..............................

Thursday, February 19, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ပွဲကောင်းတွေ

နအဖရဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှ စိတ်မဝင်စားဘူး။ လုပ်ဇာတ်မို့ မဟုတ် မဟတ်သာ ဖြစ်မယ်မှန်း လူတိုင်းသိတယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေပဲ နိုင်နိုင် နိုင်ငံ့အာဏာဟာ ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့လက်ထဲမှာပဲ ရှိနေမယ်ဆိုတာ ရှင်းနေတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက စစ်အုပ်စုက နိုင်ငံ့အာဏာရဲ့ ၉ဝ% ကို ရရှိပြီးနေပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ ဆန္ဒ ခံယူပွဲတုန်းကလိုပဲ လူထုက ကိုယ်နဲ့ ဘာမှမဆိုင်သလိုပဲ နေတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ တုန်းက လူထုရဲ့တက်ကြွမှုနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီတခါ ရွေးကောက်ပွဲဟာ အာရုံ အစိုက်ခံရမှု အင်မတန်မှ နည်းလှတယ်။ ကြက်ပွဲသာသာနဲ့ ပြီးသွားမယ့် လက္ခဏာတွေ တွေ့နေရ တယ်။

ဒီရွေးကောက်ပွဲကို သာမန်လူထုကတောင် စိတ်မဝင်စား လေတော့ နအဖ ပါးစပ်ဟလိုက် တာနဲ့ သူတို့ဝမ်းထဲမှာ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိနေတဲ့ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေက ဆိုရင် ဘာမှပြောစရာ မလိုတော့ဘူး။ တကယ်ပဲ ဘယ်သူကမှ အယုံအကြည် မရှိဘူး။ မယုံတဲ့ လူတွေထဲမှာ အတွင်းသိဖြစ်တဲ့ နအဖ ကိုယ်တိုင်လည်း ပါတယ်။

ဒီလိုပြောလို့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားသူတွေ လုံးလုံး မရှိတော့ဘူး ဆိုရင်တော့ မှားတယ်လို့ ပြောရမယ်။ စိတ်ဝင်စား သူတွေ ရှိတယ်။ သူတို့ဟာ စိတ်ဝင်စား လိုက်သမှ ဒီတပွဲမှာ အကုန် ပုံအောဖို့ကို စဉ်းစားပြီး စီမံကိန်းတွေ ချနေကြတယ်။ တချို့လည်း စလှုပ်ရှားနေကြတာ အခု ကြာလေ ထင်ထင်ရှားရှား တွေ့မြင်ရလေလေ ဖြစ်လာနေတယ်။ တခြားမပြောနဲ့၊ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်၊ ရွေးကောက်ပွဲဥပဒေ စတာတွေမှ မကြေညာရသေးဘူး နယ်ဆင်းပြီး စည်းရုံးတယ် ဆိုတာတွေ များသထက် များလာနေတယ်။ ဒါ ဘာကြောင့်လဲ။ ဟုတ်တယ်၊ ဘာကြောင့်လဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။

အခုအခါမှာ လူသိရှင်ကြား မဟားဒယား စည်းရုံးရေး ဆင်းနေကြ သူတွေ ကတော့ တစညနဲ့ ကြံ့ဖွံ့တွေ အဓိကပဲ။ သူတို့ကို ဘယ်အာဏာပိုင်ကမှ မတားဘူး၊ မပိတ်ပင်ဘူး။ သူတို့အဖို့ လမ်းကို ဖြူးနေတာ။ ဒါပေမဲ့ သူတို့နဲ့ တချိန်ထဲမှာ လူမသိသူသိ တိတ်တိတ်ပုန်း ခြေပုန်းခုတ် လှုပ်ရှားနေသူ တွေ၊ အစုတွေက ပိုများတယ်ဆိုတာ သိလာနေရတယ်။ သူတို့ဟာ ဗမာပြည် တနံတလျားမှာ အကွက် ချ လုပ်နေကြတာ ဖြစ်တယ်။ ဒါ့အပြင် နအဖနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေဆီကို အကြိမ်ကြိမ် သွားပြီး ဆွယ်တရား ဟောနေကြတာတွေကို ကြည့်ရင် ဒီရွေးကောက်ပွဲအပေါ် နအဖကရော တချို့ လူတွေပါ တကယ် အလေးထားတယ် ဆိုတာ ပေါ်လွင်နေတယ်။

