..............................

Tuesday, November 10, 2009

ဝါရှင်တန်နဲ့ ကြပ်ပြေး ဘာအပေးအယူတွေ လုပ်နေကြ တာလဲ ကမ်ဘဲလ်ပြန်ပြီ၊ လက်ဗလာနဲ့

ရဲဘော်ဖိုးသံချောင်း
၁၀ နိုဝင်ဘာ ၂၀၀၉

မီဒီယာသမားတွေ ရလိုက်တာက ဒေါ်အောင်ဆန်း စုကြည်ရဲ့ နောက်ဆုံး ဓာတ်ပုံ တပုံ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရလိုက်တာက ဗိုလ်ချုပ်တင်ဦး အပေါ် နအဖက အခုအထိ ဘယ်လို သဘောထားတယ် ဆိုတဲ့ သဘောထား။ နအဖရ လိုက်တာက ပြည်တွင်းပြည်ပကို လိမ်ညာခွင့်။ ဗမာပြည် ပြည်သူလူထု ကတော့ တံလျှပ်လေးတောင် မမြင်လိုက်ရ။ လာကတည်းက အခြေအနေကို စနည်းနာဖို့ လာတာလို့ ပြောခဲ့တဲ့ အမေရိကန် အစိုးရအဖို့ ကတော့ အရင်းဟာ အရင်းပဲလို့ ပြောနိုင်ပါတယ်။ သူတို့ အတွက်က ရသမျှ အမြတ်ချည်းလို့ တွက်ထားတာ ဖြစ်ပါတယ်။

ဒီလို သဲထိတ်ရင်ဖို ရုပ်ရှင်ကားလိုလို၊ သံတမန် သူလျှို ရုပ်ရှင်ကား လိုလို ဗမာ့ နိုင်ငံရေး ဇာတ်လမ်း တခုကို အားလုံးက အလေးထား အာရုံ စိုက်ကြည့် နေကြလို့ အဆုံးပိုင်းလည်း ရောက်ရော မထင်မှတ်ဘဲ လူပြက် တယေက် ခုန်ထွက်လာတယ်။ တခြားလူ ဟုတ်ပါရိုးလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ့။ ကမ်ဘဲလ် ပြန်သွားတာ သေချာပြီ ဆိုတော့မှ ပုန်းအောင်းနေရာက ထွက်လာ၊ ပြီးတော့ ကြပ်ပြေးကို ပြန်ရောက်ရောက်ချင်း အိပ်မှုန်စုံမွှားနဲ့ “စက်မှုနိုင်ငံ ထူထောင်ရမယ်” လို့ လက်သီး လက်မောင်းတန်း အော်လိုက်ပါတယ်။ ဦးပုညရေးသလို “ကမ္ဘာကြီး ပျက်ကာမှ ယောင်တိယောင်နနဲ့ လူ့ဘဝကို ရတဲ့” လူဆိုတာမျိုးပါပဲ။ သူဟာ သွားပုန်းနေတာ မဟုတ်ပါဘူးလို့ လျှောက်လဲချက် တင်နေတာပါ။ ဒါပေမယ့် ဒီအပြောဟာ ဒီနိုင်ငံ့ အကြီးအကဲ ကြီးရဲ့ အရည်အချင်းကို ဖော်ပြလိုက်သလို ဖြစ်သွားတာမို့ ပရိသတ်ကို ပွဲအကျကြီး ကျသွား စေပါတော့တယ်။ ထားတော့။ ဗမာပြည် နိုင်ငံရေးဟာ ဒါနဲ့ပဲ သံသရာ လည်နေရတော့မှာလား။

