..............................

Friday, March 6, 2009

ဘာသာရေးနဲ့နိုင်ငံရေး

မောင်စွမ်းရည်/ ၅ မတ် ၂၀၀၉

ဘုန်းကြီးနဲ့နိုင်ငံရေးဆိုတဲ့ ဆောင်းပါးတပုဒ်ကို ခေတ်ပြိုင်မှာ ကျနော်ရေးဖူးတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသား၊ တိုင်းရင်းသား၊ ပြည်သူလူထု အများစုရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်ရတာ ဖြစ်လို့ “ပရဟိတ” ဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးဆိုတာ လောကကောင်းကျိုး ချမ်းသာကို တိုးမြင့်အောင် ဆောင်ရွက်ရတာ ဖြစ်လို့ “လောကတ္ထစရိယ” ဆိုတဲ့ တရားတော်နဲ့ အလုပ်ဖြစ်တယ်။ သူတော်ကောင်း သူမြတ်ကောင်း တို့ရဲ့ ဦးစားပေး ဆောင်ရွက်ရတဲ့ ကျင့်စဉ်ဖြစ်တယ်လို့ နိဒါန်းချီခဲ့ ပါတယ်။

ပရိတ်ကြီး (၁၁) သုတ်ထဲမှာ ရတနာ့သုတ်ပါရှိတယ်။ ရတနာ့သုတ်ထဲမှာ လောကတ္ထ စရိယ၊ ဉာတတ္ထ စရိယ၊ ဗုဒ္ဓတ္ထ စရိယ ဆိုတဲ့ စရိယ တရားသုံးပါး ပါရှိတယ်။ လောကတ္ထ စရိယဆိုတဲ့ အများလူသားတို့ အကျိုးကို ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးနဲ့ အတူတူပါပဲ။ သံဃာတော်များ အများအကျိုး ဆောင်ရွက်တာဟာ ရှုတ်ချစရာ မရှိ။ အပြစ်မရှိ။ ကုသိုလ်ရတဲ့အလုပ်၊ သာသနာပြုတဲ့ အလုပ်၊ တရားတော်နဲ့ညီတဲ့ အလုပ်ဖြစ်ပါတယ်။ သံဃာတော်များဟာ မိမိတို့ရဲ့ ကျောင်း သင်္ကန်း၊ ဆွမ်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး ဒါယကာတွေ ဒုက္ခရောက်နေတာကို ဘယ်တုန်းကမှ ပစ်ပယ်ထားရိုး မရှိခဲ့ပါ။ အဲသလို အကြောင်းပြချက်များနဲ့ တကွ ဘုန်းကြီးနဲ့ နိုင်ငံရေးဆိုတဲ့ ဆောင်းပါးကို ရေးခဲ့တာပါ။ ပီနန်ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို ကိုးကားရေးသား ခဲ့တာလည်း ဖြစ်ပါတယ်။

ခုတင်ပြ ဆွေးနွေးကြည့်ချင်တာက ဘုန်းတော်ကြီးများနဲ့ နိုင်ငံရေးအကြောင်း မဟုတ်ဘဲ ဘာသာရေးနဲ့ နိုင်ငံရေး အကြောင်းဖြစ်ပါတယ်။ ဘာသာရေး ဆိုရာမှာလည်း ကိုယ်မမွေးခင်ကတည်းက ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာ အကြောင်းကို နိုင်ငံရေးနဲ့ ဆက်စပ်ဆင်ခြင် ကြည့်တာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေးကို ဆက်စပ်ဆင်ခြင်မိတဲ့အခါတိုင်း ဆရာကြီး ရွှေဥဒေါင်း ရေးဖူး၊ ပြောဖူးတာလေး တခုကို အမြဲတမ်း သတိရ မိလိုက်ပါတယ်။ ဆရာကြီးကို သူ့ရဲ့ မိတ်ဆွေတဦးက “ဆရာကြီးခင်ဗျား။ ဆရာကြီးအနေနဲ့ မတ်(က်စ်) ၀ါဒနဲ့ ဗုဒ္ဓ၀ါဒတို့ကို ဘယ်ဟာ ပိုကောင်းတယ် ထင်ပါသလဲ” လို့ မေးဖူးသတဲ့။ ဒီတော့ ဆရာကြီးက “ခင်ဗျားမေးတဲ့ မေးခွန်းက မဟုတ်သေးဘူး ထင်တယ်။ မေးခြင်းမေးရင်း အမျိုးအစား တူတာချင်းပဲ နှိုင်းယှဉ် မေးမြန်းသင့်ပါတယ်။ ဥပမာ သကြားနဲ့ ထန်းလျက် ဘယ်ဟာကို ပိုကြိုက်သလဲ၊ ဒီလိုမှ မဟုတ်ရင် လေယာဉ်ပျံနဲ့ ခရီးသွားတာနဲ့၊ မီးရထားနဲ့ ခရီးသွားတာ ဘယ်သင်းကို ပိုကြိုက်သလဲ ဆိုတာမျိုး၊ စားစရာကို စားစရာနဲ့၊ သွားစရာကို သွားစရာနဲ့ နှိုင်းယှဉ်သင့်ပါတယ်။ ခု ခင်ဗျားမေးတာက သကြားစားတာနဲ့ လေယာဉ် ပျံစီးတာ ဘယ်ဟာက ပိုကောင်းသလဲလို့ အမျိုးအစား မတူတာချင်း နှိုင်းယှဉ်မေးသလို ဖြစ်နေပါတယ်တဲ့။