ဒါက ဘာကိုဖော်ပြနေသလဲ။

ဒါကနေ ဘယ်လို ကောက်ချက်ဆွဲနိုင်သလဲ။

အသေအချာပြောနိုင်တာက အုပ်စုချင်း အားပြိုင်မှုတွေ စ’ပေါ်လာနေတယ် ဆိုတာပဲ။

သိကြတဲ့အတိုင်း နအဖကိုယ်တိုင်ရော၊ သူ့ဘေးမှာဝန်းရံနေတဲ့ အင်အားတွေပါ ဘယ်သူမှ အဘိဓမ္မာ တရပ်၊ မူတရပ်၊ ယုံကြည်ချက် တရပ်အပေါ်မှာ စုစည်းနေကြတာ၊ လှုပ်ရှားနေကြတာ မဟုတ်ဘူး။ အားလုံးဟာ ကိုယ်ကျိုး စီးပွားပေါ်မှာ စုစည်းနေ၊ လှုပ်ရှားနေကြတာ ဖြစ်တယ်။ သူတို့ အားလုံးဟာ ကိုယ့် အခွင့်အရေးကိုပဲ အမြဲစောင့်နေ၊ ချောင်းနေကြတာ ဖြစ်တယ်။ ဒီတခါရွေးကောက် ပွဲဟာ သူတို့အထဲမှာ ထိပ်ဆုံး အဆင့်နဲ့ စစ်တပ်အဆင့်က လွဲရင် တခြားအဆင့်တွေမှာ အပိုင်စား နယ်ပယ်တွေ ခွဲဝေမယ့် သဘောဖြစ်တယ်။ ဒါကြောင့် အခုကိုပဲ အဆင့်အသီးသီး၊ နေရာအသီးသီးမှာ ဒီအတွက် နေရာလုပွဲ၊ အာဏာလုပွဲတွေ စပြီး ဖြစ်လာနေတွေ တွေ့ရပြီ။

ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်း ရွေးကတည်းက အတွင်းမှာ ခွက်စောင်း ခုတ်ပွဲတွေ ဖြစ်မှာ သေချာနေတော့ တကယ့် ပွဲကောင်းတွေ ကြည့်ရမှာ သေချာတယ်။ သူ့လူပါတယ်၊ ငါ့လူ မပါဘူးဆိုတဲ့ ကိစ္စတွေနဲ့ မပြောနိုင် မဆိုနိုင်တွေဖြစ်ကြမှာ သေချာတယ်။ အမတ် နေရာဆိုတာ သူကြီးနေရာထက် ကျယ်တယ်။ ဒါကြောင့် အမတ်နေရာတခုမှာ ဝင်အရွေးခံခွင့် ရချင်တဲ့ လူတွေဟာ ကြံ့ဖွံ့ထဲမှာကိုပဲ များမယ်။ ဒီတော့ ဒီဒေသရှိကြံ့ဖွံ့တွေ အတွင်းမှာ ရန်စောင်တာ၊ မကြေလည်တာ တွေ မုချဖြစ်မယ်။ ဟိုရပ်ကွက်က ကြံ့ဖွံ့နဲ့ ဒီရပ်ကွက်ကကြံ့ဖွံ့ စောင်ကုန်ကြမယ်။ ရန်ကုန်လို၊ နေပြည်တော်လို အရေးကြီးတဲ့ နေရာတွေမှာ အထက်ကနေ “ဟေ့ကောင်တွေ၊ စကားများ မနေကြနဲ့၊ ဘယ်သူပဲ ဝင်အရွေးခံလိုက်” လို့ အမိန့်ပေးလို့ ရနိုင်တယ်။ ဒါပေမဲ့ တခြား နေရာတွေမှာ ကျတော့ အထက်က နေရာတကာကို လိုက်ပြီး အသေးစိတ် ညွှန်ကြား နေလို့ မဖြစ်ဘူး။ အရွေးခံရဖို့ တိုင်းမှူးကို လာဘ်ထိုးတာ၊ ဒေသကြံ့ဖွံ့ ခေါင်းဆောင်ကို လာဘ်ပေးတာတွေ ဖြစ်လာရတော့မယ်။ လက်တွေ့ ကျကျ ဆက်တွေးလိုက်ရင် ဘယ်လိုပြဿနာတွေ ပေါ်နိုင်သေးတယ် ဆိုတာ အလွယ်နဲ့ ပေါ်လာတယ်။ ဒါက ကြံ့ဖွံ့တဖွဲ့ထဲ အတွင်းမှာတင် ပြောတာ။

