှန်ကန်စွာဖြင့် သုံးသပ် ဖို့ရာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှလည်း သမိုင်း သင်ခန်းစာ ဆိုတာကို ယူနိုင်မှာပါ။ အတိတ်ဆိုတာ အနာဂတ်ရဲ့ ပုံရိပ်လို့ ဆိုသလို ၊ အတိတ်ရဲ့ သင်ခန်းစာကို ပစ္စုပ္ပန်မှာ အာရုံပြုပြီး အနာဂတ်ကို တည်ဆောက်ရ မှာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းရေးရာများကို ပြောဆို ဆွေးနွေးကြတဲ့ အခါမှာ ငါ့စကား နွားရဖြင့် တဖက်သတ် ပြောဆိုခြင်းထက် Big Picture ဆိုတဲ့ သမိုင်းဖြစ်စဉ် တခုလုံးကို ခြုံငုံမြင်နိုင်မယ့် နောက်ခံအချက် အလက် များကို ရှာဖွေ၍ ဖြန့် ကြည့်ခြင်း ကသာ ပိုမိုပြည့်စုံနိုင်တဲ့ အဖြေကို မြင်ရမှာ ဖြစ်ပါတယ်။

ငါတရားလို ငါတရားသူကြီး လုပ်ရင်ဖြင့် သမိုင်းမှန်ကို ထိမ်ချန် ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့၊ ကြိုးစားနေသော မြန်မာပြည်က အစဉ်အဆက် အုပ်စိုးသူ လူတန်းစားများထဲမှ အဆိုးဆုံးဖြစ်သော စစ်အာဏာရှင် နအဖနှင့် တကိုင်းထဲ မှာ (သို့) ကိုင်းဖျားကိုင်းနားမှာ…ဟု ဆိုရမလိုပင် ထင်မြင်မိပါတယ်။ ထို့အပြင် သမိုင်းကို လေ့လာ သုံးသပ်ရာတွင်လည်း မင်းဖက်က ကြည့်တော့ လက်ဖမိုး၊ ငါ့ဖက်က ကြည်တော့ လက်ဖ၀ါးဆိုပြီး ဖြစ်မယ့်အစား ပြည်သူ့ဘက်က ဘယ်လို ကြည့်မြင် သုံးသပ်မလဲ ဆိုတာက ပို အရေးကြီးပါတယ်။

အဲဒီ 10 January 2009 နေ့  VOA ရဲ့ ... တိုက်ရိုက်လေလှိုင်း program ကလည်း အစထဲက ယဉ်သကိုး ဆိုသလို စ,စ, ဖွင့်ခြင်းမှာပဲ နော်ဝေး က ဦးဖိုးသာအောင် ဆိုတဲ့သူရဲ့ ကြိုတင် အသံသွင်းပြီး ပေးပို့ထားတဲ့ သူရဲ့ (အသံ file) ပြောဆိုချက်နဲ့ ဖွင့်လှစ်ခဲ့ပါတယိ။ သူကိုယ်တိုင်ပဲ တရားလို၊ သူကိုယ်တိုင်ပဲ တရားသူကြီး လုပ်သွား သလိုပါပဲ။ (တကယ်တော့လည်း လူတိုင်းဟာ ကိုယ့်သမိုင်း ကိုရေး နေကြတာပါပဲ) သမိုင်းဖြစ်ရပ်တွေ ဆိုတာ ရှောင်တခင် ဖြစ်တက်တဲ့ အကြောင်းတွေ မဟုတ်ဘူး ဆိုတာကို သမိုင်းကို လေ့လာ နားလည်သူတိုင်း သိမှာပါ။ အဖြစ် အပျက်တိုင်းမှာ နောက်ခံ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒါကြောင့် သမိုင်း အဖြစ်အပျက်တွေနဲ့ အဲဒီ အဖြစ်အပျက် တွေရဲ့ နောက်ခံ အကြောင်းအရင်းတွေကို ဆက်စပ် နားလည်တတ်မယ် ဆိုရင်ဖြင့် သမိုင်းမှန်ဆိုတာကို တွေ့ရှိဖို့ရာ ပိုမိုနီးစပ် လာနိုင်မှာပါ။ အာဃာတတွေ၊ ခံစားချက်တွေနဲ့ အချက်အလက်ဆိုတဲ့ facts နဲ့ ထွေးရော တင်ယှက် မဖြစ်မိဖို့ကတော့ အရေးကြီးပါတယ်။

