..............................

Tuesday, November 3, 2009

မစ္စတာ ကမ်ဘဲလ်နှင့် တွေ့ဆုံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး အဓိကထား ဆွေးနွေးမည်ဟု တိုင်းရင်းသားခေါင်းဆောင် များ ပြော

မင်းနိုင်သူ / ၂ နိုဝင်ဘာ ၂၀၀၉

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် တွေ့ဆုံ ဖြစ်ပါက ဒီမိုကရေစီ စံနှုန်းများဖြင့် သွေဖည်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြကာ အနာဂတ် မြန်မာ့နိုင်ငံရေးကို အလေးထား ဆွေးနွေးသွားမည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “အဓိက ကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ပါ။ အခု နအဖ ဘက်က တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေက လက်မခံနိုင်သလို၊ နယ်စပ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းခိုင်း တာတွေလည်း အဆင် မပြေဘူး ဆိုတော့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရေရှည်မှာ ဖော်ဆောင်နိုင်မယ် မဟုတ်ဘူး။ ဒါ့ကြောင့် တိုင်းရင်းသား အားလုံး လက်ခံနိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဖို့လိုတယ်။ မပြင်ဘူး ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားတဲ့ ဟိုဘက်မှာလည်း တိုင်းပြည် အခြေအနေက ကောင်းနိုင်ဖွယ် မရှိဘူးဆိုတာကို ပြောပြသွားမယ်” ဟု ပြောသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ် အရ မစ္စတာ ကာ့တ်ကမ်ဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်ကာ စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ သွားမည် ဖြစ်သကဲ့သို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့်လည်း တွေ့ဆုံ သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

မစ္စတာကာ့တ်ကမ်ဘဲလ်၏ ခရီးစဉ်အတွင်း နိုဝင်ဘာ (၄) ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တိုင်းရင်းသား ပါတီများနှင့်လည်း တွေ့ဆုံ လိမ့်မည်ဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။

“အကြောင်းကြားမှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်မှာ တွေ့ကြမယ် ဆိုတဲ့ အသေးစိတ်ကိုတော့ သူတို့ဘက်က မပြောသေးပါဘူး။ အရင်တခါတုန်းက ကျနော်တို့ အဖွဲ့တွေနဲ့တွေ့လို့ မဖြစ်ဘူးဆိုတဲ့ အစိုးရဘက်က ကန့်သတ်မှုတွေလည်း ရှိခဲ့ဖူးတယ် ဆိုတော့ အခုတွေ့ဆုံမှုကလည်း ဖြစ်မဖြစ် မပြောတတ်သေးဘူး” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည့် ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

အကယ်၍ တွေ့ဆုံနိုင်ခဲ့ပါက ၎င်းတို့ ချင်းတိုင်းရင်းသားပါတီ အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စရပ်ကိုသာ အဓိကထား ဆွေးနွေးသွားမည်ဟု ပူကျင့်ရှင်းထန်က ပြောသည်။

မစ္စတာကာ့ကမ်ဘဲလ်နှင့် သူ၏ ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာရှယ်တို့၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် အချက်အလက် များကို စုဆောင်းသွားမည် ဖြစ်ကာ စစ်အစိုးရနှင့် အတိုက်အခံ အကြား တွေ့ဆုံ ဆွေးနွေးရေးများ ဖြစ်ပေါ် လာစေရေးကိုလည်း တွန်းအား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကာ့တ်ကမ်ဘဲလ် ခရီးစဉ်အပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှုများ ရှိလာမည်ဟု မိမိတို့ ယူဆ မထားကြောင်း ဦးအေးသာအောင်နှင့် ပူကျင့် ရှင်းထန်တို့က ပြောဆိုကြသည်။

“သိပ်အများကြီး မျှော်လင့်ထားလို့တော့ မရပါဘူး။ အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ အကြား စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် နအဖ အစိုးရက အမေရိကန်နဲ့ တွေ့ဆုံရေးကို အားသန်တယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးကို အားသန်တယ်။ ကျန်တဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေ ဒီမိုကရေစီရေး ဆောင်ရွက် နေသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုစိတ် မရှိဘူးလို့ ထင်တယ်။ ဒါကြောင့် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အောင်မြင်မယ်လို့ မျှော်လင့်မထားဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

ပိတ်ဆို့အရေးယူမှုများနှင့်အတူ စစ်အစိုးရကို တိုက်ရိုက်ထိတွေ့ ဆက်ဆံ သွားမည်ဆိုသည့် အမေရိကန် မူဝါဒသစ် ပေါ်ထွက် လာပြီးနောက် မစ္စတာ ကာ့တ်ကမ်ဘဲလ်က စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာ စစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။

မစ္စတာကာ့တ်ကမ်ဘဲလ်၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနိုင်ခြင်း ရှိမရှိဆိုသည်မှာ မသေချာသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့