..............................

Friday, March 6, 2009

လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင်

ဆလိုင်းပီးပီး
ကြာသပတေးနေ့၊ မတ်လ 05 2009

နယူးဒေလီ (မဇ္ဈိမ) – လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တရပ်အတွက် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပြည်နယ် မီဇိုရမ်မှ အရပ်ဘက် အဖွဲ့အစည်း တရပ်က ဤဒေသအတွင်း နေထိုင်သော ချင်းလူမျိုးများကို သူတို့အား တောင်းပန်ရန် တောင်းဆို လိုက်ကြပါသည်။

မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း တရပ်ဖြစ်သော မီဇိုလူငယ်အဖွဲ့ (YMA) က ချင်းအဖွဲ့အစည်း အနည်းဆုံး ၂၃ ခုကို အစည်းအဝေး တက်ရောက်ရန် ဆင့်ခေါ်ကာ ထိုလူ့အခွင့်အရေး အစီရင်ခံစာတွင် မီဇို လူမျိုးများက ချင်းလူမျိုးများကို နှိပ်စက်သည်ဟူသော HRW ၏ စွပ်စွဲ ရေးသားမှုအတွက် ငြင်းဆို ပြောကြားပေးရန် သူတို့ကို တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိလာသော ချင်းလူမျိုးများကို မီဇိုလူမျိုးများက နှိပ်စက်သည်ဟု HRW က စွပ်စွဲရေး သားခဲ့ခြင်းကို YMA ဗဟိုအဖွဲ့က အလွန် ဒေါသထွက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ချင်းလူမျိုး ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အတွင်း ရောက်ရှိ နေထိုင်နေကြသော ချင်းလူမျိုး အသိုင်းအဝိုင်းကို YMA ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ တလွဲ သတင်းပေးခဲ့သည်ဟု CYMA ၏ ဥက္ကဌ ဂျေအိပ်ခ်ျဇိုရမ်ထန်းငါ (J. H. Zoremthanga) က ချင်းခေါင်းဆောင် များကို စွပ်စွဲ ပြောကြားခဲ့သည်။

“YMA နဲ့ မီဇိုဒေသန္တရ အာဏာပိုင်တွေရဲ့အကြောင်း HRW အစီရင်ခံစာမှာ ရေးသားထားချက် တွေဟာ မမှန်ဘဲ ပုံကြီးချဲ့ ထားတာသာ ဖြစ်တယ်လို့ သူ (ဇိုရမ်ထန်းငါ) ကပြောတယ်။ သူက ဒီအစီရင်ခံစာ အတွက် တောင်းပန်ရမယ်လို့ ကျနော်တို့ကို တောင်းဆိုတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ကိုယ်စားလှယ်က ဆက်လက် ပြောဆိုသည်။

HRW ၏ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော ‘မေ့ပျောက်ခံ ပြည်သူတွေလိုပါဘဲ’ ဟူသော အစီရင် ခံစာတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တွင် နေထိုင်ကြသော ချင်းလူမျိုးများသည် စစ်အစိုးရ လက်အောက်တွင် ဆင်းရဲ ဒုက္ခများကို လူမသိသူမသိ တိတ်ဆိတ်စွာ ခံစားခဲ့ကြရကြောင်း၊ စနစ်တကျ နှိပ်စက် ညှဉ်းပန်းမှုများကြောင့် ထောင်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးရောက်ရှိ လာခဲ့ကြကြောင်း ရေးသားထားသည်။

ဤသို့ ရွှေ့ပြောင်းရောက်ရှိလာသော ချင်းလူမျိုးများသည် မီဇိုရမ် ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံရှိ အိမ်ရှင်လူမျိုး အသိုင်းအဝိုင်းများ၏ ရန်လိုစွာ ဆက်ဆံမှုကို နောက်ထပ် ကြုံတွေ့ရ ပြန်ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ အထူးသဖြင့် YMA အကြောင်း ရေးသား ဖော်ပြထားပြီး၊ ချင်းလူမျိုး များသည် ဤအဖွဲ့၏ နှိပ်စက်မှုနှင့် အကြိမ်ပေါင်းများစွာ နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း ရေးသားထားသည်။

“မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများသည် လုံခြုံရေးဆိုင်ရာ ကျူးလွန် စော်ကားမှုများ၊ အလွန်အမင်း နှိမ်ချ ဆက်ဆံခြင်းများ၊ အလုပ်အကိုင် မရှိခြင်းများကို ရင်ဆိုင်နေကြရပြီး၊ အိုးအိမ် ပြဿနာနှင့် ဈေးသက်သာသော ပညာရေး ကိုလည်း မရကြ” ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ဒေသခံအိမ်ရှင်များသည် မီဇိုရမ်ပြည်နယ် ရောက်ချင်း လူမျိုးများကို သူတို့တွင် တရားဝင် နေထိုင်ခွင့် အဆင့်အတန်းနှင့် စာရွက်စာတမ်း တစုံတရာ မရှိကြသည့်အတွက် အိမ်ငှါးရန် ချီတုံချတုံ ဖြစ်နေခြင်းသော် လည်းကောင်း၊ ဈေးပိုယူခြင်း သော်လည်းကောင်း ပြုလုပ်ကြသည်ဟုလည်း အစီရင်ခံစာတွင် ဆက်လက် ရေးထားသည်။

ထို့ပြင် ချင်းလူမျိုးများကို သူတို့ကိုယ်ပိုင် ဝတ်ပြုကိုးကွယ်ရေး ဆိုင်ရာ အဆောက်အဦး နေရာ ထိုင်ခင်းများ မပြုလုပ် ကြရန်လည်း ဒေသန္တရ အာဏာပိုင်များက ဖိအား ပေးခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