ခုလည်း ကျနော့်အနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို နှိုင်းယှဉ်မိသလို ဖြစ်နေပါတယ်။ ကျနော်အနေနဲ့က နှိုင်းယှဉ်ကြည့်တာ မဟုတ်ပါ၊ ဆက်စပ်ကြည့်တာပဲ ဖြစ်ပါတယ်။ လူနဲ့ ဘုန်းကြီး၊ ဆရာနဲ့ ဒကာ ဆက်စပ်နေသလို ဘာသာရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်စပ်နေပါတယ်။ မန္တလေးကနေ ရန်ကုန်ကို မီရထားလမ်းနဲ့ ကားလမ်း အတူယှဉ်သွား သလိုပါပဲ။ ဘုန်ကြီးက ရန်ကုန်အထိ သွားမှာ၊ လူ(ဒကာ) က တောင်ငူသွားမှာ။ အတူယှဉ်ပြီး သွားပေမယ့် အဝေးအနီး ကွာသလိုပါပဲ။ သံဃာက လူနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ဘာသာနိုင်ငံရေး မလုပ်ပါ။ မလုပ်ရပါ။

ဘာသာရေးဆိုတာက လူပုဂ္ဂိုလ်တဦးချင်းရဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာက အများပြည်သူရဲ့ အရေးကိစ္စကို ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရရင် ဘာသာရေး ဆိုတာက လူတဦးချင်းအနေနဲ့ သံသရာ ၀ဋ်ဆင်းရဲက အားထုတ် လုပ်ဆောင်ရတာ ဖြစ်ပြီး နိုင်ငံရေးဆိုတာက လောကီလူသားတွေရဲ့ စားဝတ်နေရေးဘ၀ တိုးတက်အောင် ဆောင်ရွက်ရတဲ့ လောကီဘ၀ လွတ်မြောက်ရေးကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ လောကီရေးနဲ့ လောကုတ္တရာရေးလို့ ခွဲခြားပြောရင် ရပါတယ်။ (မတူပေမယ့် မဆန့်ကျင်ပါ)

လောကီရေးနဲ့ လောကုတ္တရာရေးတို့ ရည်မှန်းချက်မတူသလို လုပ်ကိုင် ဆောင်ရွက်ရပုံ ချင်းလည်း မတူပေဘူး။ လောကီသမား ဖြစ်တဲ့ နိုင်ငံရေး သမားတွေက အဖွဲ့အစည်းနဲ့ လုပ်ရပေမယ့် ဘာသာရေး သမားက တဦးချင်း လုပ်ဆောင်ရပါတယ်။ လုပ်ဆောင်ရတဲ့ နေရာချင်းတောင် မတူပါဘူး။ ဗုဒ္ဓဘာသာဝင် တရားအားထုတ်သူ တဦးက သစ်တပင်အောက်၊ ၀ါးတပင်အောက်ကိုပဲ ဖြစ်ဖြစ်၊ အခန်းပိတ်၊ ဂူအောင်းလို့ပဲဖြစ်ဖြစ် ဆိတ်ငြိမ်ရာရှာပြီး ဧကစာ ကျင့်ရပါတယ်။ နိုင်ငံရေး သမားတွေကတော့ ခန်းမကျယ်ကျယ်၊ လမ်းမကျယ်ကျယ်တွေမှာ လုပ်ဆောင်ရတာမျိုးတွေ ရှိပါတယ်။ (ယူဂျီကိစ္စကတော့ သီးခြားပါ။)