တကယ်တော့ ကျနော်တို့ မြန်မာပြည်မှာ ပြည်တွင်းစစ်မီးကြီးဟာ အမျိုးသား ညီညွတ်ရေး ပြိုကွဲခဲ့လို့ ဖြစ်ပွားခဲ့ ရတာ ဖြစ်တယ်လို့ အနှစ် သာရအရ ပြောနိုင်ပေမဲ့လည်း ... ဒီပြိုကွဲမှုတွေဟာ ဘယ်ကစလို့ ဘယ်လို အကြောင်း အချက်တွေ ပေါ်မှာ အခြေခံခဲ့တယ်၊ ဘယ်သူတွေက သွေးထိုးခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိခဲ့တယ်၊ ဘယ်ကိစ္စ တွေက ဒီအခြေအနေတွေထိ ရောက်အောင်ကို တွန်းပို့ ခဲ့တယ် ….. စတဲ့ စတဲ့ အဖြစ်အပျက်တွေ၊ အချက် အလက်တွေ အားလုံး ထည့်သွင်း ဆက်စပ်ကြည့်မှသာ သမိုင်းပုံရိပ်စစ်ကို မြင်နိုင်ဖို့ နီးစပ် ပါလိမ်မယ်။ တကယ်တော့လည်း ပြည်တွင်းစစ် ဘာကြောင့် စဖြစ်ရလည်း ဆိုတဲ့ကိစ္စကို သမိုင်းရေးရာ အရ ပြောမယ်ဆိုရရင် ယခုအချိန်ထိ မပြီးသေး၊ မပြည့်စုံသေးတဲ့ ပန်းချီကား တချပ်လိုပါပဲ။ ဘာကြောင့် ဒီလို ပြောရလည်း ဆိုတော့ အဲဒီဖြစ်စဉ်ထဲမှာ ပါဝင် ကပြခဲ့ကြတဲ့ သူတွေ၊ (အဲဒီထဲက တချို့ကတော့ သက်ရှိထင်ရှား ရှိနေပါသေးတယ်) ၊ အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ဘက်က ဖြစ်စဉ်တွေ၊ ခံစားချက်တွေကို ယခုချိန်ထိ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့် လူထုကို တင်ပြခွင့် မရနိုင် သေးသလို၊ ဒီပြည်တွင်းစစ် ဆိုတဲ့ ပန်းချီကားပေါ်မှာ ဒီနေ့အထိ မှုန်းချယ်ထားတဲ့ စုတ်ချက်တွေဟာလည်း ဖဆပလ ဆိုရှယ်လစ်တွေနဲ့ ခေတ် အဆက်ဆက်က စစ်အုပ်စုတွေရဲ့ တဖက်သတ် လက်ဝါးကြီး အုပ်ပြီး တင်ထားတဲ့ စုတ်ချက် တွေချည်းပါပဲ။ ကျန်တဲ့ ပါဝင်ပတ် သက်ခဲ့တဲ့ သူတွေကတော့ အရောင်မှိန်မှိန် ဟိုတစက်၊ ဒီတစက် လောက်ပဲ ၀ိုးတိုးဝါးတား တင်ခွင့် ရကြသေးတာပါ။ ဒီ ကြားထဲမှာလည်း မြန်မာပြည်ကို ၂ ရက် တပိုင်းလောက်, လာ၊ ပြီးတော့ ဟိုလူ ဒီလူနဲ့ ၁၀ မိနစ်စာ ၁၅ မိနစ်စာလောက် interview လုပ်ပြီး တက်သိ တက်ပ လုပ်တတ်တဲ့ Coat အင်္ကျီဝတ် ပညာရှင်ဆိုတဲ့ လူများကလည်း ဒီမပြီးသေးတဲ့ ပန်းချီကားကို အတင်းပြီးပါပြီ ဆိုပြီး ထုပ်ပိုးလို့  ဈေးကွက်ကို တင်ရောင်း နေတာကလဲ ရှိပါသေးတယ်။

အဲဒီနေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ သမိုင်းပညာရှင် ဦးအောင်ခင်ကလည်း ယခုအချိန်ဟာ စစ်အစိုးရက မြန်မာ့ သမိုင်းမှာ အဆိုးရွားဆုံးနဲ့ အကြီးမားဆုံး သမိုင်းထိမ်ချန်၊ လိမ်ညာပွဲကြီး လုပ်နေချိန်လို့လည်း သတ်မှတ်သွားပါတယ်။ ထို့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့် ရှိနေတဲ့ အနေအထားမှာ ရောက်နေ၊ ရှိနေသူတွေ အနေဖြင့် တိုင်းပြည်ရဲ့အကျိုး နောင်လာနောင်သား မျိုးဆက်သစ် တွေရဲ့ အကျိုးကို မျှော်ကိုးရင်း အဲဒီလိုရတဲ့ အခွင့်အရေးတွေကို တန်ဖိုးသိသိ၊ တာဝန်ရှိရှိနဲ့ အသုံးချ သင့်ပါတယ်။ (ဒီနေရာမှာ ကျနော့်အမြင်ကို တချက် ထည့်ပြောရလျှင် internet web site တွေမှာ ပြောဆိုနေ၊ ရေးသားတာတွေထက် မြန်မာပြည်ထဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပျံ့နှံ့ သက်ရောက်တဲ့ ယခုလို လေလှိုင်း မီဒီယာတွေမှာ ပြောဆို နေတာတွေဟာ ပိုပြီး တာဝန်ကြီးတယ်လို့ ထင်ပါတယ်။ ကိုယ့်စကားကိုလည်း ကိုယ်တာဝန်ယူ၍ ပြောဆို ရပါလိမ့်မယ်) အတ္တအစွဲတွေ၊ အညိုးအတေးတွေကို ဖျောက်ပြီး ခံစားချက်နဲ့ facts ကို ခွဲခြားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဦးဖိုးသာအောင်တို့လို၊ ကျနော်တို့လို တတိယ အရွယ်ကို ဖြတ်သန်းနေ သူတွေ အနေဖြင့် တာဝန် ပိုရှိတယ်လို့ ခံစားမိပါတယ်။ တူကြီးလျှင်ပေ … လူကြီး လျှင်တေ မျိုးမဖြစ်သင့်ပါ။

ဒီ VOA တိုက်ရိုက်လေလှိုင်းမှာပြောခဲ့တဲ့ ဟာလေးတွေ အကြောင်း ပြန်ဆက်ရရင်ဖြင့်… ဦးဖိုးသာအောင် ပြောသွားတဲ့ လူတစု ဆိုတာကိုကပဲ စပြီး တင်ပြချင်ပါတယ်။

ဦးဖိုးသာအောင် က ပြောသွားပါတယ်၊ မြန်မာပြည်ဖြစ်ပျက်ခဲ့သမျှ သမိုင်းတို့ရဲ့ အရင်းခံ အမှားဟာ လူတစုက နေပြီး ၁၉၃၉ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗမာပြည် ကွန်မြူနစ် ပါတီကိုကစပြီး ဖွဲ့ခဲ့လို့ ဖြစ်တယ်လို့ ဆိုလာပါတယ်။ (ဒီရာသီက နှာစေး ချောင်းဆိုးရာသီ ကြောင့်လားတော့ မသိပါ။ ဆွေးနွေးပွဲ ၀ိုင်းထဲက သမိုင်းပညာရှင်တွေ ကလည်း အအေးမိနေခဲ့ကြတယ် ထင်ပါတယ်။) အဲဒါကို ပြည့်စုံအောင် ကျနော့်အနေဖြင့် တပ်ပြီး ဖြည့်စွက်ရရင်ဖြင့် …. အဲဒီ လူတစုဆိုတာ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ရဲဘော်ဗတင်၊ (ဂိုရှယ်)၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ဒေါက် တာနတ်၊ သခင်ဗိုလ် (ဒုတိယကမ္ဘာစစ်အတွင်း India မှ မြန်မာပြည်တွင်းသို့ လေထီးခုန်၍ ပြန်ဝင်ရန် အသွား လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သူ) တို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီနေ့ အဲဒီရက်မှာ ဘားလမ်းက တိုက်ခန်း တခုမှာ စုဝေး ခဲ့ကြပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို စပြီး ဖွဲ့စည်း တည်ထောင်ခဲ့ကြ ပါတယ်။ အဲဒီ ဗမာ ပြည်ကွန်မြူနစ် ပါတီရဲ့ ပထမ ဦးဆုံးသော အတွင်းရေးမှူးးမှာ သခင်အောင်ဆန်း ဖြစ်ပါတယ်။ (… တခါက တဘ၀ ဆိုသလို ဦးဖိုးသာအောင်ကလည်း ယခုလို လူတစုဟု နာမ်စားသုံးသွားတာကို တွေရတဲ့ အခါမှာ အဘယ်ကြောင့် ဟု …….. သို့လော …….. သို့လော ဖြစ်လိုက်မိတဲ့ အပြင် ကိုယ်စီးခဲ့တဲ့မြင်း အထီးလား အမလား မသိနိုင်ခဲ့သူ တယောက်လားဟု ထင်ရမလို ဖြစ်မိပါတယ်။)

