..............................

Sunday, January 18, 2009

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ ဖျက်လို့မပျက်နိုင်

ရဲဘော် ဖိုးသံချောင်း / ၁၃ ဇန်န၀ါရီ ၂၀၀၉

လာမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို နအဖက ကျင်းပလို့ပြီးသွားရင်၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို အောင်မြင်သွားရင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပျက်ပြားသွားမှာလား။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခန်း ဘယ်လိုဖြစ်သွားမှာလဲ။ တလောက တယောက်က မေးလာပါတယ်။ သူက လေးလေးနက်နက်နဲ့ တကယ်ကို သိချင်လို့ မေးတာပါ။ ဒီအတွက် သူ ပူပင်နေတယ်ဆိုတာ သေချာပါတယ်။ နောက်တော့ ဒီလို တွေးတော ပူပင်မှုဟာ သူ တယောက်တည်းမှာသာ ရှိတာမဟုတ်ဘူး။ တချို့ လူတွေမှာလည်း ရှိတယ်ဆိုတာ သတိထားမိ လာပါတယ်။

ပြဿနာက အခြေခံ စဉ်းစားနည်းဖြစ်တယ်လို့ ထင်ပါတယ်။ တခုက ဒီနေ့ နအဖလက်ထက်မှာ ဖြစ်ပျက် တည်ရှိ တာတွေဟာ တရားဝင်တယ် မဝင်ဘူး၊ တရား ဥပဒေနဲ့ညီတယ်၊ မညီဘူး စသဖြင့် ငြင်းခုန် နေကြတာတွေကို ကြားဖူးကြမှာပါ။ တကယ်ကတော့ နအဖလက်ထက် ဗမာ ပြည်မှာ ဒီဟာတွေအားလုံးဟာ နှိုင်းယှဉ်ချက်ချည်း ဖြစ်ပါတယ်။ ဒီနေ့အခါမှာ လူသတ်တာ မှန်သလား မှားသလား၊ သူများပစ္စည်းခိုးတာ မှန်သလား မှားသလား၊ ဒီလိုအင်မတန် စင်းတဲ့ ကိစ္စလေးတွေကိုပဲ ငြင်းစရာ၊ ပြောစရာတွေ ရှိနေတယ် မဟုတ်ပါလား။ သူ့ဘက်က ပြောရင်တမျိုး၊ ပြည်သူတွေဘက်က ပြောရင်တမျိုး ဖြစ်နေတာတွေဟာ များပြားလှပါတယ်။ သူ့ဘက်က ပြောရင် သံဃာတော်တွေကို သတ်တာကတောင်မှ တရားတယ်၊ မှန်ကန်တယ် ဖြစ်နေပါတယ်။

ဒီလိုပဲ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်သွားသလား၊ ပျက်မသွားဘူးလား ဆိုတာဟာလည်း နအဖ ပြောတာက တမျိုး၊ ပြည်သူတွေ ပြောတာက တမျိုးပဲ ဖြစ်ပါတယ်။ တကယ်က ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ အဲဒီက ရလဒ်တွေ တည်ရှိမှုကို ဘယ်သူမှ ဖျက်လို့ မရပါဘူး။ သမိုင်းရဲ့ တကယ့် ဖြစ်ရပ်တိုင်းလိုပဲ ဒီကိစ္စကို နအဖလည်း မဖျက်နိုင်၊ ဒီချုပ်လည်း မဖျက်နိုင်ပါဘူး။ လူ့ဆန္ဒနဲ့ ကင်းစွာ တည်ရှိနေတာတွေပါ။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို အသိအမှတ်ပြုတယ်၊ အကောင်အထည် ဖော်တယ်ဆိုတာ ကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ဆန္ဒ အရပဲဖြစ်ပါတယ်။ ဒီနှစ်ချက်ရဲ့ မတူခြားနားချက်ကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။ တိုင်းပြည်မှာ အာဏာရထားတဲ့ နအဖ အစိုးရက အသိအမှတ်မပြုဘူး၊ အကောင်အထည် မဖော်ဘူးဆိုတာနဲ့ ကိစ္စတွေ အားလုံးပြီးပြတ်၊ ပျောက် ကွယ်သွားတာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဟုတ်တယ်၊ အကောင်အထည်ဖော်လို့ မရတာရှိပါတယ်။ ဒါပေမယ့် ဒါဟာ ထာဝရ အကောင်အထည် ဖော်မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အကောင်အထည် ဖော်မယ့်လူတွေရှိနေ သရွေ့ အလားအလာဟာ တည်ရှိမြဲ တည်ရှိနေတာ ဖြစ်ပါတယ်။