အမေရိကန်က ကမ်ဘဲလ်ကိုလွှတ်တာဟာ အဓိကအားဖြင့် အာရှတိုက် ဒီဘက်ပိုင်းက တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့ရဲ့ နိုင်ငံရေး ကျားဝိုင်းမှာ သူတို့ ကျန်မနေခဲ့ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဗမာပြည် အရေးဟာ အမေရိကန် နိုင်ငံအတွက် အရေးပါသလောက် ပါပေမယ့် ဘယ်တုန်းကမှ ထိပ်တန်း ထားရတဲ့ ကိစ္စ မဖြစ်ခဲ့ပါဘူး။ အခုလည်း မဖြစ်သေးပါဘူး။ ဒီတော့ အိမ်ဖြူတော်ဟာ ဗမာပြည် အရေးကို တလျှောက်လုံး သူတို့ နိုင်ငံခြားရေး ပေါ်လစီရဲ့ ဒုတိယတန်း၊ ဒါမှမဟုတ် တတိယတန်း ပြဿနာ အဖြစ်ပဲ ကိုင်တွယ်နေမှာပါ။ “ဗမာပြည်ကို တခေါက် သွားလိုက်တာ နဲ့ပဲ ပြဿနာ အားလုံးကို ဖြေရှင်းနိုင် လိမ့်မယ်လို့ မမျှော်လင့်သင့်ဘူး” ဆိုတဲ့ အပြောမျိုးတွေပဲ ကြားနေရဦး မှာသေချာပါတယ်။ ဒါကို လည်တံ တမော့မော့ လုပ်နေကြလို့ မဖြစ်ပါဘူး။

ဒီလိုအခါမှာ နအဖစစ်ဗိုလ်ချုပ်တွေ အနေနဲ့ နိုင်ငံကြီးတွေ အကြားမှာ ဟိုပင် ဒီပင် ကူးပါလို့ ကစားနိုင်တော့မယ်လို့ တွေးပြီး အူမြူးနေမှာ သေချာပါတယ်။ အရင်ကတော့ အတိုက်အခံတွေက ဗမာပြည် အရေးကို ပြည်ပ နိုင်ငံရေး ဝိုင်းထဲကို တွန်းပို့၊ ဆွဲပို့တာတွေ လုပ်နေခဲ့ပါတယ်။ မကြာမီ ကာလမှာတော့ နအဖ စစ်အစိုးရက ပြဿနာတွေကို ပြည်ပ လွှဲချပြီး အချိန်ဆွဲတာ၊ အငှားဗိုက်နဲ့ ဓားထိုးခံတာ၊ ပြည်ပနဲ့ ရန်တိုက်ပေးတာတွေ လုပ်လာနိုင်ပါတယ်။ အမေရိကန်ကို ပုဏ္ဏားတိုင် ထားပြီး ပြောတာကို အတိုက်အခံတွေထက် နအဖက ပိုလုပ်လာတာမျိုးတောင် တွေ့ကောင်း တွေ့လာရနိုင်ပါတယ်။

နောက်ဖြစ်နိုင်ခြေတခုကတော့ အင်တာနက်ရယ်၊ ဗိုလ်စာနဲ့ ရေးထားတဲ့ စာအုပ်ကြီးတွေ ရယ်ကို ကိုးကားပြီး မီဒီယာတွေကနေ ဖိန်းတာ၊ ဟိန်းတာတွေလည်း ပိုများကောင်း များလာနိုင်ပါတယ်။ တဆက်တည်းမှာ မရှက်မကြောက် ဟိုဘက်-ဒီဘက် ခြံကူးတာတွေလည်း တွေ့လာရ ပါလိမ့်မယ်။ ဟိုပုဂ္ဂိုလ်များပြောတဲ့ “စပေ့စ်” တွေ များလာနိုင်တယ် ဆိုတဲ့ သဘောမျိုးလား။ အင်း- နအဖ ထိုးပေးထားတဲ့ မီးမောင်းအောက်မှာ ကကြပေတော့ပေါ့။ နောက်ပြီး မောင်မောင် မခေါ်ခင် ကတည်းက ဗျာထူးနေတဲ့ လူတွေလည်း အခုထက် ပိုများကောင်း များလာနိုင်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေထဲမှာ ဘာတွေပဲ ရေးထားထား ဒို့ကတော့ အမတ်တနေရာ ရဖို့အတွက် အသက်ပဲ ပေးရ-ပေးရ၊ အရှက်ပဲပေးရ-ပေးရ ဝင်မှာပဲ ဆိုတဲ့လူတွေလည်း အားတက်ကောင်း တက်ပါလိမ့်မယ်။

