..............................

Thursday, November 12, 2009

အမျိုးသားပြန်လည်သင့်မြတ်ရေးမူ ကိုင်စွဲထားကြောင်း အန်အယ်လ်ဒီ ကြေညာချက်ထုတ်

မင်းနိုင်သူ
၁၁ နိုဝင်ဘာ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် အမျိုးသားပြန် လည်သင့်မြတ်ရေး မူဝါဒကို ကိုင်စွဲထားဆဲ ဖြစ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန်သည်။

ပါတီရုံးချုပ်၌ ယနေ့ကျင်းပသည့် (၈၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပါတီရုံးခွဲများ ပြန်လည် ဖွင့်လှစ်ခွင့်ရရေး၊ ဖျက်သိမ်း ခံထားရသော တိုင်းရင်းသား ပါတီများအား ပြန်လည် မှတ်ပုံတင်ခွင့် ပေးရေးနှင့် လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ရရှိရေး တို့ကို ကြေညာချက်တွင် ထည့်သွင်း တောင်းဆို ထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ အခမ်းအနားအပြီး နေ့လယ် (၁၁) နာရီခန့် တွင် စတင်သော အန်အယ်လ်ဒီ ပါတီ၏ အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည်ကလည်း အမှာစကား ပါးလိုက်ကြောင်း သိရသည်။

“ဒီနေ့ ဦးဉာဏ်ဝင်း နေအိမ်ပြင်ဖို့ ကိစ္စနဲ့ ဒေါ်စုအိမ်ကို သွားပါတယ်။ ဒေါ်စုက အဖွဲ့ချုပ်က ကျင်းပတဲ့ အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ၀ါရင့် နိုင်ငံရေးသမား ကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ကျေးဇူး တင်ကြောင်း အမှာစကား ပါးလိုက်တာပါ။ အဲဒါကို ဦးခင်မောင်ဆွေက အခမ်းအနားမှာ ပြန်ပြော သွားပါတယ်”ဟု အန်အယ်လ်ဒီ ပါတီ ပြန်ကြားရေးမှ ဦးအုံးကြိုင်က ပြောသည်။

အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် သဘောထား တခုခု ပေါ်ထွက် လာလိမ့်မည် ဟူသော သတင်းများ ပေါ်ထွက်ခဲ့သောကြောင့် ပြည်တွင်း မီဒီယာများကလည်း ယနေ့ပွဲကို အထူး အာရုံ စိုက်ခဲ့ကြကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

“အန်တီစု တခုခုပြောမယ်လို့ သတင်းတွေကြားထားတာ။ ဟိုနေ့က တွေ့ခွင့် ရထားတဲ့ ဦးဉာဏ်ဝင်း ကလည်း သူ့ကို အထူး ကိစ္စတခု ခိုင်းထားတယ် ဆိုပြီး သတင်းဌာနတွေကို ပြောထား၊ ပဟေဠိ လုပ်ထားတော့ ဒီနေ့များ အဲဒါဖြစ်လာမလား ဆိုပြီး စောင့်ကြရတာပေါ့။ အခုတော့ သိပ်မထူးပါဘူး။ ကျေးဇူးတင်ကြောင်း ပြောသွားတာပါပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ရန်ကုန်တွင် လုံခြုံရေးကားများလှည့်လည်မှုရှိပြီး ၀ါရင့် နိုင်ငံရေးသမား ကြီးများ၏ အခမ်း အနားနှင့် အဖွဲ့ချုပ်၏ အခမ်းအနား များကိုလည်း သတင်း တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

(၈၉) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ အိမ်၌လည်း ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ၀ါရင့် နိုင်ငံရေးသမား ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေက ၎င်းတို့ အဖွဲ့သည် နိုင်ငံရေး ပါတီ တရပ် မဟုတ်ကြောင်း၊ ၁၉၃၉ ခုနှစ် ခန့်မှစတင်ကာ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ကြွေးကြော်သံမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီ အရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ကြောင်း၊ ထိုကြွေးကြော်သံနှင့် အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များက လွတ်လပ်ရေးကို အရ ယူပေးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းတို့ တည်ဆောက်ခဲ့သည့် ညီညွတ်ရေးသည် ပြိုကွဲခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ယခင်က မြန်မာ့နောက်တွင် ကျန်ရစ်ခဲ့သည် စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့ကို ယခု မိမိတို့က ပြန်မော့ကြည့်နေရပြီ ဖြစ်ကြောင်းများကို ထောက်ပြ ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီကို ပြပြလေးသာ မြင်လိုက် ကြရသည် ဖြစ်ရာ ယခု အသက် (၅၀) ရှိနေသူများ ပင် ဒီမိုကရေစီ ဆိုသည်ကို စမ်းတ၀ါးဝါး ဖြစ်နေရကြောင်း၊ ထိုကြားထဲ ပရော်ဖက်ဆာ ကြီးများက ရင့်ကျက်သည့် ဒီမိုကရေစီ တည်ဆောက် လိုပါက သည်းခံပြီး စောင့်ရမည်ဟု ပြောနေကြသေးကြောင်း၊ မိမိအနေဖြင့် အသက် (၉၄) နှစ်ရှိနေပြီး ဒီမိုကရေစီကို ပြန်မြင်ရနိုး စောင့်စား လာသည်မှာ (၆၂) နှစ်ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့ ကြိုးပမ်း ခဲ့မှုများကို မသေမီ တွေ့ရပါမည်လားဟု စဉ်းစားမိကြောင်း များကိုလည်း သခင်သိန်းဖေက ထည့်သွင်း ပြောဆိုသွားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ယနေ့ထုတ်ပြန်ချက်တွင်လည်း ညီညွတ်ရေး ပြိုကွဲမှုကို အဓိက ထောက်ပြထားပြီး အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရန် အတွက် နအဖ အစိုးရအနေဖြင့် တိုင်းရင်းသားများ အပါအ၀င် နိုင်ငံရေး အင်အားစုများ၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီများနှင့် သူမနာကိုယ်မနာ နည်းဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာရန်ကိုလည်း ထပ်မံ တိုက်တွန်းထားသည်။

အမျိုးသားအောင်ပွဲနေ့တွင် သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးကလည်း စစ်အာဏာရှင်စနစ် ဆက်လက် ရှင်သန်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး လူထု အနေဖြင့် မဲဆန္ဒ လုံးဝ မပေးကြရန် တိုက်တွန်းထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့