အလွယ်ဆုံးပြောရရင် နအဖစစ်အာဏာပိုင်တွေရဲ့ ခေါင်းထဲမှာ ဗကသ၊ တကသ စတဲ့ အဖွဲ့အစည်းတွေဟာ ဒီကမ္ဘာပေါ်မှာ မတည်ရှိတော့ပါဘူး။ ဒါပေမယ့် ပြည်သူတွေနဲ့ ကျောင်းသားတွေရဲ့ခေါင်းထဲမှာတော့ ဒီ အဖွဲ့အစည်းတွေဟာ ဆက်လက် တည်ရှိနေပါတယ်။ အနည်းဆုံး မြေအောက် သဏ္ဌာန်နဲ့ တည်ရှိနေပါတယ်။ ရှိတာမှ ခေါင်းထဲမှာ သညာတခု အနေနဲ့ တည်ရှိတာ မဟုတ်ပါဘူး။ တကယ်အသက်ဝင် လှုပ်ရှားနေတဲ့ အစိုင်အခဲ တခုအနေနဲ့ကို တည်ရှိနေတာပါ။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲဟာ သာမာန်အဖြစ်အပျက်တခု မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့်၊ စံကျတဲ့ ကိုယ်စားပြု အမှတ်အသား တခုဖြစ်ပါတယ်။ ဗမာ တပြည်လုံးက ပြည်သူတွေရဲ့ သမိုင်းဝင် ဂုဏ်ယူစရာ ရလဒ်တခုဖြစ်ပါတယ်။ ဒီနေ့ ဗမာပြည်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လိမ်ညာမှုတွေ၊ အားလုံးဟာ ဒီအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဗမာပြည်က စစ်အုပ်စုတွေ အတွက် သေရာအထိ ပါမယ့် ကျိန်စာတမျိုးသာ ဖြစ်ပါတယ်။

သမိုင်းလက္ခဏာဆောင်တဲ့ အရေးတော်ပုံတရပ်ဟာ လူတဦး၊ အဖွဲ့တဖွဲ့၊ အစိုးရတရပ်က ပျောက်စေ၊ ဒါမှမဟုတ် ပျောက်သွားပြီလို့ ဆိုတာနဲ့ ပျောက်ပျက်သွားတာ မဟုတ်သလို အရေးတော်ပုံရဲ့သမိုင်း၊ အသီးအပွင့်နဲ့ ရလဒ်တွေကိုလည်း ဘယ်သူ့အမိန့်၊ ဘယ်သူ့ အာဏာနဲ့မှ ပျောက်ကွယ်အောင် လုပ်လို့မရပါဘူး။ သမိုင်းအရ ဒီအရေးတော်ပုံ ကြီးရဲ့ အခန်း ပြီးဆုံးသွားမှသာ အားလုံးပြီး၊ ပျောက်၊ ပြယ်သွားမှာ ဖြစ်ပါတယ်။

