..............................

Friday, April 10, 2009

ဝ တပ်ဖွဲ့ အနှစ် ၂ဝ ပြည့်ပြီ

Thursday, 09 April 2009

အပစ်ရပ် တိုင်းရင်းသား အဖွဲ့များတွင် အကြီးဆုံး အဖွဲ့ ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က “ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် (၂ဝ) ပြည့် အထိမ်း အမှတ် ပွဲတော်” ကို ယခုလ ၁၇ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။

မတ်လ ၁ ရက်နေ့စွဲဖြင့် ဖြန့်ဝေခဲ့သော အနှစ် ၂ဝ ပြည့် အထိမ်း အမှတ်ပွဲ ဖိတ်ကြားစာတွင်လည်း “မြန်မာ နိုင်ငံ အထူး ဒေသ (၂)၊ ‘ဝ’ ပြည်နယ် အစိုးရ” ဟု ဖော်ပြထားသည်။ UWSA က အဆိုပါ “ပြည်နယ် အစိုးရ” ဟူသော အသုံး အနှုန်းကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ ယမန်နှစ်က အတည်ပြုခဲ့သည့် “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ထည့်သွင်း ပြဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နှင့် ပန်ဆန်း(ပန်းခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ အဆိုပါ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

သို့သော်လည်း UWSA သည် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ၎င်း၏ သဘောထားကို တရားဝင် ကြေညာခြင်း မပြုရသေးဟု အကဲခတ်များက ဆိုသည်။ ၎င်းတို့၏ ဒေသသို့ စစ်အစိုးရ အကြီးတန်း အရာရှိတချို့ သွားရောက်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးရာတွင် ဝ ခေါင်းဆောင်များက အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေးကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

UWSA သည် တခြားသော တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ ကဲ့သို့ပင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ရန် ဖိအားပေးခံနေရသည်။ အခြေခံ ဥပဒေသစ်တွင် ပြဌာန်းထားချက်များအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ ပြီးသည့်အခါ လက်နက်ချရမည် ဖြစ်သည်။

UWSA တွင် စစ်သည်အင်အား နှစ်သောင်း ဝန်းကျင်ရှိမည်ဟု ယူဆရသည်။ ခေါင်းဆောင်ဖြစ်သူမှာ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ၏ အမှတ် ၆၈၃ တပ်မဟာတွင် တပ်မဟာမှူး အဖြစ် တာဝန်ယူခဲ့သူ ဦးပေါက်ယူချန်း ဖြစ်သည်။

ဝ တပ်ဖွဲ့များက ဗကပ ၏ လက်နက်ကိုင် အင်အားစုအဖြစ်မှ ၁၉၈၉ ခုနှစ် မေလတွင် ခွဲထွက်ခဲ့ပြီးနောက် UWSA အဖြစ် ဖွဲ့စည်း ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ် နိုဝင်ဘာလတွင် UWSA နှင့် နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ထိုအချိန်က ကိုးကန့်တိုင်းရင်းသား တပ်ဖွဲ့များကလည်း ဗကပ လက်အောက်မှ ခွဲထွက်ခဲ့သည်။

ထိုနှစ်တွင်ပင် UWSA သည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။ စီးပွားရေး လုပ်ပိုင်ခွင့်များ၊ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ပေးခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသား အဖွဲ့များနှင့် အပစ်ရပ်ခဲ့ခြင်းသည် ပြည်တွင်းရေး မတည်မငြိမ်ဖြစ်မှုကို လျှော့ချရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း အကဲခတ်များက ပြောကြသည်။ ထို့ကြောင့် တိုင်းရင်းသား အဖွဲ့များနှင့် အပစ်ရပ်ရေး သဘောတူညီချက် ရယူခဲ့ခြင်းသည် အနာဂတ်တွင် ကြီးမားသည့် အန္တရာယ်များနှင့် ကြုံတွေ့ရမည်၊ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပဋိပက္ခများ ရှိနေပြီး နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

