..............................

Friday, October 30, 2009

ကေအိုင်အိုနှင့် နအဖ ရှေ့လတွင် ထပ်မံဆွေးနွေးမည်

ခိုင်လင်း / ၂၉ အောက်တိုဘာ ၂၀၀၉

ယခုလ ပထမပတ်အတွင်း ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးမှ တဆင့် နေပြည်တော်ရှိ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား တင်ပြခဲ့မှုနှင့် ပတ်သက်၍ လာမည့်လ အတွင်း ဆွေးနွေးကြရန် ရှိသည်။

ကေအိုင်အိုမှ ပေးပို့သည့်စာထဲတွင် ကေအိုင်အိုအဖွဲ့သည် ပြည်ထောင်စု ထဲမှ ခွဲထွက်ရေးကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၏ ကတိ ကဝတ်များအရ တန်းတူ ညီမျှရေးနှင့် စစ်မှန်သော ပြည်ထောင်စု စနစ်ကို လက်ခံ ရရှိလာပါက လက်နက် စွန့်လွှတ်ရန် ပြင်ဆင် ထားပါကြောင်း ဖော်ပြပါရှိပြီး အဆိုပါ စာနှင့် ပတ်သက်၍ နအဖဘက်မှ တုံ့ပြန်သည့် အနေဖြင့် လာမည့် နိုဝင်ဘာလ အတွင်း ဆွေးနွေးရန် ရှိနေကြောင်း ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ကေအိုင်အိုရဲ့စာကို တုံ့ပြန်တဲ့ အနေနဲ့ ထပ် ဆွေးနွေး ကြတော့မယ်။ မြစ်ကြီးနားက ဆွေးနွေးပွဲတွေက ဧပြီ (၂၈) ရက်နေ့က စလို့ (၈) ကြိမ်လောက် ရှိနေပြီ။ ကေအိုင်အို တောင်းဆို ထားတဲ့ နယ်ခြားစောင့်တပ် အစား ကချင်ဒေသ ကာကွယ်ရေး တပ်ဖွဲ့မယ်၊ လာမယ့် ပြည်နယ် အစိုးရအဖွဲ့ရဲ့ အာဏာ(၃) ရပ်ထဲမှာ တိုက်ရိုက် ပါဝင်နိုင်ရေး ကိစ္စတွေက ဟိုက လုံးဝ လက်မခံတော့၊ အဲဒါနဲ့ အခု စာတင် လိုက်တာနဲ့ ဆွေးနွေးဖို့ လမ်းစတခု ထွက်လာတာပဲ” ဟု ပြောသည်။

နအဖနှင့်ဆွေးနွေးပွဲပြုလုပ်ရာတွင် ခေါင်းဆောင်တာဝန်ယူ ထားသည့် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ကမူ ကေအိုင်အိုက ပေးပို့ခဲ့သည့် စာနှင့်ပတ်သက်၍ နအဖဘက်မှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးကြောင်း ယမန်နေ့က ငြင်းဆိုခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် ညောင်နှစ်ပင်အမျိုးသားညီလာခံ တက်နေစဉ် ၂ဝဝ၄ ခုနှစ် နှစ်လယ်ပိုင်း အတွင်း အပစ်ရပ် အဖွဲ့အစည်း တို့နှင့် စုစုပေါင်း (၁၃) ဖွဲ့ စုပေါင်းပြီး ဥပဒေပြုရေး ဆိုင်ရာ အာဏာခွဲဝေမှု အပိုင်းနှင့် စပ်လျဉ်းသည့် စာတမ်း တစောင်အား လက်မှတ်ရေးထိုး တင်ပြ ခဲ့ကြသည်။

အဆိုပါစာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ကဲ့သို့ အာဏာ ခွဲဝေ ကျင့်သုံးသည့် စနစ်ဖြင့် အချို့သော ကဏ္ဍများ၌ ပြည်ထောင်စု ဥပဒေပြု အဖွဲ့တွင် ရှိနေသော အာဏာများ နည်းတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အာဏာများ ခွဲဝေပေးရေးကို တောင်းဆိုခဲ့ရာ နအဖက လက်မခံဘဲ လျစ်လျူရှုခဲ့သည်။

ကေအိုင်အိုအဖွဲ့အပါအဝင် အပစ်ခတ်ရပ် အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့ရန် နအဖက ကမ်းလှမ်းထားပြီး အဆိုပါ နယ်ခြားစောင့် တပ်ကို နအဖ စစ်တပ်ဘက်မှ အရာရှိနှင့် အခြား အဆင့်များပါ ပူးပေါင်း ဖွဲ့စည်းပြီး ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အောက်တွင် နေရမည် ဖြစ်၍ အချို့အဖွဲ့များက လက်ခံ သဘောမတူ နိုင်သေးဘဲ ဖြစ်နေသည်။

“ဟိုတုန်းက ကချင် (၁)၊ ကချင် (၂)၊ ချင်း (၁)၊ ချင်း (၂) ဆိုတဲ့ တိုင်းရင်းသား ကိုယ်စားပြု တပ်တွေ ရှိခဲ့တယ်။ မဆလ လက်ထက် အထိ။ နဝတလည်း တက်လာရော အဲဒါတွေ ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ အခု ကေအိုင်အိုလည်း နယ်ခြားစောင့်တပ် လက်ခံ လိုက်ရင် အနှစ် (၅ဝ) လောက် လုပ်လာခဲ့တဲ့ ကေအိုင်အေလည်း အဲလို ပျောက်မယ်ဆိုပြီး စိုးရိမ်နေတာ။ ပျောက်မယ့် အတူတူတော့ မထူးတော့ဘူး၊ ဗမာတွေနဲ့ အတူ တန်းတူ ညီမျှရေးတွေ ရလာရင် လက်နက်စွန့်ပြီး ကေအိုင်အေ အဖွဲ့ပါ ဖျက်ဖို့အထိ စဉ်းစားလာတာ” ဟု ကေအိုင်အိုနှင့် နီးစပ်သည့် ကချင်အမျိုးသားတဦးက ပြောသည်။

နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကေအိုင်အိုက စာရေး တင်ပြခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကေအိုင်အိုမှ တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ် မရရှိပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့