..............................

Friday, October 16, 2009

အငြင်းပွား ရေပိုင်နက်အနီး နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိ

ငြိမ်းချမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 15 ရက် 2009

ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအကြား အငြင်းပွား နေသော ပင်လယ် ရေပြင် အနီးသို့ နှစ်ဖက် စစ်သင်္ဘောများ မကြာသေးခင်က ရောက်ရှိလာသည်။

ဘင်္ဂလားဒေ့ရှ်ပိုင် St. Martin’s ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာ အနီးသို့ ယခုလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ရေတပ် စခန်း ဌာနချုပ်မှ စစ်သင်္ဘော ၅ စီးနှင့် ၁၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း အခြေစိုက် စစ်သင်္ဘော ၄ စီး ရောက်ရှိလာခြင်း ဖြစ်သည်။

မကြာသေးခင်က ဘင်္ဂလားအစိုးရနှင့် တူးဖော်ခွင့် ကန်ထရိုက် ရထားသော အမေရိကန် ကုမ္ပဏီ ConocoPhillips က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေသဖြင့် ထိုသို့ မလုပ်ရန် မြန်မာဘက်က သတိပေး ကန့်ကွက် ခဲ့သေးသည်။

အိန္ဒိယ အပါအဝင် အိမ်နီးချင်း ၃ နိုင်ငံ အငြင်း ပွားနေသည့် အဆိုပါ ရေကြောင်း နယ်နိမိတ် အရေး ဖြေရှင်းပေးရန် ကုလ သမဂ္ဂ ခုံရုံးသို့ တိုင်တန်း သွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ Dipu Moni က မြို့တော် ဒါကာတွင် ယခုလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုသို့ ပြောအဆိုအပြီး ၄ ရက်အကြာမှ စတင်ကာ နှစ်နိုင်ငံ စစ်သင်္ဘောများ ရောက်ရှိလာခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ထိုနေရာသို့ မြန်မာက ရေနံရှာဖွေမှု ပြုလုပ်သဖြင့် ဘင်္ဂလားက ကန့်ကွက်ရာမှ ရေပိုင်နက် အငြင်းပွားမှု စတင်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့