“YMA ကကြေငြာထားတာ ချင်းလူမျိုးတွေ သူတို့ သီးသန့် ဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်းတာ မလုပ်ရဘူးတဲ့။ မီဇိုရမ်မှာ နေချင်ရင် မီဇိုဘုရားကျောင်းပဲ တက်သင့်တာပေါ့လို့ သူတို့က ပြောတယ်” ဟု ချင်းလူမျိုးတဦးကို ကိုးကားပြီး HRW အစီရင်ခံစာက ရေးသားထားသည်။

သို့သော် CYMA ကမူ HRW အစီရင်ခံစာသည် မီဇိုလူမျိုးများ၏ သူတို့၏ ညီအကိုတော်များ ဖြစ်သော ချင်းလူမျိုး များအပေါ် စိတ်ကောင်း စေတနာ ထားရှိမှုများကို စွပ်စွဲပုတ်ခတ် ရေးသားခြင်းများသာ ဖြစ်သည်ဟု ငြင်းဆို ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇော (Aizawl) မြို့တွင် ကျင်းပခဲ့သော အစည်းအဝေး အတွင်း ဇိုးရမ်ထန်းငါ က ဤ အစီရင်ခံစာသည် အခြေအမြစ် မရှိသော၊ ဘက်လိုက်သော သတင်း အချက်အလက်များ အပေါ်တွင် အခြေခံရေးသား ချက်များသာ ဖြစ်သည်ဟုဆိုကာ HRW သို့ ကန့်ကွက် တိုင်ကြားစာများ ရေးသား ပေးပို့ကြရန်နှင့် အစီရင်ခံစာကို ရှုတ်ချကြရန် ချင်းနိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး နှင့် အမျိုးသမီး အဖွဲ့များ စုစုပေါင်း ၂၃ ဖွဲ့မှ ခေါင်းဆောင် များကို တိုက်တွန်း ပြောကြားခဲ့သည်။

“သူက ချင်းအဖွဲ့အစည်းနဲ့ လူမျိုးခေါင်းဆောင်တွေကို အစီရင်ခံစာအပေါ် HRW ကို ကန့်ကွက် တိုင်ကြားကြဖို့ တိုက်တွန်း သွားတယ်” ဟု ချင်းလူမျိုး ကိုယ်စားလှယ် တဦးက ပြောသည်။ သူ့လေသံသည် ချင်း ခေါင်းဆောင်များက အစီရင် ခံစာကို ကန့်ကွက် ရှုတ်ချကြရန် ပျက်ကွက်ခဲ့မည် ဆိုပါက ဂယက်ရိုက်ခတ်မှု တခုခု ရှိလာနိုင်ကြောင်း ညွှန်ပြနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့သည် ကီလိုမီတာ ၄ဝဝ ခန့် ရှည်လျားသော စိမ့်ဝင် ကူးသန်းနိုင်သည့် နယ်ခြားရှိနေသည်။ အစဉ်အလာ အားဖြင့် ချင်းနှင့် မီဇိုတို့သည် မိမိတို့ကိုယ် မိမိတို့ ရှေးဘိုးဘွား ဘီဘင်များမှ ဆင်းသက်လာသော ညီအကိုတော် ဆွေမျိုး သားချင်းများဟုပင် ယူဆ ခံယူထားကြပြီး၊ နိုင်ငံတကာ နယ်နိမိတ် ခြားနေသော်လည်း ဤလူမျိုးစု ၂ ခုအကြား ပုံမှန် အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေထိုင် နေသော ချင်းလူမျိုး အရေ အတွက်သည် အဆမ တန်တိုးပွါးလာပြီး ယခုအခါ မီဇိုရမ်ပြည်နယ် အနှံ့အပြားတွင် နေထိုင်နေသော ချင်းလူမျိုးပေါင်း အနည်းဆုံး ၆ သောင်း ရှိမည်ဟု အစိုးရ မဟုတ်သော အဖွဲ့အစည်း အနည်းငယ်၏ အပြောအရ သိရသည်။

ချင်းနှင့် မီဇိုလူမျိုးတို့အကြား အငြင်းပွါးမှုများ ယခင်ကလည်း အခါအားလျော်စွာ ဖြစ်ပွါးခဲ့ပြီး ၂ဝဝ၃ ခုနှစ်ကမူ ချင်းအမျိုးသား တဦးက မီဇို ဆယ်ကျော်သက် မိန်းကလေးတဦးကို မုဒိမ်းကျင့်ခဲ့သည် ဟူသော စွပ်စွဲချက် ပေါ်ထွက်လာခဲ့ ပြီးနောက် YMA က ချင်းလူမျိုးများကို ပြည်နယ်အတွင်းမှ ထွက်ခွါသွားရန် နှင်ထုတ်ခဲ့သည်။

ဤသို့ အငြင်းပွါးမှုများရှိခဲ့လင့်ကစား၊ မီဇိုပြည်သူများက မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ချင်းလူမျိုးများကို ပြည်နယ်အတွင်း ဆက်လက် နေထိုင်ခွင့် ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါး လာသောအခါ လူထု ဆန္ဒပြပွဲများ ကျင်းပပြီး ထောက်ခံမှု ပေးခဲ့သည့် အိန္ဒိယနိုင်ငံ တွင်းရှိ ပထမဆုံး လူမျိုး အသိုင်းအဝိုင်း ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြ နေသူများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့် အတွက် မြန်မာ စစ်အစိုးရကို ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့