နောက်အရေးကြီးအချက်တချက် ထည့်ပြောရမှာက ဗမာပြည် ပြည်သူလူထုရဲ့အခန်းပါ။ ပြည်သူလူထုဟာ လက်မလျှော့ သေးပါဘူး။ လူထုကြီးက လက်မလျှော့သမျှ အရေးတော်ပုံဟာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးတွေ၊ တိုက်ပွဲတွေမှာ ခေါင်းဆောင် ဆိုသူတွေ၊ နိုင်ငံရေးသမားဆိုသူတွေက လက်မြှောက် အရှုံးပေးသွားပေမယ့် လူထုက အရှုံးမပေးဘဲ ဆက်တိုက်တယ်ဆိုတဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ မရေမတွက်နိုင်အောင် ရှိပါတယ်။ တော်လှန်ရေးတရပ်၊ အရေးတော်ပုံတရပ်ကို အမှီပြုပြီး အမြတ်ထုတ်တယ် ဆိုတာကို လူထုက မလုပ်နိုင်ပါဘူး။ ခေါင်းဆောင်လို့ အမည်ခံတဲ့ လူတွေသာ လုပ်ချင်ရင် လုပ်လို့ရပါတယ်။ လူထုကြီး အဖို့ကတော့ အောင်ပွဲအပြီး အပိုင်ရမှသာ အကျိုးခံစားရတာပါ။ ဒီတော့ သူတို့အနေနဲ့ အဖက်ဖက်၊ အရပ်ရပ်ကို စောင့်ကြည့်၊ အကဲခပ်၊ သုံးသပ်ပြီးမှ ဆုံးဖြတ် ပါဝင်ကြတာ ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးလုပ်ရတဲ့အလုပ်ဟာ လူထုကို နားလည်အောင် လုပ်ရေးဖြစ်ပါတယ်။ လူထုရဲ့ စီးပွားရေး ဘဝကိုသာမက သမိုင်း၊ အနီးသမိုင်း၊ အဝေးသမိုင်း၊ လူထုရဲ့လက်ရှိ စိတ်ဓာတ်နဲ့ စဉ်းစားနည်းတွေကို နားလည်အောင် မုချ လုပ်ရပါမယ်။ လူနာ အခြေအနေမသိဘဲ ဆေးအမျိုးမျိုး ပေးနေလို့ မဖြစ်ပါဘူး။

ပြန်ချုပ်လိုက်ရင် ဒီနေ့အခါမှာ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်ပြယ်လား၊ တည်ရှိနေသေးလား ဆိုတဲ့ ပြဿနာ မရှိပါဘူး။ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ပြီးသွားလို့လည်း ဒီပြဿနာ မရှိပါဘူး။ ပြည်သူလူထုက ထိုးထားတဲ့ မော်ကွန်းတခုဟာ ပြည်သူလူထု ကိုယ်တိုင်က သူ့အခန်းကုန်ပြီလို့ ဆုံးဖြတ်မှသာ တကယ်တမ်း ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာ ပြောဖြစ်အောင် ပြောရမှာက ၁၉၉ဝ ရွေးကောက်ပွဲ ပျက်ပြားတာပဲဖြစ်စေ၊ ဒါမှမဟုတ် တည်ရှိနေတဲ့အတွက် ဖြစ်စေ ပြည်သူလူထုရဲ့ တိုက်ပွဲဟာ အနှစ်သာရ အရရော၊ သဏ္ဌာန်အရပါ ခြားနားမှု၊ ပြောင်းလဲမှု မရှိပါဘူး။

ဒါကိုပြည်သူလူထုက နည်းနည်းမှ မျက်စိမလည်ပါဘူး။ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေ၊ နအဖ ရွေးကောက်ပွဲက တင်မြှောက် လိုက်သူတွေပဲ ဖြစ်ပစေ အားလုံးဟာ မဆလအစိုးရနဲ့ မဆလဖွဲ့စည်းပုံ ဇာတ်သိမ်းပုံအတိုင်း ဇာတ်သိမ်းသွားမယ်ဆိုတာ သူတို့ ကောင်းကောင်း နားလည်ပါတယ်။ အခုအခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးသွားရင် ၁၉၉ဝ ရွေးကောက်ပွဲရလဒ် ပျက်ပြယ် သွားမယ်လို့ ပြောနေတာဟာ နအဖရယ်၊ သူ့လူတွေရယ်၊ နောက်ပြီး တမင် အတွေးအခေါ်ရှုပ်အောင် ဖန်တီးနေသူတွေရယ် တို့သာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့