..............................

Tuesday, October 13, 2009

တိုင်းမှူးအမိန့်အရ ရွာမီးရှို့မှု၌ ဓါးစားခံအဖြစ် စကခမှူး စစ်ခုံရုံး တင်ခံရ

တနင်္လာနေ့၊ 12 အောက်တိုဘာလ 2009
E-mail Print
သျှမ်းပြည်အလယ်ပိုင်း လဲချား - မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ သို့ စကခမှူး အဖြစ် ဗိုလ်မှူးကြီး ကျော်ဇံမြင့် ရောက်ရှိ တာဝန် ထမ်းဆောင်သည့် ကာလအတွင်း လူထု စည်းရုံးရေး ညံ့ဖျင်းခြင်း၊ လူသူ လက်နက် အများအပြား ဆုံးရှုံးခြင်း တို့ကြောင့် စစ်ခုံရုံး တက်ရန် ဆင့်ခေါ် ခံရသည်ဟု သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက် ပြောပါသည်။

“တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က သျှမ်းရွာမီးရှို့မှုမှာ သျှမ်းပြည် တပ်မတော် ခွဲထွက် မိုင်းဇင့် အဖွဲ့နာမည်နဲ့ ရှို့ခိုင်းတယ် ပြောတယ်။ ဒါပေမဲ့ DVB. RFA VOA တို့က သတင်းမှန် ထုတ်လွှင့် လိုက်တော့ စစ်အစိုးရ အတွက် မျက်နှာပျက်တယ် ပေါ့ဗျာ၊ သူ့မှာ တာဝန်ရှိတယ်၊ ထိန်းထိန်းသိမ်းသိမ်း မလုပ်တတ်ဘူး ဆိုပြီးတော့ စစ်ခုံရုံး တင်ခံရတာ ဖြစ်တယ်” - ဟု မိုင်းကိုင်မြို့ ရှိ ၀န်ထမ်းတဦးက ပြောပြသည်။

အမည်မဖေါ်လိုသည့် စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် မိုင်းကိုင် ၀န်ထမ်း တဦး ပြောပြချက် အရ ဗိုလ်မှူးကြီး ကျော်ဇံမြင့် စစ်ခုံရုံး တင်ခံရခြင်း အဓိက အကြောင်းရင်း ၃ - ၄ ခုရှိကြောင်း -

၎င်းရောက်ရှိ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း လူထု စည်းရုံးရေး ညံ့ဖျင်းချင်း၊လူသူ လက်နက် အများအပြား ဆုံးရှူံးခြင်း၊ ကျေးလက် လူထု နေအိမ် မီးရှို့မှုတွင်လည်း သျှမ်းပြည် တပ်မတော် ခွဲထွက် လက်နက်ချ မိုင်းဇင့် အဖွဲ့ ရှို့သည်ဟု အကွက်ဆင် ထားသော်လည်း ဗမာ့ တပ်မတော် နာမည်ဖြင့်သာ သတင်းမှန် ထွက်သွားခြင်းတို့အပြင် မီးရှို့ခံရသည့် ရွာများမှ ပျဉ်ထောင်အိမ် တစ်ရာကျော် ပြန်လည် ထူထောင်ရေး ဆောက်လုပ်ရေး လုပ်ငန်း၌လည်း စက်တင်ဘာလ အတွင်း ပြီးစီးအောင် မလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“အမှန်တော့မီးရှို့မှုက တိုင်းမှူးဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့် ပေးခဲ့တာဘဲ၊ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လူ၊ တိုင်းမှူး ရာထူးလဲ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ပေးထားတယ်လေ။ အပြစ် အနာအဆာ အားလုံးကို အမှတ်၂ စကခ မှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် ခေါင်းပေါ် ပုံချပြီး ခေါင်းရှောင် လိုက်တဲ့တဘော” - ဟု ဆက်ပြောပြ၏။

စစ်ခုံရုံးတက်ရန်အတွက် ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် လွန်ခဲ့သည့် ရက် ၂၀ လောက် ကတည်းက လဲချားမှ တောင်ကြီးသို့ ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း၊ တချို့ကလည်း နေပြည်တော်သို့ ပို့လိုက်ပြီဟု သတင်း ဖြစ်နေကြောင်း ကံမကောင်းလျှင် ထောင်ကျနိုင်ကြောင်း၊ တာဝန်၊ ရာထူး ပြုတ်မည်မှာ သေချာကြောင်း သတင်းရပ်ကွက်က ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့