မုချမြင်တွေ့ရအုန်းမယ့် နောက် ပွဲကောင်းတခုက တစညနဲ့ ကြံ့ဖွံ့အကြားမှာ ပေါ်လာမယ့် ပဋိပက္ခပဲ။ မဆလ စစ်အုပ်စု လက်ကျန်နဲ့ နအဖခြံပေါက် တပည့် လက်ကိုင်းတွေ အကြား ဘယ်သူက ပိုထက်တယ်၊ စွမ်းတယ် ဆိုတာ မြင်ရမှာပဲ။ တစညဟာ ကြံ့ဖွံ့လို ကိုယ်စားလှယ်တွေနဲ့ ပြိုင်အရွေးခံ ရမှာလို့ တွက်ထားတာမို့ သူတို့ရဲ့ အခြေအနေကို သူတို့ မျှော်လင့်ချက် ကြီးစွာနဲ့ အားတက်နေကြတာ ဖြစ်တယ်။ ကြံ့ဖွံ့လို ရပ်ရွာရဲ့ အော့ကြောလန် တွေကိုတော့ သူတို့ မုချနိုင်မယ်လို့ ယုံထားကြပုံရှိတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာက ဒီနှစ်ဖွဲ့ထဲသာ မဟုတ်ဘူး။ တခြားသော အင်အားစု အမျိုးမျိုးလည်း ဝင်ပြိုင်ကြဦ်းမှာ ဖြစ်တယ်။ သဘောရိုးနဲ့ ဝင်ပြိုင်သူတွေ ရှိနိုင်သလို အခွင့်အရေးနဲ့ အာဏာအတွက် ဝင်ပြိုင်တဲ့ တခြား အင်အားစုတွေလည်း ရှိဦးမှာ သေချာတယ်။ ဥပမာဆိုရင် စီးပွားရေး လုပ်ငန်းရှင်ကြီး တွေဟာ ကိုယ့်စီးပွားရေး အခြေခံဒေသကို လက်မလွတ်စေဖို့ အတွက် အဲဒီ နေရာမှာ ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ့်လူကို ဝင်အရွေးခံ ခိုင်းမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်က လူဖြစ်ရမယ်လို့ မသတ်မှတ်ဘဲ ချန်ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိသေးတယ်။ အဲဒီရာထူးတွေ အတွက် အမတ်လောင်းတွေ လိုသေးတယ်။ ဒါတွေဟာ မင်းကြိုက်စိုးကြိုက်၊ ကာလသားများနဲ့ လားလားမှ မထိုက်တဲ့ ရာထူးတွေဖြစ်တယ်။ ဒီတော့ ဒီရာထူးတွေကို မှန်းပြီး ဝင်အရွေးခံတယ် ဆိုတာ မုချရှိလာမယ်။ နောက်ပြီး အဲဒီဝင်ပြိုင် သူတွေဟာ သာမန် အရပ်သား မဟုတ်ဘူး၊ အကောင်တွေပဲ ဖြစ်ရမယ်။ ဒါဆိုရင် အကောင်တွေချင်း ခွပ်ပွဲပါ ကြည့်ကြရဖို့ ရှိနေတယ်။

နအဖရဲ့ ထိပ်သီးကြီးတွေအတွက်ကတော့ ဝင်မပြိုင်ဘဲ အာဏာရအောင် လုပ်ထားမှာ သေချာတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့တဲ့ သူတို့ရဲ့ စီးပွားရေးတွေ၊ သူတို့လူတွေရဲ့ အကျိုးစီးပွားနဲ့ အာဏာ အနေအထားတွေနဲ့ ပတ်သက်နေတဲ့ ပြဿနာတွေ ရှိနေတယ်။ ဒါကို သူတို့ လက်ပိုက်ကြည့် မနေနိုင်ဘူး။ ဒါ ဖော်ပြနေတာ ကတော့ ဂိုဏ်းအုပ်စု တိုက်ပွဲတွေဟာ အောက်ပိုင်းမှာတင် ရှိမှာမဟုတ် ဘူး ဆိုတာပဲ။ အဆင့်အသီးသီး၊ နေရာဒေသ အသီးသီးမှာ ပေါ်လာမှာ သေချာနေတယ်။

အခုကိုပဲ ဘယ်ဗိုလ်ချုပ်ရဲ့လူတွေ(ဂိုဏ်း)က ဘယ်နေရာမှာ စပြီး လှုပ်ရှားနေကြတယ်။ စီမံကိန်းတွေဆွဲ၊ လူတွေ လျာထားနေကြတယ် ဆိုတဲ့ သတင်းတွေ ကြားရလှပြီ။ ဒီရွေးကောက်ပွဲဟာ လက်နက်နဲ့ အဓိက တည်ဆောက်ထားတဲ့ နအဖအာဏာကို ပိုခိုင်မာစေမှာ မဟုတ်ပေမဲ့ သူတို့တွင်းမှာ အက်ကြောင်းတွေ ပိုပေါ်လာစေမှာ ကတော့ မြေကြီးလက်ခတ် မလွဲပဲ။


ဗသြ

Ref: DPNS

0 comments:

အပေါ်သို့