..............................

Wednesday, January 21, 2009

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေ အရပ်ဘက်မှာ ညွှန်ချုပ်အဆင့်သာပေးမည်

NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားအရေအတွက် များနေသည့်အတွက် သင်တန်းဆင်း စစ်အရာရှိများကို ယခင်က တပ်မမှူး၊ တိုင်းမှူးရာထူးများ တိုက်ရိုက်ပေးရာမှ ယခုအခါ အရပ်ဘက်ဌာနများတွင် ညွှန်ချုပ်အဆင့်မျိုးသာ ပေးတော့မည်ဟု သင်တန်းသားတဦးက ပြောသည်။

“ခုတော့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားက (၁၃၂) ဦးတောင် ရှိနေတဲ့အတွက် မင်းတို့အကုန်လုံးတော့ တိုင်းမှူး၊ တပ်မမှူး အကုန်မဖြစ်တော့ဘူး၊ ဒါပေမယ့် မင်းတို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေကိုပဲ နောင်မှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပေးမယ်၊ တခြားသူတွေ မပေးဘူး” ဟု သင်တန်းဆရာက ပြောသည့်အတွက် စစ်ဘက်ရာထူးကြီးကြီးမှန်းထားသည့် သင်တန်းသားများ စိတ်ပျက်ကုန်သည်ဟု သင်တန်းသားတဦးက ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းကို ယခင်က တပတ်လျှင် ဗိုလ်မှူးကြီးအဆင့် (၃၀) မှ (၅၀) ကြားသာ လက်ခံလေ့ရှိသော်လည်း ယခုအခါ (၁၀၀) ကျော်သည်ထိ သင်တန်းသား များပြားလာသည့်အတွက် တပ်မမှူး၊ တိုင်းမှူးရာထူးများ မပေးနိုင်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သူရွှေမန်း (ကြည်း ၁၁၅၃၄) ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်ပြီး အဆိုပါသင်တန်းတက်စဉ်က တမခ (၆၆) မှ ဗိုလ်မှူးကြီးရာထူးနှင့် တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာစစ်ခေါင်းဆောင် အတော်များများမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။ နအဖ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည်လည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၄) ဆင်းဖြစ်သည်။ နအဖ အမိန့်စာအချို့ကို နအဖ အတွင်းရေးမှူးအဖြစ် လက်မှတ်ထိုးထုတ်နေသည့် နေပြည်တော် ညွှန်ချုပ် ဗိုလ်မှူးကြီး သန့်ရှင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၆) ဆင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အရပ်ဘက်ဌာနဆိုင်ရာများတွင် ရောက်ရှိနေသည့် စစ်အရာရှိများကို လျှော့ချတော့မည်ဖြစ်ရာ မကြာခင် အရပ်ဘက် စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်တော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့်အရာရှိတဦးက ပြောသည်။

အရပ်ဘက်ရှိ စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ပြီးနောက် ထူးချွန်သူများကိုသာ ထားပြီး ကျန်စစ်အရာရှိများကို ပင်စင်ပေးမည်ဟုလည်း စုံစမ်းသိရသည်။



Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့