တို့ဗမာအစည်းအရုံးနဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံက စတင်ခဲ့တဲ့ မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ အဓိကကျတဲ့ အင်အားစုကြီး (သို့) ဦးဆောင် တပ်ဦးကြီး ၃ ခု ပါဝင်ခဲ့ပါတယ်။ ဒါကလည်း သမိုင်းရေးရာ အထောက် အထားများအရ ငြင်းလို့ မရနိုင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ အရေးတော်ပုံ ပါတီနဲ့ တပ်မတော် တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း သမိုင်းက တောင်းဆို လိုအပ်ချက် အရ ပေါ်ပေါက်လာရတာ ဖြစ်ပြီး အဲဒီ အဖွဲ့အစည်းတွေမှာ ပါဝင်ဦး ဆောင်ခဲ့ကြတဲ့ သူတွေဟာလည်း နောင်တချိန် မြန်မာနိုင်ငံရေး သမိုင်းမှာ အင်မတန်မှ အရေးပါ အရာရောက်တဲ့ သူတွေ ဖြစ်လာ ခဲ့ပါတယ်။

ကျနော် အနေနဲ့ကတော့ တဖက်သတ် ကောက်ချက်တွေ ချတာမျိုး၊ နိဂုံးတွေချုပ်တာမျိုး မလုပ်ပါဘူး။ တွေးကြည့်စရာ အစလေးတွေ အချက်အလက် လေးတွေကိုပဲ ပြောချင်ပါတယ်။ ပြီးမှ အာဃာတ ကင်းကင်းနဲ့ စဉ်းစားဆုံး ဖြတ်ကြပေါ့ခင်ဗျား။ အဲဒီခေတ် အချိန်အခါရဲ့ ကမ္ဘာနဲ့ မြန်မာ နိုင်ငံရေး အခြေအနေတွေ၊ ၊သခင်ဗဟိန်းနဲ့ ဒဂုန်တာရာရဲ့ အရှေ့မြောက် ခရီးစဉ်၊ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်ရဲ့ အမွိုင် ခရီးးစဉ်နဲ့ ရဲဘော် ၃ကျိပ် ဖြစ်စဉ်၊ မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်တွေမှာ အင်မတန်မှ အရေးပါခဲ့တဲ့ ဗမာ့ တော်လှန်မူ၊ အင်းစိန်စာတမ်း၊ မြင်းခြံ စစ်တမ်း စတဲ့ စာတမ်း စစ်တမ်းတွေ၊ နောင်တချိန် ဖဆပလ လို့ ဖြစ်လာမယ့် ဖတပလ ဟာ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကုတင်ပေါ်မှာ ဘယ်သူတွေနဲ့ ဘယ့်အကြောင်းကြောင့် သန္ဓေ တည်ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ၊ နေသူရိန်လူထု အစည်းအဝေး၊ ၁၉၄၆ အထွေထွေသပိတ်၊ လယ်ဝေး လယ်သမား သူပုန်ကြီးနဲ ပြည်သူလူထု တွေရဲ့ လွတ်လပ်ရေး အတွက် ရုန်းကန် လှုပ်ရှားမှုတွေ ၊ အမျိုးမျိုးသော နယ်ချဲ့တွေရဲ့ ပြည်သူလူထုကို ဖိနှိပ်မှု၊ ရက် စက်မှု၊ စတဲ့ ... စတဲ့ ဖြစ်စဉ်တွေနဲ့ အဲဒီနောက်က အခြေခံ အကြောင်းအရင်း တွေကို မှန်မှန်ကန်ကန် ဆက်စပ်တွေး ကြည့်စေချင်ပါတယ်။ ပြီးမှ ဦးဖိုးသာအောင် ပြောခဲ့တဲ့ အဦးဆုံးအမှား ဆိုတဲ့ အဖွဲ့ကြီးက ဘယ်လောက် မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ အရေးပါခဲ့တယ်၊ ဦးဆောင်မှု ပေးခဲ့တယ် ဆိုတာကို ဆုံးဖြတ် ပေါ့လေ။ ပတ္တမြားမှန် နွံမနစ်သလို ဆင်စွယ်မှန် ပိုးမထိုးပါဘူး။

