..............................

Monday, November 9, 2009

နအဖ၏ ဖိအားကို ဝိုင်းဝန်းဆန့်ကျင်သွားရန် မွန်လူငယ် အစည်း အရုံးက ဆုံးဖြတ်

ဝီရ / ၆ နိုဝင်ဘာ ၂၀၀၉

၂၀၁၀ ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်မခံသည့် မွန်ပြည်သစ် ပါတီ၏ သဘောထားကို အပြည့်အဝ ထောက်ခံပြီး နအဖ စစ်အစိုးရ၏ ဖိအားများကို လူထုအခြေပြု လူ့အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး ဝိုင်းဝန်း ဆန့်ကျင်သွားမည်ဟု တိုးတက်သော မွန်လူငယ်များ အစည်းအရုံးက ဆုံးဖြတ်လိုက်သည်။

“ကျနော်တို့ဆုံးဖြတ်တာက မြန်မာ့ဒီမိုကရေစီအရေးနဲ့ မွန်လူမျိုးတို့ရဲ့ တန်းတူ အခွင့်အရေး တိုက်ပွဲကာလမှာ ကျနော်တို့ လူငယ် အစည်းအရုံးက ဖိအားပေး အင်အားစု ကဏ္ဍကနေ နိုင်ငံရေး ပါတီတွေကို ဝန်းရံပြီး ရပ်တည်သွားမယ်။ နိုင်ငံရေး ပါတီတွေအပေါ် နအဖရဲ့ ဖိအားတွေကို မွန်လူငယ်ထု၊ လူထုအခြေပြု Civil Society အဖွဲ့အစည်းနဲ့ အတူ ဆန့်ကျင်သွားမယ်” ဟု တိုးတက်သော မွန်လူငယ်များ အစည်းအရုံး (MYPO) ၏ ဒု-ဥက္ကဋ္ဌ နိုင်ဉာဏ်စိုက်ရာမာန်က ပြောကြားသည်။

MYPO ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ (၃-၄) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေ အနေများကို သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်သုံးသပ်ခြင်း မပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပါက ရရှိသောရလဒ်သည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုင်းရင်းသားတို့၏ တန်းတူအခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ဉာဏ်စိုက်ရာမာန်က “ဒီ ၂၀၁၀ ရွေးကောက်ပွဲကို တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်း ပေါင်းစုံကနေ ကျနော်တို့ လူငယ် အစည်းအရုံးက ဆန့်ကျင်သွားမယ်။ အသေးစိတ်ကိုတော့ ကျနော်တို့ ဆက်လက် ချမှတ်သွားမယ်။ မွန်ပြည်သစ်နဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့တိုရဲ့ ဦးဆောင်မှုအတိုင်း ကျနော်တို့ ခံယူသွားမယ်။ ဝိုင်းရံသွားမယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခင်လက ကျင်းပခဲ့သည့် မွန်လူငယ်များ နှီးနှယ်ဖလှယ်ပွဲတွင် ရွေးကောက်ပွဲ အပေါ် အမြင်သဘောထား၊ အပစ်ရပ် အဖွဲ့တို့၏ အလားအလာတို့နှင့် လူငယ်ထု အတွင်း ညီညွတ်ရေး သေနင်္ဂဗျူဟာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် တိုးတက်သော မွန်လူငယ်များ အစည်းအရုံးကို ယခု ကျင်းပခဲ့သည့် ဒုတိယအကြိမ် ညီလာခံတွင် ခေါင်းဆောင်ပိုင်းကို လူငယ်များနှင့် ပြန်လည် အစားထိုး ခန့်အပ်ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့