..............................

Sunday, February 1, 2009

လူထုကိုခေါင်းဆောင်မယ့်သူတွေဟာ လူထုကို နားလည်ရမယ်

တလောကရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက်- မေးတဲ့သူက အဲဒီ အစီအစဉ်တွေ အောင်မြင်မယ်လို့ ယူဆပါ သလားလို့ ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကို စောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဖက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုက လိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာ အကောင်အထည်ဖော်တာ မလုပ်ရင် ဒါဟာလူထုရဲ့ တာဝန်ပဲလို့ သုံးသပ်တာမျိုးကိုအရင် သခင်စိုး ပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း ၆ဝကျော် ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့ လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေး မကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ ဆိုတာပါ ဖြစ်ပါတယ်။


ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာ သံဃာ့အရေးအခင်း ပြီးတဲ့နောက်ပိုင်း အတော်ကြာကြာ မကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်”ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသား တွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာ ဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းက အသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူးဖြစ်နေပြီ၊ ဘာမှ မကြောက်တော့ဘူး၊ ခေါင်းဆောင်မှု မရှိလို့ လို့ပြောတာကြားရပါတယ်။

အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့ အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါတယ်။ ဘာမှ မဝေဖန်လိုပါဘူး။ ဒါပေမဲ့ ပြည်သူလူထုကို အပြစ်တင်တာကျတော့ မဝေဖန်လို့ မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆံ မပြောနဲ့ ဒုံးပျံနဲ့ လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာသေနတ်ပြောင်းထိပ် နေရသူတွေကို ကြောက်တယ် လို့ပြောတာဟာ မတရားလွန်းရာ ကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှု အတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထု လက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ် ချမှတ်ဖို့ဖြစ်ပါတယ်။ လူထုက အကောင်အထည် မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပြူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့ အတူ တိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေ အင်အားအဖြစ်မြုပ်နှံ၊ အချိန်တန်ရင် တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်း ဆိုတာ ငွေရှိရင်ဖြစ်တာပဲ ဆိုတာမျိုး သဘောထားလို့ မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမဲ့ ငွေနဲ့ ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။

တချို့သော ခေါင်းဆောင်(လို့ ကိုယ့်ကိုယ်ကို ထင်နေသူ)တွေဟာ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာရင် လူထုရဲ့ အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံး အချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့ အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။ လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံကလူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလို သဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူ အဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့ အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့လူတွေ မဟုတ်ဘူးဆိုတာ မမေ့ သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေရေးအတွက် လုံးပမ်းရသလို ကျောင်းသား ဆိုရင်လည်း ပညာရေးအတွက် လုံးပမ်းရ စသဖြင့် အဓိက လုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီ ရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေးသမား၊ နိုင်ငံရေး ခေါင်းဆောင် ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့လူထုကို ကေဒါ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထ’တိုက် နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့ တာဝန်ဟာ လူထုရဲ့ အခြေ အနေကိုသိရှိပြီး လူထု လိုက်ပါနိုင်မယ့် အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဍာန် တို့ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့ မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လူထု မှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကိုသူတို့က သိဖို့ထက် ကိုယ်ကသူတို့ကို သိဖို့က ပို အရေးကြီးတယ်၊ ပိုလိုအပ်တယ် ဆိုတာလည်း သတိထား သင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာသတိပြုပါ)ဟာ ခေါင်းဆောင်ရမယ့် အချိန်မှာ ခေါင်းဆောင်ရမယ့် နေရာကို သင့်တော်တဲ့ သဏ္ဍာန်နဲ့ ရောက်ရှိနေဖို့ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဍာန်မျိုးစုံနဲ့ လူထု ဆီကိုရောက်ပါတယ်။ ကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်က တာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်တခြား နည်းနာတွေ နဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူထု လိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လို လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ် အချိန်မှီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ၂၉ရက်နေ့မှာ အရေအတွက်ထောင်ပေါင်း များစွာရှိတဲ့လူထုကြီးဟာ ဒီ့ အရင်နေ့တွေတုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေး ရောက်ရှိနေကြပါတယ်။ ဒါပေမဲ့ အခြေအနေက အဲဒီအရင် တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့လို့ သူတို့ဟာ ဆန္ဒပြ ထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း ၁နာရီ၊ ၂နာရီလောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်း ဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှု ပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ ၄-၅ယေက် ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ ဆိုတာမျိုး လှုံ့ဆော် ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမဲ့အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွား ခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာ ဖြေရှင်းရမယ် ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဖက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာ လိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြား အချက်အလက် တွေလည်း မရှိပါဘူး။ ဒါတွေကိုမဖြေရှင်းပဲ လူထုကိုပဲ မေးငေါ့အပြစ်တင်နေလို့ ကတော့ နီရို ဘုရင်ရဲ့ လုပ်ရပ်နဲ့ ကွာလှမှာ မဟုတ်ပါဘူး။

ရဲဘော်ဖိုးသံချောင်း

0 comments:

အပေါ်သို့