..............................

Tuesday, April 7, 2009

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကွယ်လွန်

ဆလိုင်းပီပီ
တနင်္လာနေ့၊ ဧပြီလ 06 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင် လွတ်မြောက်ရေး အဖွဲ့၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဖုန်ကန်ဇော်နန်သည် အသက် ၆၂ နှစ်အရွယ်တွင် တရုတ်-မြန်မာနယ်စပ်၌ ကင်ဆာရောဂါဖြင့် ယနေ့ ကွယ်လွန်သွားသည်။

စစ်အစိုးရနှင့် အပစ်ရပ် သဘောတူထားသည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင် တပ်မတော် KIA အရာရှိတဦးက အမည်မဖော်ဘဲ ပြောကြားရာတွင် ဗိုလ်မှူးချုပ် ဖုန်ကန်ဇော်နန်သည် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIA စစ်ဆေးရုံ၌ ယနေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်အချိန်တွင် ကွယ်လွန်သွားသည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“သူ ကင်ဆာရောဂါနဲ့ ဒီနေ့ မနက်ပဲ ကွယ်လွန်သွားတာပါ။ ဒါပေမဲ့ ဘာကင်ဆာရောဂါနဲ့ ဆုံးတယ်ဆိုတဲ့ အသေးစိတ်တွေတော့ မသိပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

သေဆုံးမှုကြောင့် အဖွဲ့အစည်းကို မည်သို့ထိခိုက်မှု ရှိနိုင်ပါသလဲဆိုသည်ကို မေးမြန်းရာ သူက “အခုအချိန်က ပြောဖို့ သိပ်စောပါသေးတယ်။ ကျနော်တို့ အစည်းအဝေး ထိုင်ရပါအုံးမယ်” ဟုသာ ဖြေကြားသွားသည်။

ဗိုလ်မှူးချုပ် ဇော်နန်သည် KIA ဒုဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခြင်း မခံရမီ တပ်မဟာ ၄ တွင် တပ်မှူးအဖြစ် တာဝန်ယူခဲ့သည်ဟု KIA အရာရှိ၏ အပြောအရ သိရသည်။

ဤအတောအတွင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်နန်သည် အမျိုးသားရေးတွင် အလယ်အလတ် အမြင်ရှိသူဟု သိရှိနားလည်ထားကြပြီး၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတွင် ကျွမ်းကျင်မှု ရှိသူဟု ဆိုသည်။

“သူက သူ့ရဲဘော်တွေနဲ့ ကြီးကြီးငယ်ငယ် တရင်းတနှီးနေတာ။ တခြားလူတွေနဲ့ မတူဘူး။ ပျော့ပျော့ပျောင်းပျောင်း ရှိတယ်” ဟု ဦးအောင်ကျော်ဇော်က ပြောသည်။

“ဒါ KIA နဲ့ KIO အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုပဲလို့ ကျနော် ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

KIA ကို ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်း ထူထောင်ခဲ့သည်။ KIO နှင့် ယင်း၏ လက်နက်ကိုင် တပ်မတော် KIA သည် စစ်အစိုးရနှင့် အပစ်ရပ် သဘောတူညီချက်ကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရရှိခဲ့သည်။

KIO မှ စေလွှတ်သော ကိုယ်စားလှယ်များသည် ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်း ရေးဆွဲခဲ့သည့် ၁၅ နှစ်ကြာ ပြုလုပ်ခဲ့သော အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။

ဤအတောအတွင်း KIO ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာက KIO ၏ အချို့သော အရပ်ဘက် ခေါင်းဆောင်များသည် သီးခြား နိုင်ငံရေးပါတီတရပ်ကို ဖွဲ့စည်း၍ ၂ဝ၁ဝ ခုနှစ်တွင် စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။

ဗိုလ်မှူးချုပ် ဖုန်ကန်ဇော်နန်၏ ရုပ်ကလာပ်ကို ယခုလ ၈ ရက်နေ့တွင် စစ်ရေးအခမ်းအနားဖြင့် လိုင်ဇာ၌ သဂြုင်္ိဟ်မည် ဖြစ်သည်။

Ref: မဇ္ဈိမ

....

0 comments:

အပေါ်သို့