..............................

Thursday, November 5, 2009

တာဝန်မထမ်းဆောင်လိုတော့ကြောင်း အရာရှိတဦး ဖွင့်ဆို

ဗထူး
Wednesday, 04 November 2009 14:19

တပ်မတော်အတွင်း တပ်မှူးများ၊ အရာရှိများအနေဖြင့် ဆက်လက် တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း အမည် မဖော်လိုသည့် တပ်မတော် အရာရှိ တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမည့် အစိုးရနှင့် အနာဂါတ်ကို ယုံကြည်မှု မရှိသည့်အတွက် ယင်းကဲ့သို့ ဆက်လက် မနေလိုတော့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုဆို တချို့တပ်မှူးတွေ၊ အရာရှိတွေ အရပ်ဖက်ကို ငွေပေးပြီး ပြောင်းနေကြတယ်။ အဲဒါကလည်း တိုင်းမှူးတွေနဲ့ အဆင်ပြေပြီးမှ ရတာ။ အနိမ့်ဆုံး လေးသိန်းလောက် ကုန်တယ်။ အခုဟာက တချို့ တပ်တွေမှာ ဆိုရင် အမိန့် မနာခံရင် ပင်စင်လစာပါ မရဘူး ဖြစ်နေတာ။ အရာရှိ တော်တော်များများလည်း အထက်က ဖိအားပေးတာတွေ ခံနေရတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို တပ်မတော်အရာရှိများ အပါအဝင် ကြံ့ဖွံ့ အသွင်ပြောင်းများ၊ စစ်မှုထမ်း ဟောင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များကို ပြင်ဆင် ဖွဲ့စည်းထားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောသည်။

စစ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အပေါ် မည်ကဲ့သို့ သဘောထားသည် ဖြစ်စေ မိမိတို့အနေဖြင့် အားလုံး အဆင်ပြေစေလိုကြောင်း ၎င်းက ပြောသည်။

“အတိုက်အခံပဲပြောပြော၊ ဒေါ်စုကြည်နဲ့ပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်စေချင်ပါတယ်။ တဆက်တည်း ပြောချင်တာက ကျနော်တို့ တပ်မတော်သားတွေ အနေနဲ့ကတော့ တပ်မတော်နဲ့ ပြည်သူ ကြည်ကြည်ဖြူဖြူပဲ သွားချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်အစိုးရ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ကြားဖြတ် အစိုးရဖွဲ့ရန် မဖြစ်နိုင်ကြောင်းနှင့် တပ်မတော်အတွင်း တစုံတရာ မကြားသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မကြာသေးခင်ကလည်း တပ်မတော် အင်ဂျင်နီယာ တပ်မှ အရာရှိတဦးက အင်ဂျင်နီယာ တယောက် အနေဖြင့်သော်၎င်း၊ တပ်မတော်သား တယောက် အနေဖြင့် သော်၎င်း အပြောင်းအလဲသည် အရေးကြီးကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

Ref: ရိုးမ ၃

0 comments:

အပေါ်သို့