“အဆိုပါ အဖွဲ့များသည် အနာဂတ် မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေး၊ အချုပ်အခြာ အာဏာတို့ကို ခြိမ်းခြောက်နေသည်၊ ၎င်းတို့က စီးပွားရေး အကျိုးအမြတ်များကို ကာကွယ်ရန် ပြန်လည် တိုက်ခိုက် လာနိုင်သောကြောင့် ဖြစ်သည်” ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့၏ အစီရင်ခံစာ တစောင်တွင် သုံးသပ်ထားသည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ဗကပ မှ ခွဲထွက်ကြခြင်းမှာ ပထဝီ နိုင်ငံရေးကြောင့် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။ ၁၉၇၈ မှ စပြီး တရုတ်နိုင်ငံက ဗကပ ကို အထောက်အပံ့များ ရပ်ဆိုင်းလိုက်သဖြင့် ဗကပ ၏ လက်နက်ကိုင် တော်လှန်ရေး စတင် အင်အား ချိနဲ့ခဲ့သည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ဗကပ ကို ပုန်ကန်ပြီး ခွဲထွက်ကြခြင်းမှာ တရုတ်နိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်း၊ ဗကပ ခေါင်းဆောင်ပိုင်းအတွင်း ပဋိပက္ခတို့ကြောင့် ဖြစ်သည်ဟု ဗကပ အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ မြန်မာ့အရေးလေ့လာနေသည့် တရုတ် မြန်မာနယ်စပ်မှ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။

“ဝ နှင့် ကိုးကန့် ငြိမ်းချမ်းရေး မယူခင်တုန်းက ဆိုရင် ဗကပ တပ်တွေကို ရင်ဆိုင်ဖို့ ချထားတာ တပ်မ ၅ ခု ရှိတယ်။ ဗကပ က စစ်ရေးလှုပ်ရှားမှု ဘာမှ မရှိတော့တဲ့အချိန်မှာ တပ်မ ၁ ခုပဲ ထားပြီး ကျန်တာတွေကို တခြားဒေသတွေကို ရွှေ့လိုက်တယ်” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

အဆိုပါတပ်များကို ကရင်ပြည်နယ်သို့ ရွှေ့လိုက်သဖြင့် မာနယ်ပလော၊ ဝမ်ခ စသည့် အခိုင်အမာ သူပုန်စခန်းကြီးများကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဝ ဒေသတွင် မြန်မာကျပ်ငွေထက် တရုတ် ယွမ်ငွေကို ပိုမို အသုံးပြုနေဆဲဖြစ်သည်။ UWSA နှင့် တရုတ်နိုင်ငံသည် လက်နက် ကုန်ကူးမှုများ ပြုလုပ်လျက်ရှိသည်။ ၂ဝဝ၈ ခုနှစ် မေလက Jane’s ထောက်လှမ်းရေး စာစောင်တွင် ဖော်ပြထားချက်အရ UWSA သည် အိန္ဒိယသူပုန်အဖွဲ့များနှင့် တရုတ်ပြည်မှ လက်နက် ထုတ်လုပ်သူများအကြား ပွဲစားအဖြစ် အကျိုးဆောင်ပေးခဲ့သည်ဟု ဆိုသည်။

မြန်မာပြည်မှ လက်နက်ကိုင် အဖွဲ့များ အပစ် အခတ် ရပ်စဲရာမှ ကမ္ဘာ့ မူးယစ်ရာဇာတချို့ ပေါ်ထွန်းလာသည်။ “UWSA သည် အရှေ့တောင်အာရှတွင် ဘိန်းဖြူ အများဆုံး ထုတ်လုပ်သူဖြစ်သည်၊ နိုင်ငံတကာတွင်ပင် အများဆုံး ထုတ်လုပ်သူ ဖြစ်နိုင်သည်” ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာများက ဖော်ပြထားသည်။

UWSA ခေါင်းဆောင် တဦးဖြစ်သူ ဦးဝေရှောက်ခမ်းကို ဖမ်းဆီးမိရန် သတင်းပေးနိုင်ပါက ဒေါ်လာ ၂ သန်း ချီးမြှင့်မည်ဟု အမေရိကန် ပြည်ထောင်စုက ကြေညာထားသည်။