ဘာသာတိုင်းမှာ စုပေါင်းဝတ်ပြုကြတာ၊ စုပေါင်းပြီး ဆုတောင်းပွဲတွေ လုပ်ကြတာ ရှိကြပါရဲ့။ စုပေါင်းသီလယူ၊ စုပေါင်းဒါန ပြုကြတာတွေလည်း ရှိကြပါရဲ့။ ဒါပေမယ့် ဒီကိစ္စတွေက အဆုံးစွန် ကျွတ်တမ်းဝင်ရေး မဟုတ်သေးပါ။ သံသရာ ကျင်လည်နေဆဲ ဘ၀တွေမှာ ချမ်းချမ်းသာသာ၊ အဆင့်မြင့်မြင့် နေကြရေး အတွက်သာ ဖြစ်ပါတယ်။ ကျွတ်တမ်းဝင်ဖို့ တရားအားထုတ်ရင် တဦးတည်း ရှုမှတ် ဆင်ခြင်တာမျိုး လုပ်ရမှာပါ။ နိုင်ငံရေးကတော့ အများအကျိုးအတွက် အများက စုပေါင်း အားထုတ်ရတာပါ။ (ရည်မှန်းချက်က နိုင်ငံရေး အာဏာရဖို့ပါ။)

ဒီခေတ်မှာ မကြုံစဖူး ကြုံရတာ တခုရှိပါတယ်။ ဗုဒ္ဓဘာသာ သံဃာတော်များအနေနဲ့ လမ်းမပေါ်မှာ အစုအဝေးလိုက် ထွက်ပြီး မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြကြတာဟာ သမိုင်းမှာ မကြုံဖူးခဲ့ပါဘူး။ ဗုဒ္ဓ၀ါဒီများဟာ မေတ္တာဝါဒီ၊ ငြိမ်းချမ်းရေး ၀ါဒီတွေဖြစ်လို့ အကြမ်းဖက်ရိုး ထုံးစံ မရှိပါ။ မိမိတို့ကို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်၊ သေနတ်နဲ့ ပစ်ကြပေမယ့် အကြမ်းဖက်ပြီး မတုံ့ပြန်ကြပါ။ မိမိတို့ကို အကြမ်းဖက်လာတဲ့ အခါ၊ သူတို့ကျွေးတဲ့ဆွမ်း၊ ဆေး စတာတွေကို လက်မခံ၊ သူတို့ရဲ့ သာရေးနာရေးကို မသွားဘဲ နေလိုက်ကြပါတယ်။ ဒါကို သံဃာအချင်းချင်း ညှိနိုင်း သဘောတူပြီး ဆောင်ရွက်ကြပါတယ်။ အရပ်စကားနဲ့ ပြောရင် သပိတ်မှောက်တယ်၊ သံဃာတွေ ဝေါဟာရအရ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်လို့ ခေါ်ပါတယ်။ အကြမ်းဖက်တဲ့ ဒကာတွေက သံဃာတွေကို တောင်းပန်ရင်လည်း ချက်ချင်း ကျေအေး ခွင့်လွှတ်ရမြဲ ဖြစ်ပေမယ့် မတောင်းပန်ရုံမက ဆက်လက်ဖမ်းဆီး၊ နှိပ်စက်နေတဲ့ အတွက် ဘုန်းကြီးများ ဘက်ကလည်း ဆက်လက် သပိတ်မှောက် ထားပါတယ်။

သံဃာတော်များရဲ့ ဆွမ်းကွမ်းဒါယကာများမှာလည်း ကုန်ဈေးနှုန်းတွေတက်၊ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေကြရလို့ သံဃာတော်များက ဒကာများအတွက်ပါ မေတ္တာရပ်ခံပါတယ်။ ဖမ်းဆီးထောင်ချထားတဲ့ ဒကာတွေကိုလည်း လွှတ်ပါ။ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ရပ်ပါ။ စားဝတ်နေရေး သက်သာချောင်ချိအောင်လည်း ဆောင်ရွက်ပေးပါ စသဖြင့် မေတ္တာရပ်ခံပါတယ်။ လူမှုကိစ္စနဲ့ သံဃာကိစ္စ တပေါင်းတည်း ဖြစ်သွားခဲ့ပါတယ်။ (သံဃာတွေ နိုင်ငံရေး အာဏာရယူရေးမဟုတ်ပါ။)

