..............................

Saturday, October 17, 2009

ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင် ဟု ဦးဝင်းတင် ပြောကြား

NEJ / ၁၆ အောက်တိုဘာ ၂၀၀၉

ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နအဖ အနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲ ဆန့်ကျင်မှုများ ပေါ်ပေါက် လာနိုင်သည်ဟု ဥရောပ သံတမန် အဖွဲ့ကို အန်အယ်လ်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့် ပါဝင်သည့် ဥရောပ သံတမန် အဖွဲ့တို့ အောက်တိုဘာ (၁၄) ရက်တွင် ရန်ကုန်မြို့ အန်အယ်လ်ဒီ ရုံးချုပ်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။

ဥရောပသံတမန်အဖွဲ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အန်အယ်လ်ဒီ ပါတီ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွက် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကိုလည်း ထည့်သွင်း မေးမြန်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ ပြောဆိုဆွေးနွေးတဲ့ထဲမှာ တခုပါတယ်ဗျ။ ခင်ဗျားတို့ ဘာလုပ်မှာလဲ ဆိုတာ ပါတယ်ဗျ။ ရွေးကောက်ပွဲ ကာလ ပေါ့ဗျာ။ မကြာခင်မှာ မှတ်ပုံတင် ကိစ္စ ပေါ်လာတော့မယ်၊ ရွေးကောက်ပွဲ ဥပဒေဆိုတာ ပေါ်မယ်။ နောက်တခုက ရှေ့မှာ ဘာရှိမလဲ ဆိုတော့ အခြေခံ ဥပဒေကို ပြောင်းပေး ပြင်ပေးဆိုတဲ့ လုပ်ငန်း တခု ရှိမယ်ပေါ့ဗျာ။ နောက်တခါ အဲဒါပြီးရင်တော့ ရွေးကောက်ပွဲပေါ့” ဟု ပြောသည်။

အထက်ဖော်ပြပါအဆင့်များတွင် ရွေးကောက်ပွဲမတိုင်မီ အကြို ကာလတွင် all inclusive ဆိုသည့် အနေအထားကြောင့် အန်အယ်လ်ဒီကို ဘေးဖယ် ထုတ်ခြင်းမျိုး၊ လက်မခံနိုင်သည့် ပါတီ မှတ်ပုံတင် ဥပဒေမျိုး ထုတ်လိမ့်မည်ဟု မယူဆကြောင်း တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ပြောသည်။

“နောက်တခုက ဒေါ်စုကိုလည်း ရွေးကောက်ပွဲက ဖယ်မထုတ်ကြပါနဲ့၊ all inclusive ဆိုတာဟာ တကမ္ဘာလုံးက အော်နေတဲ့ တောင်းဆိုချက် ဖြစ်နေတဲ့ အတွက် ဒေါ်စုကိုလည်း ရွေးကောက်ပွဲ မ၀င်နိုင်အောင် အဲလို စည်းကမ်း ဥပဒေမျိုး ပါကောင်းမှ ပါလိမ့်မယ်လို့ ယူဆတယ် ပေါ့ဗျာ။ ဒါဆို နောက်တခုက အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ ရောက်မယ်။ သူတို့ကလည်း ကျနော်တို့ တောင်းသလို ပြင်ပေးပါ၊ ဖျက်ပေးပါ၊ ပြောင်းပေးပါတို့ ဆိုတာတွေကို သူတို့ မလုပ်ဘူးဗျ။ အဲလိုဆို လုပ်စရာလမ်းက ဘာတလမ်းပဲ ရှိသလဲဆိုရင် တွေ့ဆုံ ဆွေးနွေးရေး စားပွဲပေါ်ကို အဲဒီ ကိစ္စတွေ တင်ဖို့ပဲ ရှိတော့တယ်။ အခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေး ကိစ္စကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲပေါ် တင်ဖို့ပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥပေဒေပြောင်းလဲရေး ကိစ္စ တခုတည်း၊ အန်အယ်လ်ဒီ၏ ကိစ္စ တခုတည်း မဟုတ်ဘဲ အမျိုးသားရေး ကိစ္စများကို ဆွေးနွေးရမည် ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ရမည်ဟု ဦးဝင်းတင်က ပြောသည်။