ရှမ်းပြည်နယ်တွင် ဘိန်းမှလွဲ၍ တခြား သီးနှံများ ဖြစ်ထွန်းရန် လွန်စွာ ခက်ခဲသဖြင့် ဘိန်းစိုက်ပျိုးမှုက ဝ နှင့် ကိုးကန့် အပါအဝင် တိုင်းရင်းသား အဖွဲ့များအတွက် ရိုးရာလုပ်ငန်းတခု ဖြစ်နေသည်ဟု လေ့လာသူများက ဆိုသည်။

၁၉၆ဝ နောက်ပိုင်းတွင် ဗကပ က ၎င်းထိန်းချုပ်သည့် ဒေသတွင် ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပြုထားသည့် အဆိုပါ လုပ်ငန်းများကို ရပ်စဲခဲ့သည်။

၁၉၈၂ တွင် တရုတ်နိုင်ငံက အကူအညီပေးမှုအားလုံး ရပ်ဆိုင်းလိုက်သဖြင့် လက်နက်ကိုင် တပ်များအား ထောက်ပံ့နိုင်ရန်
ဗကပ က ဘိန်းလုပ်ငန်းအပေါ်တွင် မှီခိုလာရသည်။ ဝ တပ်ဖွဲ့များက ဗကပ ထံမှ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းတွင်ဘိန်းကုန်ကူးမှု လုပ်ငန်းက ဝ ခေါင်းဆောင်များ၏ လက်ထဲသို့ ရောက်သွားသည်။

အပစ်ရပ်ပြီးနောက်တွင် ဝ ခေါင်းဆောင်များသည် ၎င်းတို့က ဝ ဒေသ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု တို့ကို အာရုံ စိုက်ခဲ့သည်။ အပစ်ရပ်ထားသည့် ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း လူငယ်များအတွင်း မျိုးချစ်စိတ် ရှိစေရန် ခေါင်းဆောင်များက ဆောင်ရွက်နိုင်ခဲ့သည်ဟု အဆိုပါဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဦးအောင်ကျော်ဇောက ဆိုသည်။

“ဟိုတုန်းကတော့ သူ့ပြည်ကို သူချစ်ရကောင်းမှန်း သိပ်မသိဘူး။ ဒီတောင်ကုန်း မကျအောင်တော့ ငါတို့ ကာကွယ်မယ် ဆိုတာလောက်ပဲ ရှိတယ်။ ကွန်မြူနစ်ပါတီရဲ့ ဒေသ ကာကွယ်ရေးဆိုတာပဲ ရှိတယ်။ ဝ ပြည်နယ်ကြီး ကာကွယ်ရအောင် ဆိုတဲ့ စိတ်မျိုး ဟိုတုန်းက မပေါ်ဘူး။ ခုတော့ ပေါ်ပြီ၊ ငါတို့အမျိုးသားနဲ့ ငါတို့ပြည် ဆိုတာတော့ ပေါ်ပြီ” ဟု ဦးအောင်ကျော်ဇောက ရှင်းပြသည်။

ဝ တို့က ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ထူထောင်လိုမှုသည် အနာဂတ်တွင် ပဋိပက္ခများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက ဆိုသည်။

Jane’s ထောက်လှမ်းရေး စာစောင်၏ အဆိုအရ အပစ်အခတ် ရပ်စဲခြင်း၏ ရလဒ်ကြောင့် ယခုအခါ ဝ တပ်ဖွဲ့ ခေါင်းဆောင်များ မူးယစ်ဆေး လုပ်ငန်းဖြင့် ကြွယ်ဝနေသည်၊ ထို့အပြင် ဝ တပ်ဖွဲ့သည် SSA ခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကဲ့သို့သော လက်နက်ကိုင် အဖွဲ့များကို ရင်ဆိုင်မည့် အင်အားစု ဖြစ်လာသည်။

Ref: ဧရာဝတီ

....

0 comments:

အပေါ်သို့