..............................

Monday, November 2, 2009

နယ်ခြားစောင့်တပ်ကို မိမိတပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလို ဟု မိုင်းလား တပ်ဖွဲ့ပြော

ခိုင်လင်း / ၃၀ အောက်တိုဘာ ၂၀၀၉

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် (၁ဝ) ဦး ကျော်ပါ အဖွဲ့သည် ဌာနချုပ်ရှိရာ မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ အောက်တိုဘာ (၂၈) ရက်က သွားရောက်ကာ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စအား ဆွေးနွေး ခဲ့ကြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ကို မိမိတပ်ဖွဲ့ဝင်များနှင့်သာ ဖွဲ့စည်း သွားလိုပြီး စစ်သင်တန်း ကိုလည်း မိုင်းလား မြို့တွင်သာ ပြုလုပ်ရန် အတွက် ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့က တင်ပြခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကမူ ပြန်လည် ဆွေးနွေးကြရန်သာ ပြောခဲ့သည်ဟု အမည် မဖော်လိုသည့် မိုင်းလားတပ်ဖွဲ့ အရာရှိ တဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ကိုယ်တိုင်ပါသွားတယ်၊ အားလုံး (၁ဝ) ယောက်ကျော် ရှိမယ်။ ဗိုလ်ချုပ် ရဲမြင့်နဲ့ ကျိုင်းတုံမှာ သွားဆွေးနွေးတာ။ မသွားခင် (၃) ရက်လောက်က ဒီမှာ အဖွဲ့က ခေါင်းဆောင်တွေ အရင် ဆွေးနွေးသေးတယ်။ ပြီးမှ သွားတာ။ အရင်မူ အတိုင်းပဲ နိုင်ငံ တနိုင်ငံမှာ တပ်မတော် တခုတည်း ရှိရမှာကို လက်ခံတယ်။ နယ်ခြားစောင့် တပ်ကို ကိုယ့်အဖွဲ့တွေချည်းပဲ ဖွဲ့မယ်၊ သူတို့တပ်တွေ ပါစရာ မလိုသေးဘူး။ သင်တန်းကို ဒီမှာပဲလုပ်မယ်။ အဲဒါ သွားတင်ပြတာ” ဟု ပြောသည်။

အင်အား (၁,၀၀၀) ကျော်ဝန်းကျင်ရှိ မိုင်းလားတပ်ဖွဲ့ ဝင်များအား နယ်ခြားစောင့် တပ်ရင်း (၂) ရင်း အထိ ဖွဲ့ပေးမည် ဖြစ်ပြီး ကျန်သည့် တပ်ဖွဲ့ဝင် များအား ပြည်သူ့စစ် အဖွဲ့ ဖွဲ့စည်းရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောဆိုထားပြီး နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိသည်ဟု အဆိုပါ မိုင်းလား တပ်ဖွဲ့ အရာရှိက ပြောသည်။

ယခုလ (၂၅) ရက်နှင့် (၂၆) ရက်နေ့တို့ကလည်း လားရှိုးမြို့တွင် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေး ခဲ့ကြပြီး ဝနယ်မြေ အနီးရှိနေသည့် နအဖတပ်များ အရင် ရုပ်သိမ်းပေးမှသာ ဆက်ပြီး ဆွေးနွေးသွားရန် ဝတပ်ဖွဲ့က ပြောဆို ထားသည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့