တိုင်းရင်းသားကိစ္စများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ ကိစ္စများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေး အကျဉ်းသား ကိစ္စများ၊
ပြည်သူ လူထုကြား ကြုံတွေ့နေရသည့် မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ဥပဒေနှင့်ပိတ်ပင်မှု၊ သတင်းစာ လွတ်လပ်မှု စသည့် ရွေးကောက်ပွဲ အကြိုကာလတွင် လုပ်ရမည့်ကိစ္စများ ပါဝင်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“သို့သော် အဲဒီကိစ္စတွေကို လုံးဝမစဉ်းစားဘဲ တွေ့ဆုံ ဆွေးနွေးရေးလည်း မရှိဘဲနဲ့ ရွေးကောက်ပွဲကို အတင်း ဇွတ်ဆွဲခေါ်မယ် ဆိုရင် ဆိုပါတော့ဗျာ ကျနော်သုံးတဲ့ စကားဆိုရင် ရွေးကောက်ပွဲ တင်းကုပ်ကို ကျနော်တို့ကို နဖားကြိုးဆွဲလို့ ဖြစ်ဖြစ်၊ မြက်ကျွေးလို့ ဖြစ်ဖြစ် အတင်းခေါ်မယ် ဆိုရင်တော့ လူထုကလည်း ခံနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့လည်း မခံနိုင်ဘူး။ အဲလိုဆိုရင်တော့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ကိစ္စမျိုးတွေ သို့မဟုတ် လူထု အင်အားနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဟာတွေ ပေါ်လာနိုင်တယ်လို့ ကျနော်တို့ တခုပြောပါတယ်။ ရွေးကောက်ပွဲ အကြို ကာလမှာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်သည့်အနေအထားတွင် မရှိခြင်း၊ တရားဝင်ပါတီ အနေဖြင့် ရပ်တည်နိုင်ရေး မနိုင်ရေး ကိစ္စများ ရှိနေခြင်းကြောင့် ရွေးကောက်ပွဲလွန် ကာလတွင်လည်း ပေါ်ပေါက်လာမည့် လွှတ်တော်၊ အသက်ဝင်လာမည့် အခြေခံဥပဒေ စသည်တို့ကို ပြည်သူများ၊ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများက လက်ခံနိုင်မည့် အနေအထား မရှိကြောင်း ၎င်းက သုံးသပ်ပြသည်။

“အဲလိုအခါမျိုးမှာလည်း ရွေးကောက်ပွဲအကြို ကာလတုန်းက သပိတ် လက်နက်တို့၊ လူထုဆန္ဒ ဖော်ထုတ်မှု တို့လို လှုပ်ရှားမှု သဏ္ဌာန်မျိုးနဲ့ ဆန့်ကျင်မှု စတာတွေတော့ ပေါ်နိုင်တယ်လို့ ပြောလိုက်တဲ့ အချက်ရှိပါတယ်” ဟု ဦ၀င်းတင်က ပြောသည်။

၎င်းကဆက်လက်ပြီး အန်အယ်လ်ဒီအနေဖြင့် စုစုစည်းစည်းဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မမေ့ဘဲ၊ မစွန့်ပယ်ဘဲ ယင်းရလဒ်ကို ကိုင်စွဲပြီး ဆက်လက် တိုက်ပွဲ ၀င်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

“၁၉၉၀ ရွေးကောက်ပွဲကို မေ့လို့မရဘူး။ ဒါကိုလည်း ကျုပ်တို့က မမေ့နိုင်ဘူး၊ မပစ်ပယ်နိုင်ဘူး ဆိုတဲ့ သဘောနဲ့ အဲဒါကို မဏ္ဍိုင်ပြုပြီးတော့ လှုပ်ရှားမယ်လို့ ကျနော်ကတော့ ထင်နေတယ်ဗျ။ ပုံသဏ္ဌာန်အားဖြင့် ကျနော် မှန်းလို့ ရတာကတော့ ဆန္ဒပြမှုတွေ၊ သပိတ်တွေ၊ ကန့်ကွက်မှုတွေဟာ ရွေးကောက်ပွဲ အကြို ကာလမှာလည်း ပေါ်လာလိမ့်မယ်၊ ရွေးကောက်ပွဲ အလွန် ကာလမှာလည်း ပေါ်လာလိမ့်မယ် လို့တော့ ထင်မြင်မိတယ်။ ဒါကြောင့်လည်း အီးယူကို ပြောတဲ့ အထဲမှာ ဒီအချက် ပါပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့