..............................

Monday, January 25, 2010

နအဖရဲ့ရွေးကောက်ပွဲလွန်တဲ့အခါ

ရဲဘော်ဖိုးသံချောင်း
၂၀ ဇန်န၀ါရီ ၂၀၁၀

ဒီနေ့ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဘယ်သူတွေက ဘာတွေပဲ ပြောပြော နအဖနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြားက ပြဿနာဟာ အဓိက ဆုံချက် ဖြစ်တယ်ဆိုတာ ၂ဝ၁ဝ ခုနှစ် အစပိုင်း အဖြစ်အပျက်တွေက အထင်းသား ဖော်ပြနေပါတယ်။ ဒါကို မီဒီယာသမားတွေက အသိဆုံးလို့ ပြောနိုင် ပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ဒီဆုံချက်ကို ဗဟိုပြုနေတဲ့ ကိစ္စတွေချည်းပဲ မဟုတ်ပါလား။

အထူးသဖြင့် ရွေးကောက်ပွဲ ဆိုတာနဲ့ နီးလာလေလေ ဒီနှစ်ဘက်အကြားက ကိစ္စဟာ ရှေ့တန်း တက်လာလေလေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အမှန်ပြောရရင် ဒီနေ့ နောက်ဆုံး အခြေအနေမှာ ဘောလုံးဟာ နအဖဘက် ရောက်နေတာပါ။ ရွှေဂုံတိုင် ကြေညာချက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေထံ ပေးစာအရရော နအဖ အနေနဲ့ အဖြေပေးဖို့ တာဝန်တွေ ရှိနေပါတယ်။ ပြည်သူလူထု ကလည်း နအဖဘယ်လို တုံ့ပြန်မယ် ဆိုတာကို အာရုံ စိုက်စောင့်ကြည့် နေပါတယ်။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကတော့ ဒီကိစ္စတွေ မရှိခဲ့လေဟန်၊ သူတို့မှာ ဘာတာဝန်မှ မရှိလေဟန်၊ ပေယျာလကံ ပြုနေပါတယ်။

ဒီကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်အောင်ကြည်နဲ့ တွေ့စေတယ်ဆိုတဲ့ လေပြေထိုးလေးပဲ ဖော်ထုတ် ခဲ့တာကို အားလုံး သတိထား လိုက်မိပါလိမ့်မယ်။ ဒါဟာလည်း သတင်းစာထဲမှာ ဓာတ်ပုံလေးတပုံ၊ စာတိုလေး (၃-၄) ကြောင်းနဲ့ ပြီးသွားတာပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ဘာမှ မသိရတဲ့ ရသေ့ရှစ်သောင်း ဇာတ်တခု ဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့ သတင်းစာတွေမှာရော ပြည်တွင်းက တခြား မီဒီယာတွေထဲမှာပါ ဘယ်သူမှ မှတ်ချက်မပေးတာ၊ သဘောထား မဖော်ပြကြတာကို ကြည့်ရင် တနေ့မပြတ်၊ တရံမလပ် စွာလောင်စွာလောင် ရေးနေတဲ့ သူတွေဟာ နအဖက “တိတ်” ဆိုတော့လည်း တိတ်နေကြပါလားလို့ စဉ်းစား မိပါတယ်။

အခုနောက်ပိုင်းမှာ ဆင်ခြေအသစ်တခုကို အတော်လေးကြားနေ၊ တွေ့နေရပါတယ်။ အဲဒါက “တပ်မတော် အစိုးရ လုပ်တာတွေ အပေါ်မှာ သံသယနဲ့ ကြည့်နေကြလို့ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ တင်းမာနေတယ်” ဆိုတဲ့ ပြောစကား ဖြစ်ပါတယ်။ ဒီစကားကို ကြားရတော့ မဆလ လက်ထက်တုန်းက နားကြားပြင်း ကပ်အောင် ကြားခဲ့ရတဲ့ မဆလရဲ့ ဝါဒဖြန့် သီချင်းတပုဒ်ကိုတောင် သွားသတိရမိပါတယ်။ “သံသယဆိုသည်မှာ အလကား၊ မှန်သပဆိုသည်မှာ ပတ္တမြား” ဆိုတာပါ။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ဆိုပြီး နေရာတကာမှာ လွှင့်နေ၊ ဖွင့်နေတဲ့ သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က မဆလ အစိုးရဟာ တိုင်းရင်းသားများက သူတို့ကို မယုံတာသိနေလို့ သူတို့ကို ယုံခိုင်းနေတာ ဖြစ်ပါတယ်။