သေချာတာကတော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပိုရှုပ်ထွေးလာမယ် ဆိုတာပါပဲ။ တိုင်းပြည် တပြည်ရဲ့ အရေးမှာ နိုင်ငံကြီးတွေ ပါလာရင် ပိုရှင်းရ လွယ်မယ်လို့ အသေတွက်ရင် မှားတယ်ဆိုတာ မြင်ရတော့မှာပါ။ အိုဘားမား အစိုးရ အနေနဲ့က ဗမာပြည် အရေးဟာ ဘုရှ်ရဲ့ နည်းလည်း မစွံဘူး၊ အာဆီယံ နည်းလည်း မစွံဘူး၊ ဒါကြောင့် ဘယ်နည်း ကောင်းမလဲလို့ ရှာဖွေ စမ်းသပ်နေတာပါ။ ထပ်ပြောပါ့မယ်။ အိုဘားမား အစိုးရဟာ ဗမာပြည် အရေးကို ဘယ်နည်းနဲ့ ချဉ်းကပ် ဖြေရှင်းတာ အကောင်းဆုံးလဲလို့ ရှာဖွေ စမ်းသပ်နေတာ ဖြစ်ပါတယ်။ သူတို့က နိုင်ငံကြီးဆိုတော့ အချိန်စောင့်နိုင်ပါတယ်။ လောစရာမလိုပါ။ သူတို့အဖို့က အရှေ့တောင်အာရှက ဒီအရေးမှာ ငါ့ကိုချန်ထားလို့ မရဘူးနော်လို့ ပြောလိုက် ရရင်ပဲ ရည်ရွယ်ချက် တဝက်ကျော် ပြည့်မြောက်နေပါပြီ။ သူတို့ ဦးတည် လှုပ်ရှားနေတာက ဗမာပြည် ပြည်သူတွေ မဟုတ်ပါဘူး။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ အပါ ဒီဒေသက နိုင်ငံတွေကို ဦးတည်တာပါ။

