..............................

Monday, October 26, 2009

ကချင်ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့် တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့မည်

ခိုင်လင်း / ၂၃ အောက်တိုဘာ ၂၀၀၉

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံလိုက်သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) အဖွဲ့ ထိန်းချုပ် နယ်မြေအတွင်း နယ်ခြားစောင့် တပ်ရင်း (၃) ရင်း ဖွဲ့စည်းရန် အတွက် တပ်မြေနေရာ သတ်မှတ် ထားသည်။

အန်ဒီအေကေအား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး တပ်ရင်း အမှတ် (၁ဝဝ၁) ကို ချီဗွေမြို့ အရှေ့မြောက်ဘက်၊ တရုတ်-မြန်မာ နယ်စပ်ရှိ ဖီမော် ကျေးရွာ အနီးတွင်လည်းကောင်း၊ တပ်ရင်း အမှတ် (၁ဝဝ၂) ကို ချီဗွေနှင့် အန်ဒီအေကေ ဌာနချုပ် ပန်ဝါ အကြားရှိ လုပိ ကျေးရွာ အနီးတွင်လည်းကောင်း၊ တပ်ရင်း အမှတ် (၁ဝဝ၃) ကို ဆဒုံးမြို့နယ်၊ ကန်ပိုက်တီး ကျေးရွာ အနီးရှိ စင်ကျိုင် ကျေးရွာတွင်လည်းကောင်း တပ်မြေနေရာ သတ်မှတ် ထားပြီး ဖြစ်ကြောင်း အန်ဒီအေကေ အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့သည့်လကတည်းကပဲ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က စစ်ဦးစီး ပထမတန်း အရာရှိနဲ့ မြေစာရင်း ဌာနက မြေ လာတိုင်းတာတွေ လုပ်ထားပြီးပြီ။ အခုတော့ ဘယ်တပ်ကို ဘယ်နေရာချမယ် ဆိုတာ အတည် ဖြစ်သလောက် ရှိနေပြီး တပ်ရင်း နံပါတ်ကတော့ ဂဏန်း လေးလုံးပဲ။ ရှေ့မှာ အက္ခရာ တပ်မယ်၊ နခရလား မသိဘူး” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ရင်း (၁) ခုလျှင် နအဖစစ်တပ်ဘက်မှ (၂၇) ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ (၂၉၉) ဦး၊ စုစုပေါင်း (၃၂၆) ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် နအဖက စတင် ကမ်းလှမ်း ခဲ့စဉ်ကတည်းက ပြောဆို ထားခဲ့၍ ယခု အန်ဒီအေကေ အဖွဲ့အား တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းလျှင် တပ်ရင်း ဖွဲ့စည်းပုံ ပြည့်နိုင်မည် မထင်ကြောင်း အန်ဒီအေကေ အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဖီမော်ဘက်မှာလည်း သုံးလေးရာ အလွန်ဆုံးကွာ။ အဲဒီထဲမှာ ထိန်ချုန်း ဘက်က တရုတ်တွေက ပါသေးတယ်။ ပန်ဝါ၊ ကန်ပိုက်တီး ဆိုတာကလည်း ဘာရှိတာ မှတ်လို့။ ဒီအထဲမှာ နားချင်တဲ့သူ နားဆိုလို့ တချို့တွေ တပ်ကနေ ထွက်နေကြတယ်။ ဆိုတော့ အလွန့်အလွန်ဆုံး တပ်ရင်း (၂) ရင်းစာ လူ (၆၀၀) ဝန်းကျင်ပေါ့ကွာ၊ ဒါပဲရှိတာ။ သူတို့အစောပိုင်းက ညှိထားတဲ့ အရဆို အမှန်တကယ် ရှိရမှာက (၉၀၀) လောက် ရှိမှဖြစ်တာ။ ဆွေးနွေးတုန်းကလို လူ (၃၂၆) ယောက်မဟုတ်ဘဲ (၂၀၀) ကျော်လောက်နဲ့ ဖွဲ့မလား မသိတော့ဘူး” ဟု ပြောသည်။

အမည်မဖော်လိုသည့် ဖီမော်ရှိ အန်ဒီအေကေ အရာရှိတဦးက တပ်ဖွဲ့ဝင် အချို့ မြစ်ကြီးနား မြို့နယ်၊ ပြင်ထောင် ကျေးရွာ စစ်သင်တန်း ကျောင်းတွင် သင်တန်း တက်ရောက်နေပြီး သူတို့ ပြန်လာပါက ပြန်ပြီး သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး နအဖစစ်တပ်တွင် သင်တန်း သွားတက်စရာ မလိုကြောင်းသာ ပြောဆိုပြီး အသေးစိပ် ပြောဆိုရန် ငြင်းဆိုသည်။

အန်ဒီအေကေ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း အပါအဝင် အသက်အရွယ် ကြီးသူ ခေါင်းဆောင်ပိုင်း အချို့ နိုင်ငံရေး ပါတီထောင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ရန် ရှိနေသကဲ့သို့ ၂ဝဝ၅ ခုနှစ်၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့အတွင်း အာဏာသိမ်း အရေးအခင်း၌ အရေးနိမ့်ကာ အန်ဒီအေကေ အဖွဲ့ထံ ရှောင်တိမ်း ခိုလှုံခဲ့ရသူ ဗိုလ်မှူးကြီး ဒွဲလာ အပါအဝင် အချို့ ခေါင်းဆောင်ပိုင်း ကမူ ဘယ်မှ မပါတော့ဘဲ အနား ယူတော့မည်ဟု အန်ဒီအေကေ သတင်း ရပ်ကွက်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲမှု အခြေအနေနှင့် ပတ်သက်၍ အန်ဒီအေကေ ခေါင်းဆောင်များကို ဖုန်းဆက်သွယ်၍ မရရှိပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့