လူတွေ ဒုက္ခရောက်ကြတာ၊ ဖမ်းဆီးနှိပ်စက်ခံကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်ပါဘူး။ မွတ်စလင်ရော၊ ခရစ်ယာန်တွေရော ပါဝင်ကြပါတယ်။ လူတွေ ဆန္ဒပြကြရာမှာလည်း ဘာသာစုံ လက်တွဲ ပါဝင်ကြပါတယ်။ သံဃာတော်များကလည်း အများပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ထောက်ခံပြီး တပြေးညီ မေတ္တာပို့ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက် ပစ်ခတ်နှိမ်နင်းတဲ့ စစ်သားတွေလည်း မေတ္တာပို့ ပါတယ်။ (မတရားဖိနှိပ်မှုကို သတိပေးတာပါ။)

ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ သူကိုးကွယ် ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာမှာ လူမျိုး ခွဲခြားမှု မရှိ၊ လူတန်းစား ခွဲခြားမှု မရှိ၊ ကျားမ ခွဲခြားမှု မရှိ - အားလုံးကို တန်းတူထားကြောင်း ထုတ်ဖော်ပြောဆို ဂုဏ်ယူခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒဟာ အစွန်းနှစ်ဖက် လွတ်တဲ့ ၀ါဒ၊ မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ ဖြစ်ကြောင်းကိုလဲ ကြုံတိုင်း ဖော်ထုတ်တယ်။ မေတ္တာ မထားဘဲနဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။

မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်ဆိုတော့ အခြေခံဥပဒေ ရေးဆွဲကြရတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ကျင့်သုံးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်လို့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် သတ်မှတ်ဖို့ တချို့က အဆိုတင်သွင်း ခဲ့ကြဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင် ကြီးကြီးနဲ့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ ဘာသာရေး တခုရဲ့ နိုင်ငံ မဟုတ်ရဘူး။ ဘာသာရေး တခုခုကို ဦးစားမပေးရဘူး။ ဘာသာတိုင်းကို တန်းတူ အခွင့်အရေး ပေးရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အခြေခံဥပဒေအရ တရားမျှတ လွတ်လပ်ခဲ့ပါတယ်။

ကိုလိုနီခေတ်က စပြီးအစိုးရအဆက်ဆက်ဟာ သူတို့အကျပ်အတည်း ဖြစ်ရင် ထွက်ပေါက်အဖြစ် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ ရှိပါတယ်။ ဒါပေမယ့် လူထုက ဒီလောက် မအလို့ ဘာသာရေး အဓိကရုဏ်း အကြီးအကျယ် မဖြစ်ခဲ့ပါဘူး။ ကျနော်တို့မှာ ဘာသာရေး အစွန်းရောက်တွေလည်း မရှိပါ။ သံဃာတော်တွေဟာ သူများရဲ့ အသက်ကို သက်ရဖို့ ဝေးရော၊ သတ္တ၀ါတွေကို ထိခိုက်နာကျင်အောင် နှိပ်စက်တာတွေတောင် မလုပ်ရပါ။ လက်နက်ကိုင် တော်လှန်ရေးမှာလည်း မပါရပါ။ မလွှဲသာရင် လူဝတ်လဲပြီး လက်နက်ကိုင်ကြပါတယ်။ (ဖက်ဆစ်ဂျပန်ကို တော်လှန်တုန်းကပါ။)