ကမ်ဘဲလ်လာသွားတာဟာလည်း သူတို့သဘောထားကို ကျယ်ကျယ် ပြန့်ပြန့် ရှင်းပြဖို့ပဲ ဖြစ်ပါတယ်။ ဒီက လူတွေနဲ့ အဖွဲ့ အစည်း တွေရဲ့သဘောထားကို အကျယ်အပြန့် နားထောင်ဖို့က အဓိက မဟုတ်ပါဘူး။ (ဗမာပြည်အကြောင်း၊ ဗမာပြည်ကလူ-အဖွဲ့ အစည်းတွေရဲ့ သဘောထားတွေကို သူတို့ မသိတာလည်း မဟုတ်ပါဘူး)။ သူတို့ လုပ်ချင်တာကို ဒီကလူတွေ နားလည် သဘောပေါက်ဖို့၊ ဒါမှမဟုတ် နောင်အတွက် လမ်းဖွင့်ထားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အခုတော့ အိုဘားမားနဲ့ သိန်းစိန် တွေ့မယ်ဆိုတဲ့ အခြေအနေတောင် ရောက်လာ နေပါတယ်။ ဒီအခါမှာ မီဒီယာတွေက ၁၉၆ဝ ခုနှစ် များတုန်းက ဗိုလ်နေဝင်းနဲ့ အမေရိကန် သမ္မတ ဂျွန်ဆင်တို့ တွေ့ကြတာကို ပြန်ညွှန်း နေကြတာကိုလည်း တွေ့လာရပါတယ်။ ကွန်မြူနစ် ဆန့်ကျင်ရေး အတွက် အမေရိကန်က ဗိုလ်နေဝင်းကို ကျောသပ်ခဲ့တာ၊ အကူအညီ ပေးခဲ့တာတွေကို ထောက်ပြ ကြပါတယ်။ ဒါပေမယ့် သူတို့ လိုသွားတဲ့ အချက်တချက် ကျန်နေတယ်လို့ ထင်ပါတယ်။ အဲဒါက အဲဒီတုန်းက ဝါရှင်တန်နဲ့ မဆလ စစ်အစိုးရ အဆင်ပြေခဲ့တာဟာ အကျိုးစီးပွားချင်း သွားတိုက်ဆိုင် နေလို့ ဖြစ်ပါတယ်။ အမေရိကန် ကလည်း ဗီယက်နမ်စစ်ပွဲ တိုက်နေရတာမို့ ဒီဒေသမှာ ကွန်မြူနစ် ဆန့်ကျင်သူကို ရှာဖွေနေတာဖြစ်ပြီး ဗိုလ်နေဝင်းကလည်း ဗကပ အမြစ်ဖြတ်ရေးကို ဖြတ်လေးဖြတ်နဲ့ အပြတ်အသတ် လုံးပန်းနေချိန် ဖြစ်ပါတယ်။ ဗိုလ်နေဝင်းက ကွန်မြူနစ် ဆန့်ကျင်တာဟာ သူ့အကျိုးစီးပွား ကြောင့်မို့ ဖြစ်ပါတယ်။ အမေရိကန်က နားချလို့ လုံးဝ မဟုတ်ပါဘူး။ ဗမာပြည်က စစ်အုပ်စုတွေ၊ စစ်အာဏာရှင် တွေဟာ တောင်ဗီယက်နမ်က ငိုဒင်ဇင်၊ အင်ဒိုနီးရှားက ဆူဟာတို၊ ဖိလိပိုင်က မားကို့စ်တို့လို အမေရိကန် အကူအညီနဲ့ အာဏာရခဲ့တာ မဟုတ်သလို အမေရိကန်ရဲ့စီးပွားရေး သံသရာကြီးထဲမှာ ကိုယ့်အကျိုး စီးပွားတွေကို ပုံထားရ သူတွေလည်း မဟုတ်ပါဘူး။ အမေရိကန်က ပြောတိုင်းရတဲ့ လူတွေ မဟုတ်ဘူးဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒါဟာ ဗိုလ်နေဝင်း လက်ထက် ကတည်းက ချမှတ်ခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး ဗိုလ်သန်းရွှေတို့ ဖဝါးခြေထပ် လိုက်နေတာလည်း ဖြစ်ပါတယ်။ ဒီလို လျှောက်ဖို့ဟာ သူတို့အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဗိုလ်ချုပ်တွေ အသိဆုံးပါ။ ဒီလို စစ်ဗိုလ်ချုပ်တွေ မျက်စိ မလည်တဲ့ ကိစ္စကို အတိုက်အခံတွေက မျက်စိမလည်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာအသိုင်း အဝိုင်းမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်၊ ဘာမှ မဆန်းတာလို့ မြင်ဖို့လိုပါတယ်။ ဒီလို အပြောင်းအလဲ တွေက ကိုယ်လုပ်စရာ ရှိတာတွေကို မထိခိုက်ဖို့ လိုပါတယ်။ နိုင်ငံတခုနဲ့ တခု ဆက်ဆံမှုကို လိုက်ပြီး ကိုယ့်လုပ်ငန်းစဉ်ကို မပြောင်းဖို့ လိုပါတယ်။

နအဖစစ်အုပ်စုရဲ့အဘိဓာန်ထဲမှာ အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ ဝေါဟာရဟာ မရှိဘူး ဆိုတာ အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေ သိ မသိ မပြောတတ်ပါ။ ငါပြောရင် ရပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလို့ မရတာတော့ သေချာပါတယ်။ နိုင်ငံငယ်တွေက နိုင်ငံကြီးတွေကို နှပ်ကစားတာ၊ နိုင်ငံကြီးတွေက မသိချင်ဟန် ဆောင်ပြီး တမင် အနှပ်ခံတာ ဆိုတာတွေဟာ နိုင်ငံချင်း ဆက်ဆံရေးမှာ မဆန်းတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ခက်တာက ဒီကိစ္စတွေ ဗမာပြည်မှာ လာပေါ်ပေါက်နေတာလားလို့ စဉ်းစားစရာ ဖြစ်နေတာပါပဲ။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့