..............................

Tuesday, October 27, 2009

လောက်ကိုင်မြို့တွင် (၁၀) လုံးထက်မနည်း ဗုံးများ ဆက်တိုက် ပေါက်ကွဲ

ခိုင်လင်း / ၂၆ အောက်တိုဘာ ၂၀၀၉

ယခုလ (၂၄) ရက်နေ့ ညပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံး (၁၀) လုံးထက် မနည်း ဆက်တိုက် ပေါက်ကွဲ ခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် လောက်ကိုင်မြို့ပေါ်အပါအဝင် နေရာ အနှံ့တွင် ဖြစ်ပွားခဲ့ပြီး ကိုးကန့် ရုပ်မြင်သံကြား ထုတ်လွှင့်နေသည့် အဆောက်အဦးနှင့် လက်ကျန် ကိုးကန့် တပ်ဖွဲ့၏ ဥက္ကဋ္ဌ တာဝန် ယူထားသူ ပိုင်စုံချိန်၏ လောင်းကစား ရုံတို့တွင် ဆိုးဆိုးဝါးဝါး ပေါက်ကွဲခဲ့ပြီး လူ အသေ အပျောက်များ ရှိခဲ့သည်ဟု လက်ရှိ ကိုးကန့် တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံ တဦးက ပြောသည်။

၎င်းက “တီဗွီလွှင့်တဲ့ဌာန အဆောက်အဦးကြီး ကတော့ ပြိုကျသွားတယ်။ အခု ကိုကန့် အဖွဲ့ ဥက္ကဋ္ဌ ပိုင်စုံချိန်ရဲ့ လောင်းကစား ရုံလည်း အတော်လေး ပျက်သွားတယ်။ အထိအခိုက် တွေတော့ရှိတယ်။ ဘယ်လောက် ထိခိုက်တယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်း ကတည်းက စ၍ ကိုးကန့် ဒေသ တခုလုံးတွင် လောက်ကိုင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်များ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်အချို့၊ တပ်မ (၃၃) လက်အောက်ခံတပ် အချို့၊ သိန်းနီ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်များ ဝင်ရောက်နေပြီး လက်နက်ပုန်းများ မြေလှန် ဖော်ထုတ် နေချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားမှုသည် ကိုးကန့်ဒေသ တည်ငြိမ်မှု မရှိသေးကြောင်း ပြသနေခြင်းပင် ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်က ဖုန်လောက် သြဇာမရှိဘူး။ အခု ဖွဲ့လိုက်တဲ့ ကိုးကန့်ရုပ်သေး အဖွဲ့ထဲမှာတောင် ကွဲနေတာ။ ပိုင်စုံချိန်က တဖွဲ့၊ မင့်ရွှေချန်းက တဖွဲ့၊ ဝေစန်းက တဖွဲ့၊ တပ်သားတွေလည်း အပြိုင်အဆိုင် စုနေတာ။ ပိုင်စံချိန်ရဲ့ လောင်းကစားဝိုင်း ကိုလည်း ချတယ်ဆိုတာ နည်းနည်းတော့ စဉ်းစားစရာ ရှိတယ်။ ခန့်မှန်းရတော့ ခက်တယ်။ ဖုန်အဖွဲ့တို့ထက် သူတို့ထဲက လူတွေ အချင်းချင်းလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုးကန့်ဒေသအတွင်း ဒေသမတည်မငြိမ် ဖြစ်ပ်ါလာခြင်းသည် နိုင်ငံရေးအရ မကောင်းသော်လည်း ဒေသ တခုလုံးကို နအဖ ဆက်လက် ထိန်းထားနိုင်ပြီး သူ့အတွက် အကျိုး အမြတ်သာ ဖြစ်စေသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန် ဦးဆောင်သည့် အဖွဲ့က ကိုးကန့် တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင်ထံမှ အာဏာသိမ်းရန် ကြိုးစားခဲ့ပြီး လောက်ကိုင် ဒေသအတွင်း နအဖတပ်များ ဝင်ရောက်ရာမှ အစပြု၍ ကိုးကန့်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင် ဦးဆောင်သည့် အဖွဲ့ ကိုးကန့် ဒေသမှ ဆုတ်ခွာ ခဲ့ရပြီး နောက်ပိုင်းတွင် ပိုင်စုံချိန် ဦးစီးပြီး ကိုးကန့် တပ်ဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့