နောက်တခုက လွတ်လပ်ရေး ခေတ်ဦးကာလမှာ ပြည်တွင်းစစ် စတင်ပေါ်ပေါက်ခဲရတာနဲ့ ဗိုလ်နေ၀င်းနဲ့ သူ့တလက်ကိုင် စစ်တပ် အင်အား ကြီးထွား လာခဲ့ရမှုပါ။ မြန်မာပြည်မှာ ပြည်တွင်းစစ် စဖြစ်လာတဲ့ အချိန်မှာဘက်တွေ အများကြီး ရှိခဲ့ပါတယ်။ မြန်မာပြည် ပြည်တွင်းစစ်ဟာ ဦးဖိုးသာအောင် ပုံဖေါ်ချင်သလို ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ ဖဆပလ ဆိုတဲ့ ဘက်နှစ်ဘက် ထဲနဲ့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ် မဟုတ်ပါဘူး။ ထို့အပြင် ပြည်တွင်းစစ်တို့ လက်နက်ကိုင် တော်လှန်ရေးတို့ ဆိုတာဟာလည်း ဒီမိုကရေစီ အခွင့်အရေးတွေ လုံးဝ ဆိတ်သုဉ်းသွားပြီး၊ မျက်နှာချင်းဆိုင် နိုင်ငံရေး အဖြေရှာမှုတွေကို ဖေါ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ဆို့ သွားတဲ့ အခါမျိုးမှာ ဖြစ်ပေါ် လာရတာပါ။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်မှာ အဓိက ပါဝင်ခဲ့ကြတဲ့ အဖွဲအစည်းတွေ၊ ဘက်တွေကတော့ အာဏာရ ဖဆပလ အစိုးရ၊ အလံနီ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ KNU၊ တော်လှန်သော မြန်မာ့တပ်မတော်၊ နောက်, ရခိုင်ပြည်ဘက်က ဘုံပေါက်သာကျော် တို့လို တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တခြားလူမျိုးစု တော်လှန်ရေး အဖွဲအစည်းတွေ ပါဝင်ပါတယ်။ ဗမာပြည် ကွန်မြူနစ် ပါတီမှာလည်း လက်နက် စွဲကိုင်ရလောက်အောင် တွန်းပို့ ခံလိုက်ရတဲ့ နောက်ခံ အကြောင်းအရင်းတွေ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ဘယ်သူတွေနဲ့ ဘယ်အခြေအနေ တွေက တွန်းပို့ခဲ့တယ် ဆိုတာကို ခံခဲ့ရတဲ့ ကာယကံရှင်တွေ ဘက်က ပွင့်ပွင့် လင်းလင်း၊ ပြည့်ပြည့်စုံစုံ ရေးသား တင်ပြခွင့် ရပြီလား? လက်ရှိ အခြေအနေမှာတော့ ဖဆပလ ဆိုရှယ်လစ် အုပ်စုဝင်တွေနဲ့ စစ်အုပ်စုရဲ့ အာဘော်တွေပဲ သမိုင်း စာမျက်နှာပေါ်မှာ အများစု နေရာယူထားတာပဲ တွေ့နေရပါတယ်။ ဒီလို အဖြစ် အပျက်မျိုးက ဗမာပြည် ကွန်မြူနစ်ပါတီ တခုတည်းလား ဆိုတော့လည်း မဟုတ်ပါဘူး။ ပြည်သူ့ ရဲဘော်တွေ အနေနဲ့ရော သူတို့ဘာကြောင့် တောထဲကို ရောက်သွားရတယ် ဆိုတာကို အမှန်အတိုင်း ရှင်းပြနိုင်ခွင့် ရပြီလား? KNU ဘက်ကလည်း ပြောစရာတွေ အများကြီး ရှိအုံးမှာပါ။ တခြား တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ မှာလည်း ခံစားချက်တွေ ပြောချင်တာတွေ ကိုယ်စီရှိ ကြမှာပါပဲ။ အောင်ပွဲ ပန်းတိုင်ဆီကို မရောက်သေးတဲ့ အတွက် ပြောချင်တာတွေ၊ ပြောသင့်တာတွေကို မျိုသိပ် ထားရတာတွေ၊ ငဲ့ညှာ နေရတာတွေလည်း ရှိအုံးမှာပါပဲ။

