..............................

Wednesday, February 4, 2009

ဂမ္ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ်

မုံပီး
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီသည် သူ၏ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၄ ရက်ကြာ ခရီးစဉ်ကို အင်္ဂါနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည် ဟု သတင်းရပ်ကွက်များက ပြောကြားပါသည်။

မစ္စတာဂမ်ဘာရီ၏တာဝန်မှာ တွေ့ဆုံဆွေးနွေးမှုမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရန် တွန်းဆော်ပေးရေး ဖြစ်သော်လည်း မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် ဘာမှ အကျိုးရလဒ်မရှိဘဲ လက်ဗလာသက်သက် ဖြင့် အင်္ဂါနေ့က သူ၏ ခရီးစဉ်ကို အဆုံးသတ်လိုက်ရပြီ ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ဖြည့်စွက်ပြောကြားပါသည်။

"သူ့တာဝန်ဘာမှမအောင်မြင်ဘဲ လက်ချည်း ဗလာသက်သက် ပြန်သွားရပြီလို့ ကျနော်ပြောရမှာဘဲ" ဟု ဂမ်ဘာရီ ၏ခရီးစဉ်ကို စောင့်ကြည့် လေ့လာနေသော အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောကြားပါသည်။

နိုင်ဂျီးရီးယားလူမျိုးသံတမန်ကြီး၏တာဝန်မှာ အားလုံးပါဝင်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အကောင် အထည် ဖော်ရန်နှင့် စီးပွါးရေး ဆွေးနွေးပွဲ (ဖိုရမ်) တရပ်ထူထောင်ရေးအတွက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေးရေးကိစ္စ မြန်မာ စစ်ခေါင်းဆောင်များအား နားချရန်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂပြဿဿနာဖြေရှင်းရေးသမားကြီးသည် သူ၏ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါ အဝင် စစ်အစိုးရဝန်ကြီးအများအပြား၊ စစ်အစိုးရလိုလားသောအဖွဲ့အစည်းများဖြစ်သည့် ယခင်ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုအေးလွင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်သစ် လူငယ်နှင့် ကျောင်းသားအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် လှုပ်ရှားနေသော အခြား အဖွဲ့အစည်းအများအပြားကို တွေ့ဆုံခဲ့ပါသည်။

စစ်အစိုးရဝန်ကြီးများနှင့်တွေ့ဆုံကာ အဆုံးသတ်ခဲ့ရသော သူ၏ခရီးစဉ်အတွင်း အရေးအပါဆုံး ဖြစ်ရပ်မှာ ထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

မစ္စတာဂမ်ဘာရီသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များကို ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ပထမဆုံးအကြိမ်အဖြစ် အတူတကွ တွေ့ဆုံနိုင်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များကသူတို့၏ မူဝါဒများနှင့် စပ်လျဉ်း၍ မိမိတို့၏ ရပ်တည်ချက် ယခင်အတိုင်း မပြောင်းမလဲ ရှိကြောင်း မစ္စတာဂမ်ဘာရီကို ပြောကြားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြား ပြောဆိုခဲ့ခြင်းမရှိဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောကြားပါသည်။

"ဒီခရီးစဉ်နဲ့ပတ်သက်လို့ သုံးသပ်ပြောကြားဘို့၊ ခရီးစဉ် မအောင်မြင်ဘူးလို့ နိဂုံးချုပ် ကောက်ချက်ချဘို့ ဆိုတာ စောပါ သေးတယ်၊ ကုလသံတမန် ကလဲ ကျနော်တို့ကို ဘာမှ ကတိပေးသွားတာ မဟုတ်ပါဘူး၊ သူက ကျနော်တို့ခေါင်းဆောင် တွေပြောတာကို နားထောင်ရုံ နားထောင်သွားတာပါ" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

NLD ခေါင်းဆောင်များက ထိုသို့တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြန်လည်သုံးသပ်ရေး နှင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို လက်ခံအသိ အမှတ်ပြုရေး ကိစ္စများသည် မြန်မာ စစ်ခေါင်းဆောင်များနှင့် သူတို့တွေ့ဆုံနိုင်ရန်အတွက် အနိမ့်ဆုံး စည်းကမ်းချက်များ ဖြစ်ကြောင်းဖြင့် ထပ်လောင်း အတည်ပြု ပြောကြား လိုက်ကြပါသည်။

ထိုသို့တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ ပျက်စီးကျဆုံးနေသော တရားရေးစနစ် နှင့် စပ်လျဉ်း၍ သူစိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ "မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ ကို သင့်တော်တဲ့ တရားစီရင်မှု မရှိဘဲ နှစ်ရှည် ထောင်ဒဏ်တွေပေးတာက ထင်ထင်ရှားရှား ပြသနေပါတယ်" ဟု ဒေါ်စု ကပြောကြားခဲ့ကြောင်း ဦးဥာဏ်ဝင်းကပြောပါသည်။

မစ္စတာဂမ်ဘာရီသည် အင်္ဂါနေ့တွင် မြန်မာစစ်အစိုးရ၏ တောတွင်းတွင် တည်ဆောက်ထားသော မြို့တော်သစ် နေပြည်တော်သို့ သွားရောက်လိမ့်မည်ဟု တနင်္လာနေ့က ကောလဟလများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တနေ့လုံး ရန်ကုန်မြို့တွင်သာ ရှိနေပြီး လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လှုပ်ရှားနေကြသည့် စစ်အစိုးရလိုလားသော အဖွဲ့အစည်း အများအပြားနှင့်သာ တွေ့ဆုံခဲ့ရပါသည်။

NLD ကသဘောတူညီချက်မပေးခဲ့သဖြင့် စီးပွါးရေးဆွေးနွေးပွဲ (economic forum) တရပ် တည်ထောင်ရေးကိစ္စ မယ်မယ်ရရ ရလဒ်တခုကို မစ္စတာဂမ်ဘာရီ ရမသွားခဲ့ကြောင်းဖြင့် ရန်ကုန်မြို့ရှိ သတင်းရပ်ကွက်က ပြောပါသည်။

"စီးပွါးရေးဖိုရမ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လက်ရှိစီးပွါးရေး အခြေအနေကို ဖော်ပြတဲ့ သတင်း အချက်အလက် ကျနော်တို့မှာ ဘာမှမရှိတာမို့ ဒီကိစ္စမှာ သဘောထား ပေးစရာ ဘာမှမရှိပါဘူးလို့ NLD ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့