..............................

Friday, November 6, 2009

ဗဟိုအလုပ်အမှုဆောင်စုံညီ တွေ့ခွင့်မရ၍ ဒေါ်အောင်ဆန်း စုကြည် မကျေနပ်

ကိုထွေး
Thursday, 05 November 2009 18:09

ဦးတင်ဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ (CEC) များနှင့် တွေ့ဆုံရန် စစ်အစိုးရက စီစဉ်သည်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို ခဲ့ခြင်းမှာ ကျေနပ်မှု မရှိ၍ ဖြစ်ကြောင်း NLDက ပြောသည်။

အမေရိကန် ကိုယ်စားလှယ်တို့ မတွေ့ဆုံမီ ဦးတင်ဦးမှ လွဲ၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ် ပေးသော်လည်း ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်ခဲ့သည့် အတွက် ယင်းတွေ့ဆုံမှုမှာ ဖြစ်မြောက်ခဲ့ခြင်း မရှိဟု အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

NLDပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော်သိတာကတော့ ဦးတင်ဦးကို ဖယ်ထားတာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်ဘူး၊ သူက စုံညီစွာ အားလုံး ပါရမယ်၊ ဦးတင်ဦးကလည်း ထိန်းသိမ်း ခံထားရတာ သူ့ကိုပါ ခေါ်ပေးရမယ်၊ ချန်ထားစရာ အကြောင်းမရှိဘဲ ချန်ထားတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှု မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၉ခုနှစ်ထိ ၆ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ CEC တို့ တွေ့ခွင့် ရသည့် အချိန် စုစုပေါင်းမှာ ၇ နာရီ နှင့် ၂၅ မိနစ် သာ ရှိခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က “ဦးတင်ဦးကို ကွက်ပြီး ချန်ထားတယ် ဆိုတာကတော့ မကောင်းဘူးပေါ့၊ ဒီအပေါ်မှာ ဒေါ်စုက မူအရ လက်မခံတာ ဖြစ်တာပါ” ဟုဆိုသည်။

အသက် ၈၁ နှစ် ရှိ NLDဒု ဥက္ကဌ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီး ခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန် နေအိမ်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ် အကျယ်ချုပ် ချခဲ့သည်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင် တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင် နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ခရီးစဉ်အတွင်း စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သကဲ့သို့ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များ ကိုလည်း တွေ့ဆုံခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့