ဒီခတ်မှာ ထူးဆန်းတာက ဗုဒ္ဓဘာသာအမည်ခံပြီး လက်နက်ကိုင်တပ် ဖွဲ့စည်းနေသူတွေ ရှိနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ များတဲ့ ဗမာစစ်တပ်က ဗိုလ်ချုပ်တွေကို ကျောထောက်နောက်ခံ ပြုနေပါတယ်။ အဲဒါကတော့ ဒီကေဘီအေခေါ် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ သံဃာ့နာယက ဆရာတော်ကြီးများက လက်နက်ကိုင် အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ အမည် မသုံးစွဲဖို့ မေတ္တာရပ်ခံတာ မကြားရပါ။ တဖက်က ကေအန်ယူများဟာ ခရစ်ယာန် များချည်း ဖွဲ့စည်းထားတာလည်း မဟုတ်၊ ဘာသာရေးစစ်ပွဲ ဆင်နွှဲနေတာလည်း မဟုတ်။ ဖိနှိပ်တဲ့၊ ဒီမိုကရေစီ မရှိတဲ့၊ ပြည်ထောင်စု စည်းလုံးရေးကို မလုပ်တဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ခိုက် တော်လှန်နေတာပဲ ဖြစ်ပါတယ်။ ဒီကေဘီအေက ဗုဒ္ဓဘာသာ နာမည်ယူခြင်းဟာ မရိုးသားမှု ဖြစ်ပါတယ်။ အချင်းချင်း ကွဲကြတာကို ဘာသာရေး ခုတုံးလုပ်တာ ဖြစ်ပါတယ်။ (အာဏာနိုင်ငံရေးမှာရော၊ လက်နက်ကိုင်တပ်ဖွဲ့ မှာရော ဘာသာရေး အမည် မတပ်သင့်ပါ။)

ဗုဒ္ဓဘာသာဟာ အကြမ်းဖက်မှုကို မလိုလားပါ။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် ထိပ်တန်း ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကြွားဝါ ဂုဏ်ယူလေ့ရှိတဲ့ ဗမာပြည်မှာ အကြမ်းဖက်မှုတွေက မယုံနိုင်အောင် များပြားပါဘိ။ ကြာလေ ကြမ်းလေ ဖြစ်နေပါတယ်။ ဗမာပြည်ရဲ့ ခေတ်သစ် သမိုင်းဟာ အကြမ်းဖက်မှု သမိုင်းကြီး၊ သွေးနဲ့ မျက်ရည်သမိုင်း ကြီး ဖြစ်နေပါတယ်။ ကျနော်တို့ တသက်မှာ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရတာဟာ တွေးလေကြေကွဲစရာ ကောင်းလေ ပါပဲ။ စစ်ဗိုလ်ချုပ်တစု (လူနည်းစု) က အကြမ်းဖက်ဝါဒကို ဆုပ်ကိုင်ထားသမျှ (လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေ မလျှော့သမျှ) တိုင်းပြည်လည်း မငြိမ်းချမ်း၊ သာသနာရောင်လည်း ညှိုးမှိန် နေရမှာပါပဲ။ ခုဆိုရင် စစ်ဗိုလ်ချုပ် တွေကို အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေက စိတ်ပျက်လာပါပြီ။ (တပ်နဲ့ပြည်သူ ကြည်ဖြူခွင့် မရလို့ပါ။) ပြည်သူတွေ ဘက်ကလည်း စစ်ဗိုလ်ချုပ်တွေ အပေါ် စိတ်မရှည်ချင်တော့ပါ။ ဒါဟာ မကောင်းတဲ့ အလားအလာပါ။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ရင်၊ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ရရင် နောက်ထပ်ပိုပြီး ကြီးလည်းကြီး ကြာလည်း ကြာတဲ့ ပြည်တွင်းစစ် မီးကြီး ဖြစ်ရတော့မှာပါ။ ပြည်တွင်းစစ် မီးကြီး ဟုန်းဟုန်းတောက် မဖြစ်ခင် စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးလမ်းကို (ဟန်ပြမဟုတ်၊ အချိန်ဆွဲတာမဟုတ်၊ လှည့်စားတာမဟုတ်ဘဲ) လမ်းဖွင့် လိုက်သင့်ပါတယ်။

သာသနာမညှိုးနွမ်းအောင်၊ တိုင်းပြည်လည်း ငြိမ်းချမ်းအောင် သံဃာရော၊ တိုင်းရင်းသား ပြည်သူတွေရော၊ စစ်တပ်ရော အချိန်မဆိုင်း ကြိုးစားကြရမှာပါ။ သေနတ်ပြောင်းက နိုင်ငံရေးအာဏာပဲ ထွက်ပေါ်ပါမယ်။ သေနတ်ပြောင်းက ငြိမ်းချမ်းရေး မထွက်ပေါ်နိုင်ပါ။ ယမ်းအိုးထဲမှာ ဒီမိုကရေစီရှာလို့မရနိုင်ပါ။

မောင်စွမ်းရည်

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့