..............................

Thursday, February 5, 2009

အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို

မင်းနိုင်သူ/ ၅ ဖေဖော်ဝါရီ ၂၀၀၉

ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ် ပြုရမည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြည်သူလူထု ထောက်ခံထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပျက်ပြားအောင်၊ ထိခိုက်အောင် လုပ်ဆောင်လာမှု မှန်သမျှကို ဆန့်ကျင် ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေတ်ပြိုင်က မေးမြန်းရာ ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ် လေးစားလျှင် ပြည်သူများ တခဲနက်မဲပေး ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အဘယ့်ကြောင့် အသိအမှတ် မပြုသနည်းဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖွဲ့ စည်းပုံအခြေခံဥပဒေကို နအဖစစ်အစိုးရက နာဂစ် ဖြစ်ပြီးစအချိန် ၂၀၀၈ မေလအတွင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများကို လက်မခံဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အန်အယ်လ်ဒီက အဆိုပါ အခြေခံဥပဒေကို ပြန်သုံးသပ်ပေးရန် စစ်အစိုးရထံ တောင်းဆိုထားသည်။

“ကျနော်တို့ ပြန်လည်သုံးသပ်ရေးမူနဲ့ နအဖလုပ်နေတာတွေ နီးစပ်ပါ့မလား ဆိုတော့ ရှေ့ အလားအလာ သုံးသပ်ရမှာ ခက်ပါတယ်။ အခု ပြောသွားတဲ့ အထဲမှာကိုက တရားမျှတမှု မရှိတာတွေ အများကြီးပါနေတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ်ဆို ပြည်သူတွေ ရွေးကောက်ထားတဲ့ ၁၉၉၀ ရလဒ်ကို ဘာဖြစ်လို့ အသိအမှတ် မပြုတာလဲ။ ကျနော်တို့က ဒီလို ပြန်ပြောချင်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီအနေဖြင့် တောင်းဆိုထားချက်များ ရနိုင်မည့် အသွင်လက္ခဏာ မတွေ့ရကြောင်း၊ သို့သော် တိုင်းပြည်နှင့် လူထုအတွက် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးကို တောင်းဆို ထားခြင်းကြောင့် ထိုအတိုင်းသာ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မရခဲ့လျှင် မည်ကဲ့သို့ လုပ်ဆောင်သွားမည် ဆိုသည့် မူဝါဒဆိုင်ရာ ကိစ္စများကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်စပ်လျဉ်း၍ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ထိပ်တိုက်တွေ့ရမယ့် သဘောတောင် ဖြစ်နေတယ်ပေါ့။ အစိုးရကလည်း ဒီ ဥပဒေကိုကိုင်ပြီး ရွေးကောက်ပွဲ လုပ်မယ်။ ရွေးကောက်ပွဲ ပျက်အောင် လုပ်တဲ့သူတွေကို အရေးယူသွားမယ် ဆိုတာတွေက ဂမ်ဘာရီ မလာခင် ကတည်းက ပြောဆို လုပ်ကိုင်ပြနေတာပဲ။ ဖွဲ့စည်းပုံ ကန့်ကွက်တဲ့ သူတွေကို ဖမ်းတာဆီးတာတွေ လုပ်ခဲ့တာပဲကိုး။ တင်းတင်းကျပ်ကျပ် လုပ်တာကို တွေ့ရတယ်လေ။၂၀၁၀ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ ယူဆရင် အစိုးရကတော့ ဖမ်းဆီး ထောင်ချနေမှာပဲ။ အခုလည်း နှစ်ရှည် ထောင်ဒဏ်တွေ ချနေတာပဲလေ။ ဆိုတော့ အဲဒီအချိန်ကျတော့ အန်အယ်လ်ဒီဘက်က (၅) သောင်း၊ (၁) သိန်း ဖမ်းချင်ဖမ်းကွာ ဆိုပြီးတော့ ဆန္ဒပြမယ့်လူ ရှိသလား မရှိဘူးလား။ သူတို့ ကန့်ကွက်ပွဲ အောင်နိုင်ဖို့ရာက အနည်းဆုံး လူတသောင်းလောက် ထောင်ကျ ခံရဲတဲ့သူ ရှိသလား။ ဒါပဲ။ အဲဒီပေါ်မှာ တည်နေတယ်လေ။ အစိုးရ ဆိုတာကတော့ သူ့လက်ရှိအာဏာကို လက်မလွှတ်ချင်တာ သဘာဝပဲ” ဟု သုံးသပ်ပြောဆိုသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်ရေး ကိစ္စမှာလည်း အခြေအနေနှင့် အချိန်အခါပေါ် မူတည်သည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ပြောခြင်းသည် မြန်မာ စစ်အစိုးရဘက်က ဘန်ကီမွန်းကို လက်ခံလိုခြင်း မရှိ ဆိုသည့် သဘောဖြစ်ကြောင်း ရန်ကုန် နိုင်ငံရေးသမား အချို့က ယူဆသည်။

ဂမ်ဘာရီအား နအဖပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဆန်း၏ ရှင်းလင်း ပြောဆိုချက်များကို ချုပ်ကြည့်လျှင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၏ ကမ်းလှမ်းချက်များကို အနုနည်းဖြင့် ငြင်းပယ်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခွင့် တောင်းထားသည့် အန်အယ်လ်ဒီကိုလည်း ရာဇသံပေးသည့် သဘောဆောင်သည်ဟု အတိုက်အခံ အချို့က ယူဆသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့်၊ စည်းရုံးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် ရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ကျင်းပမည်၊ ရွေးကောက်ပွဲ ဥပဒေကို မည်သည့်အချိန် ထုတ်ပြန်ပေးမည် စသည်တို့ကိုမူ ဖြေကြားသွားခြင်း မရှိပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့