..............................

Tuesday, November 10, 2009

KPF အတွင်း ရာထူးပဋိပက္ခကြောင့် တပ်ရင်းမှူး တစ်ဦးကို မြန်မာ တပ်ရင်းမှ ခေတ္တခေါ်ထား

Mon 09 Nov 2009,

ကရင်ငြိမ်းချမ်းရေး (KPF) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စောလေးဝါး၏ နေရာ၌ ဗဟို ကော်မတီဝင် စောဝါးချဲ့ ရယူခြင်းနှင့် ပတ်သတ်၍ ပဋိပက္ခ ဖြစ်ပွားရာမှ ဘုရားသုံးဆူရှိ မြန်မာ စစ်တပ်ရင်းတို့က ဒုတိယ ဗိုလ်မှူးကြီး စောလေးဝါးကို ယနေ့တွင် ခေတ္တခဏ ခေါ်ယူ ထားသည်ဟု သိရသည်။

ယနေ့နံနက်တွင် ဘုရားသုံးဆူဒေသ ကေပီအက်ဖ် တပ်ရင်းအမှတ် ၃ မှ တပ်ရင်းမှူး ရာထူး တာဝန် အလွှဲအပြောင်းရေး ကိစ္စနှင့် ပတ်သက်၍ သုံးဆူ အခြေစိုက် မြန်မာ စစ်တပ်မှ တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးတို့က စောလေးဝါးအား ၄င်းတို့ တပ်ရင်း အခြေစိုက်တွင် ခေတ္တ ခေါ်ယူထားသည်ဟု KPF အသိုင်းအဝန်းမှ သိရသည်။

“စောဝါးချဲ့က တာဝန်လွှဲပြောင်းဖို့အတွက် လာပြောတဲ့ အချိန်မှာ စောလေးဝါးက ရတခ (အရှေ့တောင်တိုင်း စစ်ဌာနချုပ်) ရဲ့ ညွှန်ကြားစာ ပါလားလို့ ပြောတယ်။ ပါးစပ်နဲ့ ညွန်းကြားရင် လက်မခံနိုင်ဘူးလို့ ပြောတယ်၊ အဲဒီအချိန်မှာ စောဝါးချဲ့က သေနတ်နဲ့ ချိန်တယ်” ဟု KPF အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ထို့ကြောင့် မြန်မာတပ်ရင်းက စောလေးဝါးကို ခေတ္တ ခေါ်ထားလိုက်သည့် အတွက် စောလေးဝါးကို ထိန်းသိမ်း လိုက်မှာကို ကေပီအက်ဖ်တို့က စိုးရိမ်နေသည်ဟု KPF အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကော်မတီဝင် စောဝါးချဲ့ လာရောက် ပြောဆိုမှုကို ဒုတိယ ဗိုလ်မှူးကြီး စောလေးဝါးက လက်မခံနိုင်သဖြင့် ပဋိပက္ခ ဖြစ်ပွား ခဲ့သည်ဟု KPF အသိုင်းအဝန်းမှ ပြောပါသည်။ ၄င်း ရာထူးနေရာ ပြောင်းရွေ့ရေးမှာ ဌာနချုပ်မှ လာခြင်းဖြစ်ပြီး ၄င်းအမိန့်အရ စောလေးဝါးမှာ ရာထူး မရှိဟု စောဝါးချဲ့ ပြောဆိုမှုကို ကိုးကား၍ KPF အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။

“ဒီအမိန့်က တိုင်းစစ်ဌာနချုပ်က လာတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ကြားတာကတော့ စောလေးဝါးက နယ်ခြားစောင့် တပ်ကို လက်မခံနိုင်ဘူး၊ ဒါကြောင့် ဖြုတ်ချ လိုက်တာ နေမှာ” ဟု ၄င်းက ဆက်ပြောသည်။

ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) သည် ၁၉၉၇ ခုနှစ်တွင် ကေအန်ယူ တပ်မဟာ (၆) မှ တပ်ရင်း (၁၆) မှူးဟောင်း စောသူမူဟဲက နအဖထံမှ လက်နက်ချ ငြိမ်းချမ်းရေး ယူခဲ့ပြီး ၄င်းအချိန်တွင် အင်းအား ၃၀၀ ခန့် ရှိသည်ဟု ကရင် သတင်းစဉ်က ဆိုပါသည်။

စောလေးဝါးသည် ဘုရားသုံးဆူဒေသ ဝါကနိုင်းမှ သုံးဆူနယ်မြေရှိ ကေပီအက်ဖ် တပ်ရင်း အမှတ် ၃ မှ တပ်ရင်းမှူး ဖြစ်ပြီး ဗဟို ကော်မတီဝင် စောဝါးချဲ့မှာ သံဖြူဇရပ်မြို့ အရှေ့ တောင်ဘက် (၉) မိုင်ဝန်းကျင်ရှိ ရဲတံခွန် ကျေးရွာ အနီးတွင် တာဝန် ယူထားသည်။

လွန်ခဲ့သည့် ဇူလိုင်လတွင် ကရင်းအမျိုးသားအစည်း အရုံး ကေအန်ယူမှ စောလေးဝါးအား ခေတ္တ ဖမ်းဆီးထားပြီ KPF သို့ ပြန်ရောက် လာချိန်တွင် စောလေးဝါး အပေါ်တွင် KPF မှ ယုံကြည်မှု လျော့နည်း သွားသည်ဟု သုံးဆူရှိ KPF အရာရှိ တစ်ဦးက ပြောသည်။

ကေပီအက်ဖ်မှ အိုင်အိုအရာရှိတစ်ဦး၏ အဆိုအရ အချို့ သူများမှာ စောလေးဝါးအား ဆန့်ကျင် သူများလည်း ရှိသည်။

လွန်ခဲ့သည့် မတ်လ (၃၀) ရက်နေ့တွင် နေပြည်တော်မှ ထိပ်တန်း မြန်မာ အရာရှိအချို့ အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း တို့နှင့် KPF ခေါင်းဆောင် စောသမူဟဲ (ဥက္ကဌ)၊ စောဒေါဒေါ (ဒု-ဥက္ကဌ)၊ မန်းအောင်တင်မြင့် (အတွင်းရေးမှူး)၊ စောဝါးချဲ့ (ဗဟိုကော်မတီဝင်) တပ်ရင်းမှူးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်မှူးကြီး စောသြဘာ၊ ဒုတိယ ဗိုလ်မှူးကြီး စောအယ်ဆေး၊ ဒုတိယ ဗိုလ်မှူးကြီး စောလေးဝါး၊ တို့အား ရတခတွင် ခေါ်ယူ တွေ့ဆုံစဉ် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ BGF သို့ ပြောင်းလဲရန် ညွှန်ကြားခဲ့သည် ကောင်းဝါ သတင်းဌာနက ဆိုပါသည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ်

0 comments:

အပေါ်သို့