..............................

Thursday, March 5, 2009

ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ

NEJ /၄ မတ် ၂၀၀၉

ရန်ကုန်တွင် မတ်လ (၃) ရက်နေ့ ညက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံ များ၏ ပြောပြချက်အရ သိရသည်။

မတ်လ (၃) ရက်နေ့ည (၉) နာရီခွဲအချိန်တွင် ပြည်လမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ပဒုမ္မာပန်းခြံတွင် ပေါက်ကွဲကြောင်း စမ်းချောင်းမြို့နယ် နေထိုင်သူတဦးက ပြောသည်။

“အသံက တော်တော်ကျယ်တယ်။ အစတုန်းကတော့ ဂက်စ်ကားတွေက ကြားနေကျ အသံမျိုး (ဂက်စ်ပေါက်သံ) လို့ထင်တာ။ အဲဒီကားတွေက ဖြစ်နေကျလေ။ ဒါပေမယ့် စိတ်ထဲက သွားကြည့်ချင်လို့ သွားတော့ ဗုံးပေါက်နေတာပဲ” ဟု စမ်းချောင်း ကျွန်းတောလမ်းနေ ပြည်သူတဦးက ပြောသည်။

“ရဲတွေများတယ်။ ပေါက်ပြီး (၁၅) မိနစ်တောင် မကြာဘူး ရောက်လာကြတာပဲ။ လူနာတင်ကားရောက်လာတယ်၊ ပြီးတော့ ပန်းခြံထဲမှာ ထပ်မံရှာဖွေရေးတွေ လုပ်ကြတယ်ဗျ” ဟု မြေနီကုန်း မီးပွိုင့်အနီး နေသူတဦးက ဆိုသည်။

ပဒုမ္မာပန်းခြံတွင် နေ့လယ်ပိုင်း၌ အိမ်သာတက်သူအချို့နှင့် တောင်းရမ်းစားသောက်သူ ကလေးအချို့ ဆော့ကစားတတ်ကြောင်း၊ ရံဖန်ရံခါ စုံတွဲအချို့ ထိုင်တတ်ကြောင်း၊ ညဘက်တွင် မီးရရှိမှု တခါမှ မရှိကြောင်း၊ မှောင်နေသည့်အတွက် တဦးတယောက်မှ အပန်းဖြေလေ့ မရှိကြောင်း စမ်းချောင်းသား တဦးက ပြောသည်။

“ပန်းခြံထဲမှာ ပိုက်ဆံတောင်းတဲ့ ကလေးတချို့ ညဘက်အိပ်လေ့ရှိတယ်” ဟု ပဒုမ္မာ ပန်းခြံအနီး နေသူတဦးက ပြောသည်။

မတ်လ (၃) ရက်နေ့ ည (၁၁) နာရီကျော်တွင် လှည်းတန်း မီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲဆောင် အနီး ပန်းခြံထဲတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားကြောင်း လှည်းတန်း မီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် နေထိုင်သူတဦးက ပြောသည်။

“ဗုံးပေါက်တယ်လည်းပြောရော ချက်ချင်းရောက်လာကြတယ်။ ရဲတွေပေါ့ဗျာ။ ပြီးတော့ သည်းသည်းလှုပ်ပြီး ပန်းခြံထဲကို ဘယ်သူမှ မ၀င်ရ ဆိုပြီး ပိတ်တယ်။ အဲဒီပန်းခြံကို ဘယ်သူမှ ၀င်ပြီး အပန်းမဖြေဘူး အဲဒါအသေ အချာပဲ၊ ဗုံးပေါက်တဲ့ ပန်းခြံဟာ ယာဉ်ထိန်းရဲတွေနဲ့ နီးတဲ့နေရာပဲ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဗုံးပေါက်မှု နှစ်ခုလုံးတွင် သေဆုံးသူ မရှိကြောင်း၊ ထိခိုက်ဒဏ်ရာလည်း မရရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်မှာ စစ်အစိုးရက ထောင်သားပေါင်း ခြောက်ထောင်ကျော်ကို (၂၁.၂.၂၀၀၉) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်း ပထမဦးဆုံး ပေါက်ကွဲသော ဗုံးဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့