အခုလည်း ကိုယ့်ကိုယ်ကိုယ် ကြားလူဟန်ဖမ်းနေတဲ့ လူတွေက နအဖအပေါ် မယုံသူတွေကို အပြစ်တင်၊ အပြစ် ပုံချနေကြတာ တွေ့နေရ ပြန်ပါပြီ။ သူတို့ပြောပုံတခုက တဖက်က သံသယ ရှိနေမှတော့ ဘယ်လိုလုပ် ညီညွတ်လို့ ရတော့မလဲတဲ့။ ဒါဟာ နအဖအစိုးရ ဘက်က ဒီသံသယတွေ ပျောက်သွားအောင် လုပ်ဖို့ တာဝန် မရှိဘူးလို့ မျက်စိ စုံမှိတ် ငြင်းနေတာ ဖြစ်ပါတယ်။ နအဖဟာ “သူတို့က အဲဒီလောက် သံသယ ရှိနေမှတော့ ငါ့ဘက်က ဘာမှ မပြင်ဘူးကွာ” ဆိုပြီး လူမိုက်လိုလို၊ ကလေးဆိုးလိုလို လုပ်နေရမယ့်လူ မဟုတ်ပါဘူး။ သူတို့ဟာ အစိုးရ ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပတ်သက်လို့ သံသယ ရှိနေတဲ့လူတွေကို သံသယ ပျောက်သွားစေဖို့ ဆိုရင် ဟောဒီအင်မတန် ရိုးစင်း၊ ရှင်းလင်းနေတဲ့ မေးခွန်းတချို့ကို အဖြေပေးစေချင်ပါတယ်။ စစ်ဗိုလ်တမတ်သား၊ စစ်ဗိုလ်သမ္မတ ဆိုတဲ့ ကိစ္စတွေကတော့ သိပ်ကို ဗြောင်ကျ၊ ရှင်းနေတာမို့ ဒီနေရာမှာ မတင်တော့ပါဘူး။

ကဲ… ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန်ရင်…
အစိုးရအဖွဲ့မှာ အရပ်သား ပါဝင်တဲ့အရေအတွက် တိုးလာပါမယ်။ ဒါသေချာပါတယ်။
ဒါပေမယ့်။

ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ ရှိဦးမှာလား။ ဒီလိုအခါမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘာလဲလို့ ငြင်းနေရမယ့် အချိန် မဟုတ်ပါဘူး။ အစိုးရနဲ့ အမြင် မတူတဲ့လူ၊ အဲဒီအမြင်ကို တနည်းနည်းနဲ့ ဖော်ထုတ် မိသူတွေကို ဖမ်းဆီး ထောင်ချဦးမှာလား။ ၁၉၄၈ ခုနှစ်ကစလို့ ဗမာပြည် နိုင်ငံရေးရဲ့ အကြီးမားဆုံး အမည်းကွက်ကြီးဟာ အုပ်စိုးသူတွေဟာ ကိုယ်နဲ့ အယူအဆ မတူသူတွေကို ဆင်ခြေ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချ၊ နှိပ်စက် သတ်ဖြတ် နေတာဖြစ်ပါတယ်။ ကိုယ်မှန်တယ် ထင်တာကို ဖော်ထုတ်မိတာနဲ့ ၂၁ ရာစုနဲ့ လုံးဝ မလျော်ညီတဲ့ ဘာစတီး အကျဉ်းထောင်လို နှိပ်စက်မှုမျိုးတွေနဲ့ ဖြည်းဖြည်းချင်း မျှဉ်းသတ်ဖြတ်တာ ခံခဲ့ရတဲ့ သံဃာတော်၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ နိုင်ငံရေးသမား၊ စာပေအနုပညာသည် စာရင်းပြုလို့ မကုန်၊ ရေတွက်လို့ မနိုင်ပါဘူး။