နောက်ပြီး အဲဒီခေတ်က အရေးကြီးတဲ့ သမိုင်းရေးရာ အထောက်အထားတွေဖြစ်တဲ့ မှတ်တမ်းတွေ ခေါင်းဆောင်တွေ အခြင်းခြင်း အပြန်အလှန် ပေးစာတွေ၊ အဖြစ်အပျက်တွေကို မှတ်တမ်း တင်ထားတဲ့ သတင်းစာတွေ မပျောက်ပျက်ဘဲ လက်လှမ်းမှီတဲ့ နေရာမှာ ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်သူက ငြိမ်းချမ်းရေးကို လိုလားပြီး စဉ်ဆက်မပြတ် ကမ်းလှမ်းခဲ့လည်း။ ဘယ်သူက ငြိမ်းချမ်းရေးကို ငြင်းပယ်နေပြီး အပြုတ်တိုက်ရေး ဆိုတာ လုပ်ခဲ့ကြတယ် ဆိုတာကိုလည်း သိနိုင်တဲ့ အထောက်အထားတွေ မပျောက်ပျက် သေးပါဘူး ရှိနေပါသေးတယ်။ စစ်တပ်ကို ဘယ်သူ တွေက ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်၊ ကိုယ်ကျိုးတွေ အတွက် အပြိုင်အဆိုင် ဗိုလ်နေ၀င်းကို မြှောက်စားပြီး လုပ်ချင်သလို လုပ်ခွင့်ပြုခဲ့တယ်၊ ….. ဒါတွေဟာလည်း ဖျောက်ဖျက်လို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။ သမိုင်းတွေပါ။ ဒါ့အပြင် အဲဒီသမိုင်းတွေကို ကိုယ်တိုင်ပါဝင် ဖြတ်သန်း ခဲ့သူတွေထဲက တချို့ လည်း သက်ရှိထင်ရှား ရှိနေ ပါသေးတယ်။ သက်ရှိထင်ရှား မရှိတော့ပေမယ့်လည်း လွတ်လပ်တဲ့ အချိန်ကြရင် ထုတ်ဝေဖို့ ပြုစုထားခဲ့တဲ့ မှတ်တမ်း၊ မှတ်ရာတွေလည်း ရှိပါတယ်။

ဒီတော့ တနေ့တချိန် ဒီဟာတွေကို တွေပြောခွင့်ရ၊ လူထုလက်ထဲကို ပွင့်ပွင့်လင်းလင်း ချပြလို့ရလာတဲ့ အချိန်မှာ ပြည်သူလူထုကပဲ ဆုံးဖြတ် ပါလိမ်မယ်၊ ဒါ့အတွက်ကြောင့်လည်း ဒီလို သမိုင်းရေးရာ အဆုံးအဖြတ်တွေ နိဂုံးချုပ်ချက် တွေကို ကျနော်လည်း ဆုံးဖြတ်လို့ မရသလို ၊ ဦးဖိုးသာအောင်လည်း ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သမိုင်း ပညာရှင်တွေ ဆိုတာလည်း မရပါဘူး။ လူထုကသာ အဆုံးအဖြတ် ပေးသွားမှာပါ။ ဘာလို့လည်းဆိုရင် လူထုဟာ သမိုင်းထဲမှာ ကိုယ်တိုင် ပါဝင်နေပြီး သမိုင်းကို ဖန်တီးနေသူတွေ ဖြစ်လို့ပါပဲ။ သံမဏိစစ်တွေဟာ မီးတိုက်တာ ခံဝံ့ပါ တယ်။


ချစ်လှိုင်

0 comments:

အပေါ်သို့