..............................

Thursday, October 15, 2009

ဖွဲ့စည်းပုံမပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင်နိုင်ငံရေး ခေါင်းဆောင် ကြေညာ

ဘစောတင်
Wednesday, 14 October 2009 16:54

စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပါလျှင်၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် တင်္နလာနေ့က ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်တွင် ကျင်းပသော ALD ပါတီ ၂၁ နှစ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် ALD အတွင်းရေးမှူး ဦးအေးသာအောင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဦးအေးသာအောင်က“ဒီမိုကရေစီ စနစ်ကိုသွားချင်ရင် ဒီမိုကရက်တစ် ဆန်ရမယ်၊ ဒီမိုကရေစီမှာ ရွေးကောက်ပွဲ ဆိုတာကို မလွဲမသွေ ဖြတ်သန်းရမယ် ဆိုတာကို နားလည်တယ်၊ ဒါပေမယ့် ဒီမိုကရက်တစ် အခင်းအကျင်း မပါတဲ့ ရွေးကောက်ပွဲကိုတော့ အန်ကယ်လ်တို့က လက်မခံနိုင်ဘူး၊ အန်ကယ်လ်တို့ ပါတီ အနေနဲ့ကတော့ ဒီကိစ္စမှာ ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်၊၂၀၀၈ အခြေခံဥပဒေကို ပြန်လည် မပြင်ဆင်ရင်၂၀၁၀ ရွေး ကောက်ပွဲကို မ၀င်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ သည် ပြည်နယ်များ တိုင်း ဒေသကြီးများ သတ်မှတ် ထားသော်လည်း အရေးပါသော လုပ်ပိုင်ခွင့် များကို စစ်တပ်ကသာ လက်ဝါးကြီး အုပ်ထားသောကြောင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန် မဖြစ်နိုင်သော ဖွဲ့စည်းပုံ ဥပဒေသာ ဖြစ်ကြောင်းလည်း ၎င်းက ဝေဖန် ထောက်ပြသွားသည်။

“၂၀၀၈ခုနှစ်က တဖက်သတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ မစဉ်းစားဘူး ဆိုရင် နအဖက ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ ကျနော်တို့ရဲ့ မိတ်ဆွေ ညီအစ်ကိုတွေ ဖြစ်တဲ့ အခြား တိုင်းရင်းသား ပါတီတွေကလည်း မစဉ်းစားဘူး ဆိုတာ ပြောပြီးသားပါ၊ အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး အတိအလင်း သဘောထား ထုတ်ပြန်ပြီးသားပါ” ဟု ဦးအေး သာအောင်က ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ALD)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရှစ်လေးလုံး အရေးတော်ပုံ ကာလက ဦးဆောင် လှုပ်ရှားခဲ့ကြသော ထင်ရှားသည့် ရခိုင် ခေါင်းဆောင်များဖြင့် ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ALD သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာ အရ အမတ် နေရာ ၁၁ နေရာဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ် တွင်လည်း အမတ်ဦးရေ အများဆုံး အနိုင်ရခဲ့သော ပါတီဖြစ်သည်။

ALD အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ၏ ၁/၉၀ ကြေညာချက်ကို ဆန့်ကျင် ကန့်ကွက် သောကြောင့် ၁၉၉၃ ခုနှစ်တွင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ဦးအေးသာအောင်က“ကျနော် တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်အစိုးရက အကြောင်း အမျိုးမျိုး ပြပြီးတော့ ဖျက်သိမ်း လိုက်ပေမယ့် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဥက္ကဌကြီး ဒေါက်တာ စောမြအောင်နဲ့ အခြားပါတီ ခေါင်းဆောင်များက ကြုံလာတဲ့ နိုင်ငံရေး မုန်တိုင်းတွေကို ကြံ့ကြံ့ ခံပြီးတော့ ပါတီရဲ့ လမ်းစဉ် မူဝါဒတွေကို တစိုက် မတ်မတ် လုပ်လာခဲ့ပါတယ်၊ တိုင်းရင်းသား ပါတီတွေနဲ့ရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနဲ့ပါ လက်တွဲ ပြီး ချီတက်လာတာ အခု ၂၁နှစ် ရှိခဲ့ပါပြီ၊ ကျနော်တို့ ပါတီကို ရခိုင်ပြည်သူ တရပ်လုံးက ကိုယ်စားပြုပါတီ အဖြစ် ရွေးချယ် ထားတာမို့ ကျနော်တို့ဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ တာဝန်ကို ဆက်လက်ပြီး ထမ်းရွက်သွားမှာ ပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ်”ဟု ဆိုသည်။

ထို့အတူ ပြည်ပအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဗဟို)မှ ဥက္ကဌ ဦးထွန်းဝင်း ကလည်း “နအဖရဲ့ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ဒီမိုကရေစီ နည်းကျ ပြဌာန်းတာ မဟုတ်လို့ ကျနော်တို့ ဆန့်ကျင် သလို အဲဒီ ဥပဒေနဲ့ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ကျနော်တို့ ပါတီအနေနဲ့ လက်မခံပါဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ဆက်လက် ဆုပ်ကိုင်ပြီး ရခိုင် ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင် သွားမယ်လို့ ပြောလိုပါတယ်” ဟု ပြောဆိုသည်။

ဦးထွန်းဝင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သည်။ ယခုအခါ ၎င်းသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) ကို ဦးဆောင်နေသူ ဖြစ်ပြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ(NCGUB) ၏ ပညာရေး ၀န်ကြီးလည်း ဖြစ်သည်။

တနင်္လာနေ့က ကျင်းကသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်း အနားသို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ရခိုင် နိုင်ငံရေးသမားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းတင်နှင့် ဦးစော နိုင်းနိုင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးနိုင်ငွေသိန်း၊ ချင်းနိုင်ငံရေး ခေါင်းဆောင် ဦးထောင်ကိုထန်းနှင့် မကြာမီက သရက်ထောင်မှ ပြန်လည် လွတ်မြောက် လာသည့် ရခိုင် နိုင်ငံရေးသမား ကိုခိုင်ကောင်းစံ အစရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့