နောက်တခုမေးစရာက အဲဒီအခါကျရင် စာပေ စိစစ်ရေး ဆိုတာရော ရှိဦးမှာလား။ ဗမာပြည်မှာ စာပေ စိစစ်ရေးဆိုတာ စစ်အုပ်ချုပ်မှုနဲ့ အတူ ပေါ်လာတဲ့ အရာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတိုင်မီ တုန်းကတော့ စစ်အာဏာရှင် စစ်အုပ်စုရဲ့ အမြုတေ စစ်ဗိုလ်တွေဟာ ဆိုက်ကိုဆိုတဲ့ ဌာနဖွင့်ပြီး စာပေ အနုပညာနဲ့ မီဒီယာ လောကကို အမှောင်ရိပ်ကနေ မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ရှေ့တန်းကိုတော့ ထွက်မလာပါဘူး။ မဆလခေတ် ကျတော့မှ ဗြောင်ရှေ့ကို ခုန်ထွက်လာပြီး စာပေ စိစစ်ရေး ဆိုတာကြီး ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်မှုရဲ့ လက္ခဏာ၊ စာပေ အနုပညာရှင်တွေ အပေါ် ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လက်သုံးတော် ဓားဖြစ်ပါတယ်။ ဒီလိုဟာမျိုး (ဗိုလ်ချုပ်တွေက နာမည် အခေါ်အဝေါ် ပြောင်းတာ ဝါသနာ ပါပါဘိသနဲ့) ဆက်ရှိနေဦးမယ် ဆိုလို့ကတော့ ဒီရွေးကောက်ပွဲက ဖွဲ့လာမယ့် အစိုးရဟာ အစွယ်နဲ့၊ ချို (ဂျို) နဲ့ပဲ ဖြစ်နေမှာပါ။

နောက်မေးဖို့ လိုတာတခုက အဲဒီရွေးကောက်ပွဲကိုလွန်ရင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီး အုပ်ထားတာ၊ စစ်အုပ်စု ထိပ်သီးတွေရဲ့ ဆွေးမျိုး အသိုင်းအဝိုင်းတွေ ခံစားနေရတဲ့ အခွင့်ထူးတွေကို ဖျက်သိမ်း ပစ်မှာလား၊ အကာအကွယ် ပေးမှာလား။ အခုကတည်းက အစိုးရပိုင် လုပ်ငန်းတွေထဲက ကောင်းတာတွေကို ရွေးထုတ်ပြီး အမ်အီးစီခေါ် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ဦးပိုင်တို့လို စစ်တပ်ပိုင် စီးပွားရေး အဆောက်အအုံတွေအောက် ဆွဲထည့်၊ မကောင်းတဲ့ လုပ်ငန်းတွေကို ချန်ထား လုပ်နေတာဟာ နောက်တက်မယ့် အစိုးရအပေါ် နအဖရဲ့ စေတနာတွေ ဖော်ပြနေတာပါပဲ။ နောက်တက်မယ့် အစိုးရကို ငွေစက္ကူစက်ရုံ တခုသာ အကောင်း ချန်ထားပေးပြီး မင်းတို့ ဒါနဲ့ပဲ လုပ်စား ကြပေရော့လို့ ပြောနေတဲ့ အလား ဖြစ်ပါတယ်။

သာမန်လူထုအနေနဲ့ မမေးမဖြစ် မေးရဦးမယ့် အချက်ကလေးတခုက အဲဒီ ရွေးကောက်ပွဲကြီး ပြီးသွားရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ အထဲမှာရော၊ ဘယ်ဥပဒေအထဲမှာမှ တရားဝင် မတည်ရှိတဲ့ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့က လူထုအပေါ် ရမ်းကား နေကြဦးမှာလား။ ဆက်ရှိနေဦးမယ်၊ သူတို့ကို ဆက်ကြောက် နေရဦးမယ်၊ အရွေးခံရတဲ့ အမတ်ကတောင် ကြောက်နေရဦးမယ် ဆိုလို့ကတော့ ဘူးမှမထာ- ဘာမှမထူးလို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကြီးပြီးရင် လယ်ယာတွေကို အဓမ္မသိမ်းတာ၊ စစ်တပ်တွေက တောင်သူ လယ်သမားတွေကို ဆင့်ခေါ်ပြီး စစ်တပ်ပိုင် လယ်တွေကို အခမဲ့ လုပ်ခိုင်းတာ၊ ပေါ်တာ ဆွဲတာတွေ ရပ်ဆိုင်း သွားမလား။

နောက်ဆုံးအနေနဲ့မေးရမှာကတော့ သူတို့ရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနဲ့ အညီ ဖွဲ့ထားတဲ့ အစိုးရ တရပ်ကို စစ်တပ်က အာဏာ မသိမ်းတော့ဘူး ဆိုတဲ့ အာမခံချက် ရှိပါသလား ဆိုတာပါပဲ။ မရှိဘူး မဟုတ်ပါလား။

ဒါဖြစ်ရင် ဒီရွေးကောက်ပွဲလုပ်လိုက်လို့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဘာထူးမှာလဲ။ ဘယ်ဟာကို အပြောင်းအလဲလို့ ပြောမှာလဲ။

သံသယမဟုတ်ဘူး၊ မယုံတာ။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့