..............................

Friday, October 30, 2009

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် မိုင်းလား တပ်ဖွဲ့ ငြင်းဆန်၍ မရတော့

ကြာသပတေးနေ့၊ 29 အောက်တိုဘာလ 2009

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေး အစီအစဉ် ဆက်လက် ငြင်းဆန်ရန် အမျိုးသား ဒီမိုရက်တစ် တပ် ပေါင်းစု - သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလား အထူးဒေသ ၄ တပ် ဖွဲ့ အခြေအနေ မရတော့ကြောင်း ခိုင်လုံသည့် ထိုင်းနယ်စပ် သတင်း ရပ်ကွက်က ပြောပါသည်။

အောက်တိုဘာ၂၈ ရက် ဥက္ကဌကြီး ဦးစိုင်းလင်း ခေါင်းဆောင်သည့် မိုင်းလား ကိုယ်စားလှယ် အဖွဲ့က ကျိုင်းတုံ ရောက် ဗိုလ်ချုပ် ရဲမြင့်နှင့် သွားရောက် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ တခွန်းတပါဒမျှ ဈေးဆစ်၍ မရကြောင်း၊ မိုင်းလားအဖွဲ့၏ စက်တင်ဘာ ၂၃ ရက်ပါ စစ်အစိုးရထံ ပေးပို့သည့် စာအတိုင်း မူအရ နယ်ခြားစောင့်တပ် လုပ်တန်လျှင် လုပ်မည် ဟူသော အချက်ကိုသာ ဗိုလ်ချုပ်ရဲမြင့် ကိုင်စွဲ ဖိပြောလိုက်ကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

“တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးဒေသ နဲ့ တပ်မဟာ ၉၁၁ ထိန်းချုပ် နယ်မြေ နမ့်ပန်းဒေသကို မိုင်းလားမြို့ နယ်ထဲ ထားခွင့် မပေးတော့ဘူး၊ ဆီလူးဆိုရင် မိုင်းယန်းမြို့နယ်၊ နမ့်ပန်း ဆိုရင်လဲ မိုင်းယောင်း မြို့နယ်ဘဲ ဖြစ်ရမယ်တဲ့။ ဌာနေ ပြည်သူ့စစ်လဲ လုပ်ခွင့်လဲ မရဘူး၊ တပ်ရင်းတိုင်း နအဖ စစ်အရာရှိ ၃၀ ပါဝင်တဲ့ နယ်ခြားစောင့် တပ်ဘဲ လုပ်ရမယ်။ စစ်အစိုးရ သတ်မှတ်ထားတဲ့ သင်တန်း နေရာကိုဘဲ သွားတက်ရမယ်” - ဟု ဗိုလ်ချုပ်ရဲမြင့် က ပြောသေးကြောင်း ဆို၏။

နယ်ခြားစောင့်တပ်လုံးဝ အသွင်ပြောင်းလဲရေး ကိုသာ ဗိုလ်ချုပ်ရဲမြင့် အပေါ်စီး ဖိပြောခဲ့သော်လည်း မိုင်းလား အဖွဲ့ အနေဖြင့် မည်သို့လက်ခံပြီး မည်မျှ လိုက်နာမည်ကို မဆုံးဖြတ်ရ သေးကြောင်း၊ ယခု အခြေအနေမှာ ၀ တပ်ဖွဲ့ ပန်ဆန်း ဌာနချုပ်နှင့်လည်း ဆက်စပ် နေကြောင်း၊ PDF အဖွဲ့ဝင် ကိုးကန့်ဒေသ လက်လွတ် ဆုံးရုံးပြီးနောက် မိုင်းလား တပ်ဖွဲ့ နယ်မြေ အရှုံးခံမည် မခံမည် ဟူသော အချက်အပေါ် မူတည်နေကြောင်း၊ မိုင်းလား ခေါင်းဆောင်များ ထပ်မံ အစည်းအဝေး ထိုင်ပြီး ပန်ဆန်း နှင့် သွားဆွေးနွေး ရဦးမည် ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့၏ ရပ်တည်မှုနှင့် ဆုံးဖြတ်ချက်လည်း အရေးပါကြောင်း - အဆိုပါဆိုစ့်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့